STARTING OUR WEBSITE
Published at 1st. JANUARY. 2013

Saturday, June 8, 2013

သား ကြောင်လေး


.

သားတို့အိမ်မှာ ကြောင် (၁၆) ကောင်ရှိပါသည်။ ပထမဆုံး ကြောင် အထီးကြီး တစ်ကောင်ရှိပြီး သူ့အမေ ပျောက်သွားရာ သူ တစ်ကောင်တည်း ကျန်ရစ်ခဲ့ရသည်။ ခြေ လေးချောင်းလုံး သန်မာပြီး ဦးခေါင်းလည်း ကြီးဝန်းပါသည်။ ငယ်ငယ်က ကျော်ကုန်းမှာ ထူးထူးခြားခြား အနက်စင်းကြီးပါသောကြောင့် ကျောစင်းဟု ခေါ်လိုက်ကြသည်။ သိပ်မကြာခင် အိမ်သို့ ကြောင်မတစ်ကောင် ရောက်လာပြန်ပါသည်။ သူ့ အမြီးလေးက တိုတိုကောက်ကောက်ကလေးမို့ အမှတ်တမဲ့ကြည့်လျှင် အမြီးမပါသလို ထင်ရသည်။ ကျောစင်းထက်လည်း အသက်အတော်ငယ်ပုံရပါသည်။

မြီးကပ်မက တပြန် သားပေါက်ပြန်ရာ အထီးနှစ်ကောင်၊ အမလေးနှစ်ကောင် လေးကောင်ပေါက်ပါသည်။ သူ့သားသမီးတွေကို ဖိုးကျား၊ ပခုံးဖြူ၊ မိညို၊ ၀မ်းဝေးဆိုပြီး သားတို့က နာမည်တွေ ပေးထားလိုက်ကြသည်။ ၀မ်းဝေးလေးငယ်ငယ်က တစ်ကိုယ်လုံး အမွေးတွေကျွတ်ပြီး ဦးခေါင်းမှ မြီးညောင့်ရိုးအထိ အမွေးမကျွတ်ပဲ ဦးခေါင်းမှ ကျောရိုးတောက်လျှောက် အမွေးတန်းကလေးသာ ထောင်ထောင်ရောင်ရောင် ကျန်သည်ကို အကြောင်းပြုကာ ၀မ်းဝေးဟု မှည့်ခေါ်ခဲ့ခြင်း ဖြစ်ပါသည်။ ခုထိ သားတို့အိမ်မှာ ကြောင် ခြောက်ကောင်ပဲ ရှိပါသေးသည်။                               ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက် ၊စနေနေ့တွင် မိညိုမှ ကြောင် လေးကောင် ပေါက်ပြန်သည်။ အရောင်ဖျော့ဖျော့ ကြွက်ရောင်လေးတွေ ဖြစ်ပါသည်။ လှေကားအောက် မှန်တင်ခုံ ဘယ်ဘက်အောက် ဘီရိုလေးကို ဖွင့်ပြီး ပုဆိုးဟောင်းလေး ခင်းပေးထားသော်လည်း ထိုနေရာမှာ မပေါက်။ သူ့အနီး သေတ္တာကြီး ဘေးမှာ ပေါက်ပါသည်။ လေးကောင်လုံး ကျန်းမာကြပါသည်။ တစ်ပတ်ခန့်ကြာလေမှ ကတ္တူပုံးထဲ ပုဆိုးလေးခင်းပြီး ရွှေ့ပေးထားသည်ကို မိညိုက လက်ခံသဖြင့် အဆင်ပြေချောမွေ့သွားပါသည်။

                   ၂၀၁၃ ခုနှစ် မတ်လ (၂) ရက်နေ့တွင် ၀မ်းဝေးမမှ ကြောင်လေးကောင် ပေါက်ပြန်ပါသည်။ အကျားလေးတွေနှင့် မြီးကောက်ကလေး နှစ်ကောင်ပါပါသည်။ သူတို့ မမွေးခင် နေရာလေး လုပ်ပေးထားသော်လည်း လှေကားရှေ့ နေရာ ကျဉ်းကျဉ်းလေးမှာပဲ မွေးပါသည်။ မွေးခါစမှာ ၀မ်းဝေးက ကလေးတွေနားမှာ မခွာတမ်း နို့တိုက်နေသောကြောင့် ၀မ်းဝေးညောင်းမှာပင် သားမှာ ပူပန်နေမိသေးသည်။ သူ့ကလေးတွေကိုလည်း အမှတ်တမဲ့သာ ကြည့်ရဲခဲ့ပါသည်။ ကြောင်းများသည် သူတို့ မီးဖွားတာကို လူတွေ လာကြည့်လျှင် ကလေးများကို နောက်တစ်နေရာသို့ ခီသွားတတ်ကြသောကြောင့် အတော်ကလေး သတိထားနေရပါသည်။ တစ်ပါတ်ကျော်လောက် နေတော့မှ ကတ္တူပုံးဆီမှ ပုဆိုးခင်းလေးဆီ ရွှေ့ပေးရာ ၀မ်းဝေးလည်း လက်ခံသောကြောင့် အဆင်ပြေသွားခဲ့ပါသည်။
