နေသည် ပူပြင်းလွန်းလှသည်။ သူ့ ရင်မှ အပူကို မှီမည်မထင်။ သားငယ်နှစ်ယောက်၏ ကျူရှင်လခမပေးနိုင်သေးခြင်း အတွက် ကျူရှင်မသွားချင်ဘူးဟု ငြင်းဆိုနေသောအသံများ၊ ဆယ်တန်းကျောင်းသူသမီးကြီး၏ အနီးကပ်သင်တန်းတက်ချင်၍ သူ့ အမေကို ပူဆာနေသံများကို ကြားယောင်မိပြန်သည်။ နောက်ပြီး အနီးကပ်သင်တန်းတစ်ခု၏ဈေးနှုန်း ……….။
အလိုက်မသိတတ်ရန်ကောဟုတော့ အပြစ်မမြင်ချင်ပါ။ အစိုးရရုံးတစ်ရုံးမှ အရာရှိသူ့ လစာတစ်ခုထဲနှင့် သားသမီး သုံးယောက်ကို လူတန်းစေ့ထားနိုင်အောင် မနည်းကြိုးစားရပါသည်။ မိန်းမကလည်း အပျိုဘ၀က သူဌေးသမီးမို့  ဘာမှမလုပ် တတ် မကိုင်တတ်။ သူနဲ့ ရမှ ဆင်းဆင်းရဲရဲနေရတာမို့ သူ စိတ်မချမ်းမြေ့ခဲ့။ အိမ်ထောင်ကျခါစက သူမ ဈေးရောင်းခဲ့သေးပေမဲ့ ကြာရှည်မလုပ်နိုင်။ သူကလည်း သူမကိုပင်ပင်ပန်းပန်းအလုပ်မလုပ်စေချင်ခဲ့ပါ။ သူ့ အလုပ်ကလည်းသူများတွေလို အပိုဝင်ငွေ ရှာနိုင်သောနေရာမဟုတ်တော့ သိပ်အဆင်မပြေလှ။ မိန်းမမှာပါလာသော လက်ဝတ်လက်စားများလည်း ရောင်းချစားလို့ ကုန် ခဲ့ပြီ။ တရိပ်ရိပ်မြင့်လာသော ကုန်ဈေးနှုန်းရဲ့နောက်မှာ တဖြည်းဖြည်းတက်လာသော အကြွေးစာရင်းတို့ ကို မသိချင်တော့၍ တခါတရံ အတိတ်မေ့ရောဂါပင် ရချင်သည်။
သက်ပြင်းကို အသာချမိသည်။ ပိုက်ဆံချေးရန် သူ့ အကိုဆီရောက်လာသော်လည်း အကြောင်းမထူးပေ။ ဆိုက္ကားခ ကုန်တာသာ အဖတ်တင်သည်။ အပြန်ခရီးကိုမစီးချင်ပေမဲ့ ဤလမ်းခရီးတွင် ဆိုက္ကားသာလျှင် ရှိပြန်သည်။ ဆိုက္ကားသမားက တော့ နေပူထဲတွင် သီချင်းညည်းမပျက်ပေ။ ၀ါသနာအတိုင်း သူ အနည်းငယ်စပ်စုလိုက်သည်။
“ခင်ဗျား တနေ့ ကို အုံနာခဘယ်လောက်ပေးရလဲဗျ။ အုံနာခဖယ်ပြီးရင်ရော တစ်နေ့ ကို ဘယ်လောက်ကျန်လဲ။ ပြောပါအုံး။ သိချင်လို့ ပါ။ ”
