စာမရေးတာ နဲနဲကြာသွားတော့ ဘယ်က ဘယ်လို စရေးရမှန်းမသိ၊ ရေးချင်တာတွေက ရှိနေပေမယ့် စကားလုံးတွေက ထွက်မလာပဲ အတွေးထဲမှာ ပျောက်ရှကုန်တယ်။ အလုပ်ကလည်း ရှုပ်ချက်က ကမ်းကုန်အောင် ဆိုသလို အခန်းထဲက စားပွဲပေါ် ဘောပင် စာရွက် ကွန်ပျူတာ နှစ်လုံး၊ ဆေးလိပ်အတိုအစ ကော်ဖီခွက်တွေနဲ့ နေ့ညဆိုတာ မသိတော့တဲ့အထိ။ နားလို့ရတဲ့ အချိန်နည်းငယ်လေးတွေမှာ အွန်လိုင်းတက် စာတွေလိုက်ဖတ်(စာမဖတ်ရ တစ်နေ့တစ်ခါ မာတီမ၀င်ရရင် မနေနိုင်လို့ပါ)၊ အလုပ်ဆက်လုပ် သုံးရက်လောက်အိပ်ရေး ဆက်တိုက်ပျက်လာတော့ လူကကြောင်တောင်တောင် ဖြစ်လာပါလေရော မျက်လုံးနှစ်ဖက်က ဘယ်လိုမှ မပွင့်နိုင်အောင် အိပ်ချင်နေပေမယ့် တကယ်အိပ်ကြည့်တော့ ဘယ်လိုမှ အိပ်မပျော်၊ အိပ်လို့မရခဲ့ဘူး၊ ကွန်နက်ရှင်ကလည်း ရွှေပြည်ကြီးနဲ့ အပြိုင်နင်လား ငါလားပဲ။ (ရေထဲမှာဆိုတော့ သင်္ဘောသွားနေရင် လိုင်းကမငြိမ်လို့ပါ) အွန်လိုင်းမ၀င်မရ အိပ်မရမယ့်အတူ ဂျာနယ်တွေကောက်လှန်တော့ စကားလုံးတွေ ဖောင်းပွနေတာကများနေပြန်ရော။ မထူးဘူးဟဲ့.... အခန်းမီးကိုမှိတ် ဆေးလိပ်ခွက်ဘေးချပြီး ပက်ပက်စက်စက်ကို အတွေးနယ်ချဲ့မိပါတော့တယ်။ တွေးမိသမျှတွေထဲက ကျွန်တော် ခေါင်းထဲ မျက်ဝန်းထဲက မထွက်နိုင်သေးတာက “ရေချမ်းစင်”ပုံရိပ်ကလေး။
ကျွန်တော်ကျင်လည်ခဲ့ဖူးတဲ့ နေရာဒေသအချို့တွေမှာ ဒီလို ရေချမ်းစင်လေးတွေ ရှိခဲ့မြင်ခဲ့ဖူးတယ်။ ကြာတော့ကြာခဲ့ပြီပေါ့။ ကျေးရွာရပ်ကွက်မြို့လမ်းဆုံးလမ်းဂွ မိမိအိမ်ရှေ့ အရိပ်ကောင်းတဲ့ ပင်ကြီးဝါးကြီးတွေမှာ အဲ့ဒီရေချမ်းစဉ်လေးတွေ ရှိခဲ့ဖူးတယ်။ ရေချမ်းစင်တင်ဖို့ စင်ကလေးတွေဆောက် အောက်ခြေမှာ သဲခင်းရေရွှဲစိုအောင် လောင်းထားကြတယ်။ ပြီးရင် စပါးစေ့အနည်းအငယ်ကိုဖြူးထားတဲ့နောက် တစ်ပတ်လောက်ကြာရင် စိမ်းစိမ်းစိုစိုစပါးပင်လေးတွေနဲ့ အဲ့ဒီစင်ကရေကို မသောက်မနေနိုင်ဖြစ်ခဲ့ဖူးတယ်။ သဲရေ အအေးဓါတ်က ရေအိုးထဲကို ကူစက်စေတာမို့ သဘာဝရေအေးအေးလေး တစ်ကယ့်ကို အမောအပမ်းပြေခဲ့ရပါတယ်။ တစ်ချို့ ရေချမ်းစင်က ရေခွက်လေးတွေကို အုန်းမှုတ်ခွက်ကိုလက်ကိုင် တုတ်တစ်ချောင်း အပေါက်ဖောက် ထိုးထည့်ထားကြတာ ချစ်စရာ အလေ့အထလေးတွေပါပဲ။
စေတနာရှိတဲ့လူ ကုသိုလ်လိုချင်သူတွေက နေ့စဉ်ဒီရေအိုးလေးတွေကို ရေဖြည့်သန့်ရှင်းရေးလုပ်ပေးကြနဲ့ ရေချမ်းစင် ယဉ်ကျေးမှုထွန်းကားခဲ့ ကာလတွေပါပဲ။ မိဘတွေက ဆုံးမခဲ့ဖူးတယ်။ “ဆာလောင်တဲ့ အချိန်မှာရေတစ်ခွက်ဟာ ဘယ်လောက် အမောအပမ်းပြေစေသလဲ။ ဘယ်သူဘယ်ဝါ ကုသိုလ်ပြုထားတာ မသိနိုင်ပေမယ့် ရေသောက်ပြီးတိုင်း မေတ္တာပို့ပေးခဲ့ပါသား”တဲ့။ အနည်းဆုံးတော့ ရေကုသိုလ်ရှင်“ရေလိုအေးလို့ ပန်းလိုမွှေးပါစေ”အစရှိသဖြင့် ရန်ကုန်-မန္တလေး-မြစ်ကြီးနား အစရှိတဲ့ မြို့တွေကို ရထားနဲ့ ခရီးတွေသွားခဲ့ဖူးတယ်။ ရထားရပ်တဲ့ မြို့ဘူတာတွေမှာ ကျွန်တော့်အထင်တော့ မနက်စောစောဟာ ဒီအသံတွေ ပိုသာယာခဲ့စေသလား။