                        ၂၀၁၃ ခုနှစ် မတ်လ (၉) ရက်နေ့ စနေနေ့တွင် မိညိုတို့ ၀မ်းဝေးမတို့ရဲ့ အမေ မြီးကပ်မက ကြောင် သုံးကောင် ပေါက်ပြန်သည်။ သူကတော့ အလွန် လျှို့ဝှက်စွာ ဆန်အိတ်တွေ၏ နောက်ဘက်ကြား အမှောင်ထဲမှာ ပေါက်ပြန်ပါသည်။ ကြောင်ပေါက်ကလေးတွေက အသံကျယ်သောကြောင့် တော်တော့သည်။ မဟုတ်လျှင် ထိုနေရာမှာ ကြောင်တွေရှိနေတာ သိရမည် မထင်။ တစ်ခါ ပထမဆုံးပေါက်သော ကြောင်ကလေးတွေက ကတ္တူပုံးထဲကနေ အပြင်ထွက်ရန် ကြိုးစားကြပြန်ပါသည်။ သူတို့၏ ခြေလက် သေးသေးလေးတွေနှင့် အကူအညီ တောင်းနေတတ်ကြသည်။ သူတို့ကို အပြင်ခဏ ထွက်ပါစေဟု ထုတ်ပေးပြန်လျှင်လည်း ငြိမ်ငြိမ် မနေတတ်ကြပြန်။ အိမ်ရှေ့သို့ ထွက်သည့် အကောင်ကထွက်၊ လူအောက်ကို ၀င်သည့် အကောင်က ၀င်၊ မီးဖိုချောင်ဖက်သို့ ထွက်သည့်အကောင်ကထွက် ဖြင့် အငြိမ် မနေကြပြန်။ ရှေ့လက်နှစ်ဘက်က သန်မာပုံရသော်လည်း နောက်ခြေထောက်လေးများက ဒရွတ်ဆွဲနေကြတာ ရယ်စရာ။ သူတို့ အသံတွေကြားပြီး မိခင်ကြောင်မကြီး ပြန်ရောက်လာလျှင် သူ့ကလေးတွေကို အပြင်သို့ထုတ်ခြင်းကို မကြိုက်ဟန်ပြနေပြန်သည်။  ကုတ်ကနေ ကိုယ်တိုင်ချီယူကာ ပုံးထဲသို့ ပြန်သွင်းတော့သည်။ သားလည်း ကူညီ သွင်းပေးရပြန်သည်။
                        ဒုတိယ ၀မ်းဝေးကမွေးတဲ့ လေးကောင်ကလည်း ရက်သိပ်မကြာခင် ရှေ့ အကောင်တွေလိုပင် ပုံးအပြင်သို့ ထွက်ချင်နေကြပြန်သည်။ သားကတော့ အဆင်သင့်သလို အပြင်ထုတ်ပေးသည်။ သူတို့ အမေ ပြန်မလာခင် ပြန်သွင်းပေးရပြန်သည်။ သူ့အမေကလည်း ပြန်ရောက်သည်နှင့် သူ့ကလေးတွေကို နမ်းရှုပ်ကြည့်နေကာ ကိုယ်တွယ်ထားမှန်း သိနေတတ်ပြန်သည်။
                        တတိယ မွေးတဲ့ ကောင်တွေကိုတော့ မြီးကပ်ကြီး အပြင်ထွက်လာပြီး မီးဖိုချောင်မှာ အစာသွားစားနေတုန်း လက်နှိပ်ဓါတ်မီးနှင့် ထိုးကြည့်လိုက်မှ တိတိကျကျ တွေ့ရတော့သည်။ နှစ်ကောင်က အကျား အကျား ကွက်စိပ်ကလေးတွေ၊ မြေရေခွံနှင့် တူလှသည်။ အရောင်ကျတော့ အညိုပေါ်မှာ အနက် ကွက်စိပ်ကလေးတွေ ဖြစ်သည်။ ကျန်တစ်ကောင်ကတော့ တစ်ကိုယ်လုံး နက်မှောင်နေသည်။ သူ့ကို လက်နှိပ်မီးနှင့်ထိုးတာ သဘောကျဟန်မတူ။ ပါးစပ်ကလေးဟကာ အော်ဟစ် ဟန့်တားတတ်သည်။ သူ့ အာခေါင်ကလေးကလည်း နက်နေတာပင်။ နှုတ်ခမ်းလေးတွေ၊ နှာသီးလေးတွေ အားလုံး နက်ရွှဲနေတာပင်။ ချစ်ဖို့လည်း ကောင်းလှသည်။