“အုံနာခကတော့ တစ်နေ့ ကို တစ်ထောင့်နှစ်ရာပေးရတယ်ဗျ။ တချို့ နေရာတွေမှာတော့ တစ်ထောင့်ငါးရာတောင် ဖြစ်နေပြီ။ အုံနာခဖယ်ပြီးရင် တနေ့ ကို ခုနှစ်ထောင်ရှစ်ထောင်တော့ အနည်းဆုံးကျန်ပါတယ်။ စားပြီးသောက်ပြီးပေါ့။ တခါ တလေ ခုနှစ်ထောင်ကျော်လောက်ရပြီးရင် ကျွန်တော်လည်းအိမ်ပြန်နားတော့တာပဲ။ တချို့ လူတွေက ကျွန်တော်တို့ ကို ဆိုက္ကားသမားတွေဆိုပြီး အထင်သေးတတ်ကြတယ်။ ဂုဏ်မရှိပေမဲ့ မိသားစု ချောင်ချောင်လည်လည် နေနိုင်စားနိုင်ပါတယ်။ ကျွန်တော်ဆို ကလေးလေးယောက် ရှိတယ်။ အကြီးဆုံးသမီးက တက္ကသိုလ်တက်နေပြီလေ။ တစ်အိမ်လုံးကို ကျွန်တော်ပဲ ဆိုက္ကား နင်းကျွေးနေတာ။ တစ်လကို နှစ်သိန်းကျော်လောက်တော့ အသာလေးရှာနိုင်တယ်ဗျ။”
နေပူထဲတွင်အားမာန်အပြည့်ဖြင့် တက်ကြွစွာလှုပ်ရှားနေသောဆိုက္ကားသမားကို အထင်ကြီးလေးစားစွာ သူမော့ကြည့် မိသည်။ သူ့ ကို ကြည့်ရင်း ကိုယ့်ရင်ထဲမှာတော့ နွမ်းလျလျ။ အိမ်ပြန်ရောက်တော့ ပိုက်ဆံပါမလာ၍ မိန်းမက သိပ်မကြည်ပေ။ ပိုက်ဆံမရလာသည့်အပြင် ခရီးစရိတ်ပါထပ်ပြီးကုန်တာမို့  ပိုပြီး ခံစားနေရပုံမျိုး။ သူ့ ကိုပြောမရတော့ ကလေးတွေဘက်လှည့် မဲတော့သည်။
“စာကျက်ခိုင်းတာမကျက်ပဲ လျှောက်ကစားနေကြတယ်။ အိမ်ပေါ်တက်ပြီး စာကျက်စမ်း။ စာတတ်မှ နင်တို့  ကောင်း ကောင်းမွန်မွန် နေရစားရမှာ။ကြီးလာလို့  စာမတတ်ရင် နင်တို့  ဆိုက္ကားနင်းရလိမ့်မယ်။”
သူမနေနိုင်စွာ တစ်ခွန်း ၀င်ပြောမိသည်။
“အေး .... ဆိုက္ကားသမားဖြစ်တော့လည်း ခပ်ကောင်းကောင်းပဲ မိန်းမရဲ့”
“ကလေးတွေကိုဆုံးမနေတာ ရှင်က မဟုတ်တာတွေကို ဘာကိစ္စ၀င်ပြောနေရတာတုံး”
ဟုတ်တာတွေပြောနေတာဟု ထပ်ပြောလိုက်ချင်ပေမဲ့ မိန်းမနှင့်အငြင်းမပွားလိုသေးတာကတစ်ကြောင်း၊ ကလေး တွေကို ဆုံးမနေချိန်မှာ ဖျက်လိုဖျက်စီး ၀င်မပြောသင့်တာကတစ်ကြောင်းမို့  လောလောဆယ်မှာတော့ နှုတ်ပိတ်နေလိုက်ပါ သည်။ ဆိုက္ကားသမားတစ်ယောက်၏၀င်ငွေသည် စားဝတ်နေရေးပြသနာများကိုဖြေရှင်းရန်အတိုင်းအတာတစ်ခုအထိ ကောင်း မွန်စွာ လုံလောက်ကြောင်းကိုတော့ တချိန်ချိန်မှာ သူ့ မိန်းမအားသိအောင် ပြောပြရပါအုံးမည်။
လုပ်အားတန်ဖိုးကို ထောင့်တစ်ခုမှ irony ဆန်ဆန် ဖြည့်တွေးပေးလိုက်တာလို့ ထင်ပါတယ် ...
ReplyDelete