STARTING OUR WEBSITE
Published at 1st. JANUARY. 2013

Sunday, December 23, 2012

ခုတလော ကျနော်





ရှည်ရှည်ဝေးဝေး ပြောရင်တော့ ရှည်ရှည်ဝေးဝေးတွေ ဖြစ်နေဦးမှာပါပဲ။ တိုတိုတုတ်တုတ်ပဲ ခုတလော ကျနော် ကို ဆက်ပါရစေ။ လူတစ်ယောက်ရဲ့ ဘဝမှာ အလှည့်အပြောင်းတွေ ဘယ်လောက်တောင် ကြုံနိုင်မလဲ၊ အဲ တိုတို တုတ်တုတ် ဆိုပေမယ့် ခုတလော အဲ့ဒါကြီးကို ရှည်ရှည်ဝေးဝေး ကို တွေးနေမိပြန်ရော။ အတက်ပဲ ဖြစ်ဖြစ် အကျပဲဖြစ်ဖြစ် တန့်နေတာပဲ ဖြစ်ဖြစ် လူတိုင်းက အချိန်တိုင်းတော့တစ်ခုခု ပြောင်းလဲနေရတာပဲ မဟုတ်လား။ ပြောရင် အကြီးကြီး အကျယ်ကျယ်တွေ ထပ်ဖြစ်ကုန်ပါဦးမယ်။ ထားဦးစို့။ ခုက အနုပညာကိစ္စ ဘဝဒဿန မဟုတ်တော့ ဒီကိစ္စ ဒီမှာတင် ရပ်ဖို့ တန်ပါရဲ့။ ကျနော့်မှာ ကဗျာလေးစာလေး နည်းနည်းပါးပါး ရေးဖူးပါရဲ့။ အပေါင်းအသင်းရောင်းရင်းမိတ်ဆွေ တွေကတော့ အားနာပါးနာ ကောင်းပါတယ် လို့ ကွန်းမန့် ကြပါရဲ့။ ဒါကိုပဲ ကိုယ့်မှာ အထင်ကြီးတစ်ခွဲသားနဲ့ အဲ့သလို။ ခုတော့ ကဗျာတွေ စာတွေနဲ့ ဝေးနေတာ တစ်နှစ်နီးပါးတောင် ရှိပေါ့။ ရေစက်ကျန်သေးလို့ပဲ လို့ မှတ်ယူပါတယ်။ ခုတလော ကျနော်နဲ့ ပဲ ပြန်ပွေ့ဖက်ပါရစေ။ ခုလို ပြန်ပွေ့ဖက် ခွင့်ရအောင် ကျေးဇူးပြုတဲ့ ကျုံတိုင်းကိုလဲ မတုံ့ဆိုင်းပဲ ကျေးဇူးအထူးပါ လို့။
ကျနော်လုပ်တဲ့အလုပ်က အရပ်စကားနဲ့ ပြောရရင် ပွဲစား၊ ကြီးကြီးကျယ်ကျယ် အမည်တပ်ရရင်တော့ အကျိုးဆောင်ပေါ့။ ပွဲစား ဆိုတော့ ပွဲစကားလဲ ခဏခဏ ပြောရရဲ့။ ဦးခေါင်းရဲ့ သုံးပုံနှစ်ပုံ နေရာလောက်မှာ ရှိတဲ့ နှစ်လက်မလောက် အပေါက်ကလေး နဲ့ အလုပ်လုပ်ရတဲ့ အလုပ်ပါ။ မောပါတယ်။ အကြီးကြီး ကို မောပါတယ်။ အာပေါက်တယ် ဆိုတဲ့ စကားကို သေသေချာချာ နားလည်ချင်ရင် ပွဲစားလုပ်ကြည့်ပါ။ ရေးတဲ့စာ ဘာတွေ မှန်းမသိ ဖြစ်ရအောင် ကျနော့် အလုပ်ကို အရင်မိတ်ဆက်ရတာပါ။ အဲ ကံကောင်းတော့လဲ ပွဲလေး ဘာလေး အပ်ရင် အလုပ်ဖြစ်တာပေါ့။ ပွဲဖြစ်တော့လဲ နိပ်တာပေါ့။ ပွဲစားဆိုတာ အဲ့သလို။ အကျင့် ပါနေတာပေါ့။ စာထဲပေထဲမှာတောင် ပွဲစကားနည်းနည်း ထည့်ပြောမိပြန်ပြီ။ အကျင့်က ပါသွားပြီ၊ စွဲသွားပြီ၊ ဖြတ်တောက်ဖို့ ခက်ခဲသွားပြီ။ ရောင်းမည်၊ ငှားမည် ဆိုတာမမြင်လိုက်နဲ့ မြင်လိုက်ရင်ကို ဟောသည့်က ပွဲစားက ပွဲစကားလေး နဲနဲ ပြောကြည့်ချင်နေပြီ။ တလောဆီက သံဝေဂ စာသားလေး တစ်ခုကို ဖတ်ကနဲ သွားသတိရမိသေးတယ်။ လူတစ်ကိုယ်မြေမည်မျှလို .. ဆိုတာလေးပေါ့။ ဖြစ်ပုံက ဒီလို တစ်ရက် အိမ်ပြ ( ဝယ်သူကို အိမ်လိုက် ပြတာပါ ) သွားပြီး ပြန်အလာ ခုတလော ရန်ကုန်မှာ ခေတ်စားနေတဲ့ Graffiti ရေးနည်းရေးဟန် နဲ့ How much land does a man need ဆိုတာလေးကို သွားတွေ့မိတယ်။ သြော် ဝယ်လိုက်ကြတဲ့ မြေတွေ မြေတွေ ဧက ကို ဆယ်ဂဏန်း ရာဂဏန်း ချီပြီး ဝယ်လိုက်ကြတဲ့ မြေတွေ။ အဲ့သည့် သံဝေဂက အဲ့သည့်မှာ တင်မရပ်ပါဘူး ညနေ အိမ်ပြန်ကာနီး လက်ဖက်ရည်ဆိုင်ထိုင်တုန်း ဗြုန်းဆို ပိုက်ဆံ လာတောင်းတဲ့ အဖွားကြီး အထိပါ အတွေးတွေက ဆန့်ကုန်တယ်။ သဘောလဲ ကျပါရဲ့။
အကျင့်က အဲ့သလိုပါ။ စာရေးရင် တောင်ရောက်မြောက်ရောက်ရယ် ဟိုဟာ ပေါ်လာရင် ဟိုဟာ ထည့်ရေးလိုက် ဒီဟာပေါ်လာရင် ဒီဟာ ထည့်ရေးလိုက်နဲ့ ဘာကိုမှ အာရုံတစူးတစိုက် တည်ပြီး ရေးလို့လဲ မတတ်ပါဘူး။ ကျနော့် စာကို ဖတ်နေတဲ့ သပ္ပုရိသအပေါင်းတို့ ဒီတစ်ချက်ကလေးကိုတော့ဖြင့် တစ်ဆိတ်ဖြစ်ဖြစ် နှစ်ဆိတ်ဖြစ်ဖြစ် သည်းခံတော်မူပေးကြပါ။ ခုတလော ကဗျာ တော်တော် ရေးချင်ပါတယ်။ ဒါပေမယ့် ရေးလို့ မထွက်။ ဈေးသည်ဘဝတုန်းက ဈေးစာရင်းတွေ ခေါင်းထဲမှာပဲ ပြည့်ပြည့် နေခဲ့ရ။ ခုတော့လဲ အိမ်စာရင်းတွေ အိမ်ဈေးတွေပဲ ခေါင်းထဲမှာပြည့်ပြည့်နေခဲ့။ အလုပ်လုပ်ရင်း ကဗျာတွေ ဆက်ရေးနေကြတဲ့ ဆရာသမား အပေါင်းတို့ကို အခုမှ အကြီးကြီးကို လေးစားနေမိတယ်။ တကယ်တော့ ကိုယ်ကညံ့တာပါ။ ကိုယ်က ဝန်မခံရဲတာ။ ကိုယ်ကသတ္တိနည်းတာ။ ကိုယ့်အားနည်းချက်ကို ဝန်ခံဖို့ရှက်တာ။ ကိုယ့်ကိုယ်ကို ပြန်လိမ်မိနေတာ။ အဲ ပြောစရာလေးက ကြုံလာပြန်ပြီ။ ခုတလော အတွေးထဲ ရောက်နေတဲ့ ကဗျာစာသားလေး တစ်ခုရှိရဲ့။ မဲဇာတောင်ခြေ စီးထွေထွေတည့် …. တဲ့။ လူတိုင်းသိပြီးသားပါ။ မဲဇာတောင်ခြေ ကဗျာစာသားလေး ကို ဘာရယ်ကြောင့် မသိ စိတ်ထဲမှာ လိုက်လိုက် ရွတ်နေမိတယ်။ လွမ်းစရာကြီးပါ။ ဘာရယ်မှန်းမသိပါ။ ဝေးကွာနေတဲ့ တချို့ အဖြစ်အပျက်တွေ ကျနော့်အတွေးထဲ ခုတလော “ စီးထွေထွေတည့် ” နေမိလို့ ခုလို ချရေးလိုက်မိပါတယ်။


--
ပို့သသောမေတ္တာ သက်ဆိုင်သူထံသွားပါစေ
ကိုသစ်ကို 
 
 
 

0 comments:

Post a Comment

Comment လေးတစ်ကြောင်းဟာ စာရေးသူအတွက်အားဆေးပါ .. ကျေးဇူးပြုပြီး အခု Post နဲ့ပတ်သက်လို့ စာဖတ်သူရဲ့ အမြင်ကိုလည်း မျှဝေခဲ့ပါဦး ...



Flag Counter