                        သူ့အမေက မြီးကပ်မကတော့ သိပ်စိတ်နုသည်။ နည်းနည်းကလေး ခိုးကြည့်မိလျှင် သူ့သားသမီးတွေကို ချီလို့၊ ၀ှက်လို့ မဆုံးတော့။ သားတို့မှာ ရှာဖွေရတာ အမော။ တစ်အိမ်လုံး နှံ့ဗတာ့သည်။ လက်စသတ်တော့ အပေါ် ထပ်ခိုးဘေးက ရေကန်ပေါ်မှာ သံဇကာခင်းပြီး အပေါ်က ပိုက်စိမ်းခင်းထားတဲ့ အပေါ်မှာ သြွးထားတာကိုး။ ဒါကြောင့် အောက်ထပ် ဆန်အိတ်တွေကြားမှာ တတိယကတ္တူပုံးဘီ့းတစ်ခု ပြုလုပ်ပြီး ပုဆိုးဟောင်းလေးခင်းကာ ထိုကြောင်သုံးကောင်ကို သူ့အမေ မရှိခင် ပြန်ယူကာ နေရာချရပြန်သည်။ သူ့အမေ ပြန်လာလျှင် ချော့မော့ရပြန်သည်။ ဘယ်မှ မရွှေ့ပါနဲ့တော့ မြီးကပ်မရယ်။ ငါတို့ ဘာမှ မလုပ်ပါဘူး။ ဒီပုံးထဲမှာပဲ နေပါဟု ပြောရသည်။ ဒီ့ထက်ခက်ခဲသောနေရာတွေဆီ သွားထားမှာ ပူပန်ရသည်။ ရှာရခက်ခဲသော နေရာမှာထားလျှင် ကြောင်ကလေးတွေ၏ အသက်အန္တရာယ်ကို ပူပန်ရသည် မဟုတ်လား။
 တဖြည်းဖြည်း ကြောင်ပေါက်ကလေးတွေ ကစားတတ်လာကြသည်။ မိခင်ကြောင်မကြီးဆီမှာ နို့တောင်းတတ်လာသည်။  သို့ပေမယ့် စည်းကမ်းလေးတွေ ရှိကြသားပင်။ ကတ္တူပုံးထဲက အပြင်ထုတ်ထားလျှင်တောင် သူ့အမေ သတ်မှတ်ပေးထားသော ဆန်အိပ်ကွက်လပ် ကြမ်းခင်းလေးကနေ အပြင်မထွက်တတ်ကြ။ ဒီမှာတင် ကြောင်အနက်ကလေး၏ ထူးခြားချက်ကို သား သတိပြုမိခဲ့တော့တာ ဖြစ်သည်။
သူကလေးက တခြားကြောင်တွေဆောနေလည်း ၀င်မပါတတ်။ ငေးလို့သာ ကြည့်နေတတ်သည်။ သူ့ကို ကိုင်တာလည်း မကြိုက်။ ရုန်းကန်တွန်းတိုးပစ်တတ်သည်။ သူ့ကို ဘလက်ခ်ဟု သားတို့က နာမည်ပေးလိုက်ကြပြန်သည်။ ခုဆို သားတို့အိမ်မှာ ကြောင်သေးလေး ဆယ့်တစ်ကောင်၊ ကြောင်ကြီး ခြောက်ကောင် ရှိနေပြီ။
ဘလက်ခ်က လူကြောက်တတ်ပြန်သည်။ ခါတရံ ပုန်းပျောက်နေတတ်သည်။ ခါတရံ သား အပြင်က အပြန်မှာ ဘလက်ခ်ကလေး ပျောက်နေသည် အထင်နှင့် ရှာရ၊ ဖွေရပြန်သည်။ ဆန်အိတ်ပုံတွေကြားထဲမှာ ပျောက်နေတတ်တာကိုး။
