ဒီနေ့ ကျုပ် စိတ်တွေ ရှုပ်နေတယ်။
ကျုပ် မိသားစု ကိစ္စရော၊ မြို့နယ် နာရေးကူညီမှုအသင်း ကိစ္စရော…။ အို.. စုံလို့..။
အဲ.. အဓိက ပြဿနာကတော့ အပြောင်းအလဲကို လူတွေ ကျင့်သား မရသေးတာလို့ပဲ ထင်တယ်။
ဒီလိုဗျာ..။
ကျုပ် ဒီနေ့ လက်ဘက်ရည်ဆိုင်ရောက်တော့ ‘ငပု’ နဲ့တွေ့တယ်။ အဲဒီကောင်က
နေရာတကာ ပါလေရာ..။ စာသမားယောင်ယောင်၊ နိုင်ငံရေးသမားယောင်ယောင်၊ ပြီး
လူမိုက်ယောင်ယောင် လို့ ပြောရမယ့်ကောင်။ လက်ဘက်ရည်ဆိုင်ထိုင်မိရင်လည်း
အာဘောင်အာရင်းသန်သန်နဲ့ ဟိုပြော၊ ဒီပြော။ ခုလည်း စလိုက်ပြန်ပြီ။
ကျုပ်တို့မြို့နယ် ဆေးရုံကိစ္စ။
ဒီလိုဗျာ။
ကျုပ်တို့မြို့မှာ မူလကတည်းက မြို့နယ်ပြည့်သူ့ဆေးရုံ ရှိနှင့်ပြီးသားပါ။
နာဂစ်မုန်တိုင်း ပြီးတဲ့နောက်တော့ ဇာတာစန်းလာဘ် တက်လာတယ် ပြောရမှာပေါ့။
နိုင်ငံတော်ရဲ့ စေတနာလို့လည်း ပြောရမှာပေါ့။ ‘သုံးမိုင်မြို့သစ်’ ဆိုတာ
နေ့ချင်းညချင်း ဘွားခနဲပေါ်ပေါက်လာခဲ့တာ။ လျှပ်စစ်မီးတွေလည်း နေ့၊ညမပြတ်
ထိန်လင်းလို့ပါ။ အရှင်မွေး၊ နေ့ချင်းကြီးဆိုတာလို ဟော.. ခရိုင်မြို့သစ်ကြီး
ဖြစ်စေသတည်း။ ၀မ်းမြောက်ဂုဏ်ယူစရာ ကောင်းလိုက်ပုံများ။
ဒီတော့လည်း
ခရိုင်မြို့ရဲ့ ဂုဏ်အင်္ဂါရပ်နဲ့အညီ သုံးမိုင်မြို့သစ်မှာ
ခရိုင်ဆေးရုံသစ်ကြီးကလည်း မျက်လှည့်ပြလိုက်သလို ဘွားဘွာပေါ်လာခဲ့တော့တာ။
အားရစရာကောင်းလိုက်ပုံက ကျုပ်တို့တစ်သက် မြို့ပေါ်မှာ တစ်ခါဖူးမှ
မမြင်ဖူးခဲ့တဲ့ အထူးကုသမားတော် ပါရဂူကြီးတွေ၊ ဆေးဝါးနဲ့ ကိရိယာတွေ.. အို ..
အလျှိုလျှို ဆိုသလို ရောက်လာနိုင်ခဲ့ပြီလေ။ သူတို့ထိုင်တဲ့ ပုဂလိက ဆေးရုံ၊
ဆေးခန်းတွေဆိုတာလည်း အပြိုင်းအရိုင်း ပဒေသာပင်သီးနေတော့တာပ။ အားရှိစရာပဲ။
ဟို အရင်ကလို ဘာရောဂါလေးဖြစ်လာလာ ရန်ကုန်ရွှေမြို့တော်ကြီးကို
ငွေထုတ်ပိုက်ပြီး သွားစရာ မလိုတော့ဘူးလေ။ တစ်ခုပဲ။ မူလမြို့နယ်ဆေးရုံလေးက
ခရိုင်ဆေးရုံသစ်ကြီးဆီ ပြောင်းရွှေ့သွားခဲ့ပြီဆိုတော့ ဆေးရုံ
အဆောက်အဦးဟောင်းလေးပဲ ငေါင်းစင်းစင်းကျန်ရစ်တော့တာပါ။
ဆေးရုံသစ်က
သုံးမိုင်မြို့သစ်မှာ။ မြို့သူ၊ မြို့သားအများကတော့ မူလမြို့ဟောင်းလေးမှာ
ပိုနေမြဲ၊ ကျားနေမြဲ ကျန်ရစ်ကြတာ ဆိုပေမယ့် အဆင်ပြေပါတယ်ဗျ။ လူနာတင်ကားက
အသစ်စက်စက် နှစ်စီးတောင် ထားပေးတာပဲ။ ဒါတောင် ‘နှလုံးသား’ ကျန်းမာရေး ကူညီမှုအဖွဲ့က အခမဲ့သယ်ပို့ပေးနေတဲ့ ကားတွေ မပါသေးဘူး။
ဟိုတုန်းက
ခရီးသည်မရှိလို့ ညည်းနေရတဲ့ ဆိုင်ကယ် ကယ်ရီသမားတွေလည်း လူနေကျဲပါးသေးတဲ့
ခရိုင်မြို့သစ်မှာ မင်းမူနေတဲ့ တည်းခိုခန်းတွေ၊ ကေတီဗီဆိုင်တွေကြောင့်