ဆန်အိတ်တွေကို တစ်တိုင်ချင်းထပ်ပုံကာ ဆယ်အိတ်ပြည့်တိုင်း နောက်တစ်တိုင်စီ စီကပ်ထပ်ထားတော့ ကလေးလက်တစ်နှိုက်စာ ကွက်လပ်ကလေး ဖြစ်နေတတ်သည်။ ထိုကွက်လပ်ကလေးတွေကြားမှာ အိတ်မောကျနေတတ်ကြသည်။ အမှတ်မဲ့ကြည့်လျှင် အ၀တ်စမဲလေး ပုံထားသလိုပဲ။ တုတ်ကလေးနှင့်တို့လေမှ လွန့်လှုပ်လာလျှင် ဘလက်ခ်မှန်း သိရတော့သည်။ ကြောင်ကလေးတွေ အားလုံးထဲမှာ အထူးခြားဆုံးကောင်လေးမို့ ဘလက်ခ်ကို ပိုလို့ချစ်ရသည်။ မတော်တဆ ပျောက်ရှသွားလျှင် သား ၀မ်းနည်းရမည် ထင်ပါရဲ့။ သူကလည်း သားကိုသာ ခင်တွယ်ကာ သားလက်ပေါ်မှာသာ ငြိမ်နေတတ်တာဖြစ်သည်။ တခြားသူခေါ်လျှင် မလိုက်။ ကုတ်ခြစ် ဆင်းပြေးသွားတတ်သည်။ သားလက်ကလေးတွေကို သူ့လျှာမဲမဲကလေးတွေနှင့် လျှက်ပေးလာလျှင် ကြမ်းရှရှ၊ ယားကျိကျိနှင့် ရယ်ချင်မိရပြန်သည်။ တစ်နေ့တခြား ပိုသွက်ကာ အတတ်ပိုစုံလာသည် ထင်မိ၏။ သူ့ကို ဘလက်ခ်ရေ၊ လာဟေ့… ဟုခေါ်လျှင် အနည်းငယ်ခွင်သော ခြေလေးချောင်းစလုံးကြောင့် လုံးတုံးတုံးကလေး ချစ်စရာ။ သား အပြင်က ပြန်လာလျှင်လည်း အစဉ် ထွက်ကြိုတတ်စမြဲ။ ပွေ့ယူကု နှုတ်သီးအောက် လက်မလေးထည့်ပြီး မော့လိုက်မှ လူကို တည့်တည့်ပြန်ကြည့်တတ်သည်။ မျက်လုံးလေးတွေကလည်း အနက်ကလေးတွေပဲ။ စကားတစ်ခွန်းတလေ သူ့ကိုပြောလျှင် အဲ့..အဲ့… ဟု ပါးစပ်ကအော်တတ်ပြန်သည်။ သူ တစ်ခုခုတော့ ပြန်ပြောတာ ဖြစ်မည်။ သား မေးသမျှ တုန့်ပြန်ပြောနေသလို သားထင်နေတတ်သည်။
သား ဂိမ်းဆော့နေလို့ တော်တော်လေးကြာသွားသည်နှင့် သားခြေထောက်ကို သူ့သွား သေးသေးလေးတွေနှင့် လာကိုက်တော့တာပင်။ ဘလက်ခ် ကစားချင်လို့လားဟု မေးလျှင် တအဲ့အဲ့ပြန်အော်တတ်ပြန်သည်။ သူတို့အမေကြီး မြီးကပ်ကတော့ နို့တိုက်ရက်ရောသည်။ ကြောင်းကလေးအားလုံး ၀ိုင်းစို့ရတတ်ကြသည်။ ထိုသို့ အလုအယက်စို့လျှင် ဘလက်ခ်က အလျှော့ပေးတတ်ပြန်သည်။ နောက်မှ တစ်ကောင်တည်း အေးဆေးစွာ နို့စို့နေတတ်သည်။
တခါတော့ ကြောင်ကလေးတွေမှာ သန်းတွယ်ဖူးသေးသည်။ ဘလက်ခ် တစ်ကိုယ်လုံးမှာလည်း သန်းတွေ အများကြီးပဲ။ ဒေါက်တာ ညွန့်စိမ်းဆိုင်မှာ ဆေးရှိသည် ဆိုသောကြောင့် သြွးဝယ်ရပြန်သည်။ ဆေးထိုးပြွန်ကလေးနှင့် စုတ်ယူပြီး ကြောက်ကလေးတွေဂုတ်ပေါ် ဆေးသုံး၊လေးစက်စီ ချပေးရသည်။ တခြား ကြောင်ကလေးတွေက ရုန်းကန်တတ်ကြသော်လည်း ဘလက်ခ်ကတော့ ငြိမ်ငြိမ်လေးခံရှာသည်။ သုံးလေးရက်အကြာမှာ သန်းတွေကင်းသွားသောကြောင့် ကြောင်ကလေးတွေ ပိုကဲလာကြသည် ထင်မိ၏။ ဘလက်ခ်ကလေးလည်း ပိုကဲလာသည်။
ဒါပေမယ့် သားကိုယ်ပေါ်ရောက်လျှင်တော့ သားရဲ့ ဗိုက်သား ပျော့ပျော့နွေးနွေးလေးနဲ့ ကပ်နေအောင် ထိုင်တော့တာပဲ။ အတော့်ကို ချစ်ဖို့ကောင်းလှသော ကောင်လေးပါပဲ။
ဘလက်ခ်ကို တွေ့ဖူးသူတိုင်းက အိမ်ပေါက်ကြောင်နက်ကလေးမို့် သိပ်အကျိုးပေးတတ်ကြောင်း ပြောကြသည်။ ဒါပေမယ့် သက်ဇိုးရှည်ခဲလို့ ဂရုတစိုက်မွေးမြူကြဖို့ သတိပေးတတ်ကြသေးသည်။
လူတွေရဲ့ ဘာသာစကားကို ဘလက်ခ်က နားလည်နေသလား မသိဘူး။ အန္တရာယ်တွေကို ရှောင်တတ်သည်။ ကြောက်နေတတ်သည်။ သိပ်လည်း လျှို့ဝှက်တာပဲ။ အမှောင်ကျတဲ့နေရာ၊ အလင်းရောင်မကျတတ်တဲ့ နေရာ၊ လူသူကင်းဝေးတဲ့ နေရာတွေမှာသာ သွားအိပ်နေတတ်ပြန်သည်။ သားကြောင်လေးကို သားက နေ့တိုင်း ဘားပလက်စ် တိုက်သည်။ ဆေးရည်တွေကို ဆေးထိုးတဲ့ ဆလင်းနဲ့စုတ်ယူပြီး အပ်မတပ်ပဲ ကြောင်လေးတွေကို ပါးစပ်ဟဟကလေး လုပ်ပေးပြီး ထိုးထည့်ရတာဖြစ်သည်။ သူတို့လေးတွေ မသီး၊ မနင်အောင်တော့ ဖြည်းဖြည်းသာသာ လုပ်ပေးရတာပင်။ ဆေးထိုးပြွန် မြင်လျှင် တခြားကြောင်ကလေးတွေ့ ထွက်ပြေးတတ်ကြသေးတာ။ သားက ဖိုက်ဘာပုံးထဲ ကြောင်ဆယ်ကောင်စလုံးကို ဖမ်းထည့်ပြီးမှ တစ်ကောင်စီဆေးတိုက်ပြီး လွှတ်ပေးရသည်။ မဟုတ်ရင်လည်း တိုက်ပြီးတဲ့ကောင်နဲ့ မတိုက်ရသေးတဲ့ကောင်ကို ခွဲခြားဖို့ ခက်ခဲတယ် မဟုတ်လား။ ဘလက်ခ်လေးကတော့ အေးအေးဆေးဆေး သောက်လိုက်တာပါပဲ။ သား ဘယ်သူ့ကိုပြောပြော ဘယ်သူမှ မယုံကြည်ကြမယ့် အချက်ကတော့ ဆေးသောက်ပြီးချိန်တွေ သူ့ကို ပွေ့ပိုက်ထားချိန် မှာ ဘလက်ခ်က သက်ပြင်းပါးပါးချတတ်ခြင်းပဲ ဖြစ်သည်။
နံနက်ခြောက်နာရီကျရင် အချိန်မှန် အစာလုံးကျွေးသည်။ ဆေးဘူးအဟောင်းထဲမှာ အစာလုံးလေးတွေထည့်ပြီး ကလောက် ကလောက် ခေါက်လိုက်တာနဲ့ သူ့ထက်ငါ ပြေးလာကြတာပဲ။ သူတို့ မနိုးတဲ့ နံနက်ဆိုတာ မရှိဘူး။နံနက်တိုင်း အစောကြီးနိုးပြီး ကစားနှင့်ကြပြီ။ ရှစ်နာရီခွဲမှာ ငါးပြုတ်ကို ထမင်းနှင့် နယ်ကျွေးသည်။ ဆယ့်တစ်နာရီခွဲမှာ တစ်ကြိမ် ထပ်ကျွေးသည်။ ညနေခြောက်နာရီမှာ  ထပ်ကျွေးပြန်သည်။ ည ဆယ်နာရီမှာ အစာလုံး ထပ်ကျွေးရပြန်ပါသည်။
အစ ပထမမှာတော့ ကြောင်ကလေးတွေက အစာကို မစားတတ်ကြသေးပါ။ နောက်တော့ အလုအယက် စားတတ်လာကြပါသည်။ ဘလက်ခ်ကလေးကတော့ ဘယ်တော့မှ လုယက်မစားတတ်ပေ။ အားလုံးစားသောက်ပြီးလေမှ တစ်ကောင်တည်း စားတတ်သည်။ သားကတော့ ဘလက်ခ်ကလေးကို သီးသန့်နေခွဲကျွေးပါသည်။ ဘလက်ခ်ကလေးကတော့ ဆေးတိုက်လိုက်၊ ကျွေးမွေးလိုက်မို့ အနက်ရောင် အမွေးလေးတွေက တောင်ပြောင်စိုရွှဲလာတော့သည်။ အရမ်းလည်း လှလာသည်။ တစ်နေ့တခြားလည်း လိမ္မာလာပါသည်။