အဆင်ပြေနေကြပြီ မဟုတ်လား။ ဘယ်လောက်များ အဆင်ပြေလိုက်သလဲ ဆိုတာ။ အလုပ်အကိုင်
အခွင့်အလန်း အသစ်တွေကို ပွင့်လို့..။
ဒါကိုပဲ အဲဒီကောင် ဂျပုက မကျေနိုင်၊ မချမ်းနိုင် ဖြစ်နေတယ်လေ။
မြို့သူမြို့သား
အများစုနေတဲ့ မြို့ဟောင်းမှာ ဆေးရုံမထားပဲ လူသူကျဲပါးသေးတဲ့
သုံးမိုင်မြို့သစ်မှာ ဆေးရုံကို သွားဖွင့်ထား နှင့်ရပါ့မလားဆိုပြီး။ အံမယ် စုပေါင်းလက်မှတ်ထိုးပြီး သမ္မတဆီတောင် စာတင်ဦးမှာတဲ့။ ရာရာစစ..။
ခက်တယ်။ အရှည်ကို မမြော်မြင်တတ်တော့ ထင်ရာ ပြောနေပြန်တာပဲ။
ဟုတ်တယ်လေ။
ရောဂါဖိစီးခံနေရတဲ့ လူနာဆိုတာ ဆိတ်ဆိတ်ငြိမ်ငြိမ် ပတ်ဝန်းကျင်မျိုးမှာသာ
ပိုလို့ အဆင်ပြေမှာပေါ့။ လူသံ၊ သူသံ၊ ကားစက်သံတွေနဲ့ ဝေးနေတော့ စိတ်ဖိစီးမှုတွေလည်း မရှိတော့ဘူးပေါ့။ သင်း.. ဒီလောက်ကလေးတောင် မတွေးတတ်ဘူးလား။
ဆေးရုံအသစ်စက်စက်ကြီးဆိုတာ
ဟိန်းမားခန့်ငြားလိုက်သမှ။ ထည်ဝါနေလိုက်သမှ။ လူသွားစင်္ကြံတွေကအစ
တပြန့်တပြော။ ညမပြောနဲ့ နေ့ဘက်တောင်မှ လူသွားလူလာ မရှိသလောက်ရှင်းနေလို့ သရဲ
ခြောက်မှာ စိုးရသေး။ အခန်းအားလုံး ရေအစုံ၊ မီးအစုံ။
ဘိုထိုင်အိမ်သာတွေကလည်း အပေါ့၊အလေးစွန့်ရမှာတောင် အားနာတယ်။
ပတ်ဝန်းကျင်တစ်ခုလုံးလည်း တိတ်ဆိတ်အေးချမ်းလို့။ ဒါပေမယ့် ဆွေစုံမျိုးစုံ
လူနာမေးလာကြတဲ့ အလေ့တော့ လာကျင့်လို့ မရဘူးနော်။ မြို့ဟောင်းက အဆွေအမျိုးက
သုံးမိုင်ခရီး မြို့သစ်ဆေးရုံမှာလူနာလာမေးဖို့ဆိုတာ နည်းနောတဲ့
စွန့်စားမှုလား။ လူနာနဲ့လူနာစောင့်တွေ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လို့
မျက်စေ့သူငယ်နဲ့ ဧကစာရီကျင့်ဖို့တော့ ကောင်းမှကောင်းဗျာ။
ကျုပ်ကတော့ ရှင်းတယ်။
မင်းတို့လက်မှတ်ထိုးကြမယ့်အထဲမှာ ငါမပါဘူးလို့ ကြိုပြောထားလိုက်တယ်။
ဟုတ်တယ်လေ။ အားလုံး အဆင်ပြေနေသားပဲ။ ကြည့်.. အရင်က ကျုပ်တို့
နာရေးကူညီမှုအသင်းဆိုတာ စိတ်ဝင်စားသူ နည်းခဲ့သေးတာ။ အလုပ်လည်း သိပ်
မပြနိုင်ခဲ့ဘူး မဟုတ်လား။ ခုတော့ ကျုပ်တို့အသင်းကြီး အလုပ်နဲ့လက်
ပြတ်တယ်ကို မရှိတော့တာဗျို့။ ခါတလေ အချိန်မဲ့ဖုန်းတောင် နှစ်ခါ၊ သုံးခါ
ဝင်လာတတ်သေး။ အသင်းမှာ ကားမောင်းတဲ့ ဒရိုင်ဘာတောင် အလုပ်များလို့ဆိုပြီး
ညည်းငြူနေလွန်းလို့ လစာ နှစ်လစာ ပိုပေးလိုက်ရတယ်။ မှတ်ကရော…။

အဖြစ်မှာ အပျက်တွေတွဲနေကြောင်း ရှုမှတ်နိုင်ကြဖို့ သတိပေးလိုက်လေသလား ...
ReplyDeleteဟုတ်တယ် ဆေးရုံကို အဲ့မြို့ပြင်အဝေးကြီးသွားထားတဲ့ဟာကို ဘယ်လိုမှလက်ခံပေးလို့မရဘူး
ReplyDeleteအမှန်ပဲလေ
ReplyDelete