၂၀၁၃ ဧပြီလ ၁၃ ရက်နေ့ ။ အဲဒီစနေနေ့က သင်္ကြန်အကြိုနေ့လည်း ဖြစ်သည်။ မေကြီးက နို့စိမ်းခေါက်ဆွဲလုပ်ကျွေးမည်ဟု ပြောထားသည်။ သားတို့အိမ်မှာ အလုပ်သမား သုံးယောက်ရှိသော်လည်း အခါရက်မို့ အလုပ်သမား တစ်ယောက်သာ အလုပ်ဆင်းသည်။ ထို့နေ့မှာမှ အလုပ်ကများလွန်းလှရာ အစစ၊ အရာရာ သူတစ်ယောက်တည်းသာ ဂျင်ခြေလည်နေရတော့သည်။ မေကြီးက နောက်ဖက် ဆန်အိတ်ပုံထဲက ဆန်တစ်အိတ်သယ်ခဲ့ရန် အလုပ်သမား  ကိုထွန်းခိုင်ကို ပြောလေလျှင် သူ.. အပြေးတပိုင်းဖြင့် နောက်သို့ဝင်သည်။ ဒါပေမယ့် ကိုထွန်းခိုင်နောက်ခန်းဖက် ၀င်သွားချိန်က ကြာသင့်တာထက်ပိုကြာနေပြန်ရာ မေမေ စိတ်မရှည်နိုင်။ ကိုထွန်းခိုင်ကတော့ ဖွဲအိတ်တွေ ပြိုကျကုန်လို့ ပြန်စီနေတာကြောင့်ဟု အကြောင်းပြလာသည်။
သားကြောင်လေးကို ဆေးတိုက်ချိန်မှာ ကြောင်ကလေး ဆယ်ကောင်ပဲရှိတော့သည်။ ဘလက်ခ် ပျောက်နေတာမို့ သား စိုးရိမ်ပိုရပြီ။ ထမင်းချက် အဒေါ်ကြီး တစ်ကြိမ်ကျွေးတုန်းကတောင် ဘလက်ခ်လည်း ရှိနေသေးသည်ပင်။ သား အိမ်ထဲနေရာအနှံ့ မွှေနှောက် ရှာဖွေရတော့သည်။ ကိုထွန်းခိုင် ဖွဲအိတ်တွေ ပြိုခဲ့တယ်ဆိုသောနေရာမှာ ဖွဲအိတ်ကို ဖယ်ရှားရှာဖွေမိပြန်လေမှ…။ 
သားကြောင်ဘလက်ကလေးခမျာ သွေးတွေရွှဲလို့ နှာခေါင်းသွေးတွေတောင် ခဲပြီး ဆို့နေခဲ့ပါပြီ။ ပါးစပ်ကလေးကလည်း သွေးတွေ ထွက်နေသည်။ အသက်တော့ မျှဉ်းမျှဉ်းကလေး ရှူနေသေးသည်ထင့်။ သား လက်ပေါ်က ပြန်မချရက်စွာ သာသာကလေး မထားရပြန်သည်။
ဖေကြီးက တိရစ္ဆာန်ဆေးကုဆရာဝန်ထံ ဖုန်းဖြင့် ပင့်ခေါ်နေစဉ် ဘလက်ခ် ကလေး တစ်ချက် သတိလည်လာခဲ့သေးသည်။ အသံယဲ့ယဲ့ကလေးမျှ ညည်းညူကာ ချက်ချင်းမျက်စေ့ပြန်မှိတ်သွားတော့သည်။ ဘလက်ခ် … မင်းမသေရဘူး။ ဆရာဝန်ကြီးရောက်လာရင် မင်းပြန်နေကောင်းသွားမှာ..။ သားနှုတ်က စကားတွေကို ဘလက်ခ် ကြားနိုင်သေးရဲ့လား။
ဆရာဝန်က သားကြောင်လေးကို လည်ကုတ်ကနေမဆွဲယူကာဆတ်ဆတ်ကလေး ခါကြည့်နေတယ်။ ပြီး..ကြမ်းခင်းပေါ်မှာ ဂွမ်းကပ်ကလေးခင်းထားတဲ့အပေါ် ပြန်ချလိုက်ပြီး ဆေးတစ်လုံး ထိုးပေးသည်။ ဘလက်ခ်ကလေး အသက်ရှူလမ်းကြောင်းကောင်းသွားပြီး အသက်ရှင်နိုင်ခွင့် ချင်ရနိုင်ကြောင်း အားပေးနေပေမယ့် အခြေအနေမကောင်းလှတာ မြင်သာနေပြီး စိတ်မချမ်းမြေ့နိုင်။ ညာဘက်ပေါင်ပေါ် ဆေးတစ်လုံးထပ်ထိုးပေးပြီး ဆယ့်ငါးမိနစ်ခန့်အကြာမှာ အသက်မှန်မှန် ပြန်ရှူလာနိုင်ပြီ။ သား အားတက်လာသည်။ မစင်တွေလည်း ထွက်ကျလာပြန်သည်။ နားထင်နှင့် ရင်ဘတ် ညာဘက်ချမ်းကို ကိုထွန်းခိုင် တက်နင်းမိခဲ့တာ ဖြစ်မည်။ သူ… ဘလက်ခ်ကို နင်းမိသွားကြောင်း သားတို့အိမ်သားတွေ သိလျှင် သူ့အပြစ်အတွက် အဆူ၊ အပြောခံရမှာစိုးသည်ထင့်။ ဖွဲအိပ်တွေပြိုကာ ပိကျခံရသည့်ပုံ ဖန်တီးထားခဲ့ရက်သည်။ခုတော့ ဘလက်ခ်ခမျာ မကြည့်မြင်ရက်စရာ။ သား ရင်ထဲမှာ ဆို့နစ်ကြေကွဲနေခဲ့သည်။
ဘလက်ခ်ကလေးက ကြည့်နေရင်း ပါးစပ်ကလေးကို အနည်းငယ် ဟ ဟ သွားသည်။ ဘယ်ညာလူးလွန့်နေပြန်သည်။ အသက်ကို ခက်ခဲပင်ပန်းစွာ ရှူသွင်းနေရသည့်ပုံ။ ပါးစပ်က သွေးစ အနည်းငယ် ထွက်ကျလာပြန်သည်။ သား.. ရသမျှ ဘုရားစာတွေကို စိတ်ကနေ ရွတ်ပေးနေမိသည်။ ဆရာဝန်ပြန်သွားပြီး လေးနာရီခန့်အကြာမှာတော့ အသက်ရှူတာ ပုံမှန် မဟုတ်တော့။ တစ်ကြိမ်ထက် တစ်ကြိမ် ပိုမိုနှေးကွေး လေးလံလာသည်။ လေရအောင် အတော် ပင်ပန်းတကြီး ရှူသွင်းနေရပုံ။ ချွဲသံတွေလည်း ကြားလာရသည်။ တစ်ရှူးလေးကိုယူကာ ချွဲကို ဆွဲထုတ်ပေးသော်လည်း မရနိုင်ပဲ ဖြစ်နေသည်။ ဖေကြီးက ဆရာဝန်ဆီ ဖုန်းထပ်ဆက်ပြန်ရာ ချွဲတက်လာလျှင် နောက်ဆုံးအခြေအနေသာ ဖြစ်ကြောင်း ဆိုခဲသတဲ့။ ဘလက်ခ်ကတော့ အသက်မျှ မရှူနိုင်တော့ပဲ လုံးဝငြိမ်သက်သွားခဲ့ပြီ။ သား မျက်တောင်မခပ် စိုက်ကြည့်နေစဉ် ခဏအကြာမှာ အသက်ပြင်းပြင်း ပြန်ရှူနေပြန်တော့ မျှော်လင့်မိပြန်သည်။ ဟော.. အသက်ရှူ ပြန်ရပ်သွားပြန်ပြီ။ ဒီတစ်ကြိမ်တော့ မရတော့ပြီ။ သားကြောင်လေး သေသွားခဲ့ပြီ။
နွေးနေဆဲ သူ့ကိုယ်ကလေး အေးပြီးတောင့်သွားလေမှ လက်ကိုင်ပုဝါနှင့် တယုတယ ထုတ်ပိုးကာ ဒန့်သလွန်ပင် ခြေရင်းမှာ မြုတ်နှံလိုက်ပါသည်။
ဘလက်ခ် သေဆုံးခဲ့ရတာ ကိုထွန်းခိုင်ကြောင့်လို့ တွေးရင်း ဒေါသလည်း ဖြစ်မိတယ်။ သူ.. သွေးကြောင်ခဲ့လို့သာ။ အချိန်မီ ပြောလာလျှင် ဆေးဝါးကုသပျောက်ကင်းနိုင်မှာ။ ခုတော့ ဝေဒနာ အမျိုးစုံ မချိမဆန့် ခံစားခဲ့ရပြီမှ သားကြောင်လေး သေခဲ့ရသည်။ သားကြောင်လေးသေသလို သူကိုလည်း သေစေဖို့ ဆုတောင်းစကား သားနှုတ်ဖျားက ထွက်သွားမိတော့သည်။
ဖေကြီးကတော့ နှစ်သိမ့်ရှာသည်ပင်။ အတုံ့အလှည့်၊ ၀ဋ်ကြွေးရှိခဲ့လို့သာအကျိုးအကြောင်း ဆက်စပ်တိုက်ဆိုင်ကာ သားကြောင်လေး သေရတာဟု ဖေကြီးက ဆိုသည်။
သားတို့ မိသားစု တစ်နေ့လုံး ထမင်းမျှ မစားနိုင်။ နို့စိမ်းခေါက်ဆွဲလည်း မလုပ်ဖြစ်တော့။ သား ဘယ်သူနှင့်မှ စကားမပြောချင်ဘူး။ ဂိမ်းလည်း မဆော့ချင်တော့ဘူး။ သားကြောင်လေး နေထိုင်မကောင်းလို့ သေရတာမဟုတ်ပဲ လူတစ်ယောက်ရဲ့ မဆင်ခြင်သော ပယောဂကြောင့် သေဆုံးရတာအတွက် သား မကျေနပ်နိုင်ပါ။ ရင်ထဲ ဆို့နင့်နေသည်။ အိပ်လို့မပျော်။ အိပ်ပျော်လျှင်လည်း အိပ်မက်ဆိုးတွေ မက်ဦးမည်။ ချွေးစေးတွေပြန်ကာ လန့်နိုးလာတတ်သည်။ သား အိပ်မက်ထဲမှာ ရှိုက်ငိုရင်း အသံထွက်သွားသောကြောင့် မေကြီးနှိုးယူလေလျှင် သားမျက်နှာပေါ်မှာ မျက်ရည်တွေ စိုလူးလို့ နေပြန်သည်။
၂၀၁၃ ဧပြီ (၁၆) ရက်နေ့ညကတော့ သားကြောင်လေးထွက်ပြေးသောကြောင့် ဖမ်းထားကြရန် ဖေကြီးနှင့် မေကြီးကို အကူအညီတောင်းရင် သား ယောင်ယမ်းအော်ဟစ်နေခဲ့ပြန်သည်တဲ့။ မေကြီးက ရေတိုက်ကာ ဘုရားရွတ်ဆိုစေပြီးမှ ပြန်အိပ်ပျော်နိုင်ခဲ့တော့သည်။
ဖေကြီးပြောသလို ၀ဋ်ကြွေးကြောင့်သာ ဘလက်ခ်ကလေး သေခဲ့ရသည်ဆိုလျှင် ကိုထွန်းခိုကြီးလည်း ၀ဋ်ပြန်လည်မှာလားမသိ။ ဘလက်ခ်ကလေးက လူပြန်ဖြစ်ကာ ကြောင်ဖြစ်သြွးသော ကိုထွန်းခိုင်ကြီးကို ပြန်နင်းဦးမည် ထင်သည်။ ဒါဆို သူတို့ နှစ်ဦး၏ တစ်လှည့်တပြန် အတုံ့အလှည့်မှာ သားကရော ၀မ်းနည်းရဦးမှာလား။ မျက်ရည် ဘာကြောင့် ကျရဦးမည်လဲ။ သူတို့ အတုံ့အလှည့် မကျေမချင်း သားက လိုက်ပါငိုကြွေးနေဖို့ မသင့်ပါပြီ။
ကိုထွန်းခိုင်က လယ်သူရင်းငှားတစ်ယောက် ဖြစ်ခဲ့ဖူးသည်။ ကျောင်းမနေခဲ့ရလို့ စာပေမတတ်။ စောစော မိန်းမရကာ ကလေးတွေ တပြုံကြီးကို မနိုင်မနင်းမွေးကာ အလျှင်မီအောင် ပင်ပန်းတကြီး ရှဖြွေကျွေးမွေးနေရသည်။ ဘောကန်ရာမှ ခြေကျိုးခဲ့သည်ကို ဆေးကုမှာခဲ့ရာ တစ်ကြိမ် ထပ်ချိုးပြီးမှ ပြန်ဆက်ကုသခဲ့ရသည်တဲ့။ သူ့သား နို့ညညာကလေးဟာလည်း ကျောင်းအပ်ပြီး သုံးရက်မပြည့်ခင် လက်ကျိုးသွားလို့ ဆေးရုံတက်လိုက်ရသေးသည်။ သူ့မိန်းမက ပိန်ချိနေသည်။ သူ့မှာလည်း ထမ်းလိုက်ပိုးလိုက်နှင့် ဒုက္ခပင်ယ်ဝေနေပြန်တာ မဟုတ်လား။ ဒီလိုဘ၀မျိုးမှာ ဘလက်ခ်ကလေး ရောက်ရလျှင် ခံနိုင်ပါမည်လား။ မဖြစ်စေချင်ပါ။ အတုံ့အလှည့်ရှိခဲ့လျှင်လည်း ကျေစေချင်လှပါတော့သည်။ သူတို့ နှစ်ဦးကြားမှာ ငိုကျွေးနေရသော အဖြစ်မျိုးနှင့် သားကိုယ်တိုင်လည်း မကြုံဆုံချင်ပါတော့ပြီ။
အဋ္ဌမတန်းကျောင်းသား၊ အသက် ဆယ်သုံးနှစ်ကျော်၊ ဆယ့်လေးနှစ်မျှသာ ရှိသေးသော သားအဖို့ ကျောင်းဖွင့်လျှင်တော့ စိတ်ရှင်လင်းစွာသာ ကျောင်းပြန်တက်ချင်ပြီ။ သားကြောင်လေးရေ.. အမျှ…အမျှ…။     

1 comment:

  1. ကလေးလေးရဲ့ အတွေးဟာ ဆန့်ထွက်တွေးစရာလေးများနှင့် ချစ်စရာ ...

    ReplyDelete

Comment လေးတစ်ကြောင်းဟာ စာရေးသူအတွက်အားဆေးပါ .. ကျေးဇူးပြုပြီး အခု Post နဲ့ပတ်သက်လို့ စာဖတ်သူရဲ့ အမြင်ကိုလည်း မျှဝေခဲ့ပါဦး ...



Flag Counter