“ရေရမယ်..ရေ” “ရေကုသိုလ်... ရေကုသိုလ.်...”တဲ့။ ရေအိုးလေးတွေ ခေါင်းပေါ်ရွက်လာပြီး ရထားပတ်လည်မှာ အော်ပြီး ၀မ်းရေးအတွက် ရုန်းကန်နေကြတာ။ အ၀သောက်ပြီးရုံမက ပါသမျှဗူးခွက်တွေထဲကိုဖြည့် မျက်နှာသစ်သွားတိုက်၊ တစ်ချို့ရေထမ်းရောင်းတဲ့ လူတွေရှိသေးတယ်။ ရထားရပ်တဲ့အချိန်ကြာရင် ရေချိုးပြီးတာနဲ့ စေတနာရှိသလောက် ပေးကမ်းလိုက်ရုံပဲ။ သူတို့အသက်မွေးဝမ်းကျောင်းက ဘယ်လောက်များ ဖြူစင်လိုက်ပါသလဲ။ ကုသိုလ်လည်းရ ၀မ်းလည်းဝတဲ့ ကိုယ်တိုင်လည်း ရေအိုးစင်လေးတွေ ရေဖြည့်သန့်ရှင်းရေး ကြုံရင်ကြုံသလိုလုပ်ခဲ့ဖူးတယ်။ သွားရင်းလာရင်း ရေသောက်သွားကြသူတွေ အမောအပမ်းပြေသွားရင် ကိုယ်တိုင်လည်း ပျော်ရွှင်နေမိခဲ့တယ်။ ဆယ်တန်းဖြေပြီး ဟိုယောင်ယောင်ဒီယောင်ယောင် အချိန်တွေမှာ ခင်မင်တဲ့ သူငယ်ချင်းတွေ အသင်းအဖွဲ့လေးဖွဲ့ သာရေးနာရေးတွေမှာ ကုသိုလ်ပြုခဲ့သလို အပတ်စဉ်တိုင်း ဆွမ်းဆန်စိမ်းအလှူခံ နီးစပ်ရာ ဘုန်းကြီးကျောင်းတွေမှာ လှူဒါန်းကြ။ ဒီဘက်အဖွဲ့အင်အားတောင့်လာတော့ ဆရာတော်တွေ လူကြီးသူမတွေနဲ့ ညှိနှိုင်းတိုင်ပင်ပြီး ကျောင်းစေတီတို့နဲ့ မနီးမဝေး ကားလမ်းမပေါ်မှာ ယာယီမဏ္ဍာပ်ဆောက်ပြီး ဖြတ်သွားတဲ့ ကားတွေ ခရီးသည်တွေဆီက အလှူခံကုသိုလ်ယူကြတယ်။ ကုသိုလ်ရှင်တွေကို ကျွန်တော်တို့ရဲ့ တုန့်ပြန်မှုက ရေခဲရေ အချိုရည် အစရှိသဖြင့် နေပူမိုးရွာမရှောင်ခဲ့ကြဘူး။
အဖွဲ့ထဲမှာ နေ့စဉ်လူအလှည့်ကျ ရက်သတ်မှတ်ပြီး ကိုယ့်ထမင်းကိုယ်စား လုပ်အားပေးခဲ့ကြ ညနေစာရင်းသိမ်းလို့ ကျောင်းကို ပြန်အပ်ရင် ဘယ်နေ့က ဘယ်လောက် အချင်းချင်းတွေ အပြိုင်အဆိုင် သဒ္ဓါယိုဖိတ်ခဲ့ကြတာပါ။ ရေတစ်ခွက်တစ်ဖလားက အစပြုတဲ့ ကုသိုလ်တွေ စုပေါင်းတဲ့ အခါမှာ တစ်ကယ်ကို မှတ်မှတ်ရရ ကုသိုလ်တွေပြုခဲ့နိုင်တယ်။ လမ်းဘေးအလှူခံမှာ သာသနာ့အလံတွေ တလူလူနဲ့တွေပါပဲ။ နောက်များမကြာပါဘူး။ အသက်မွေးဝမ်းကျောင်းပြုစရာရှားလို့ အလှူခံတွေကို ကန်ထရိုက်စနစ်တွေ ရာခိုင်နှုန်းနဲ့ နေ့စားဝန်ထမ်းတွေ ပေါ်ပေါက်လာခဲ့ပြီး တစ်နိုင်ငံလုံးမြို့ရွာအနှံ့တွေမှာ မှိုလိုပေါက်လာတဲ့ အလှူခံတွေ။ ဖြတ်သွားဖြတ်လာ ကား၊ ဆိုင်ကယ်၊ ခရီးသည်တွေကို တစ်ချို့နေရာတွေမှာ ဇွတ်ရော နင့်ကန်ရော အလှူခံနေလိုက်ကြတာများ။
၂၀၀၈/၂၀၀၉ ပြန်သွားတော့ ဘုရားဖူးခရီးတွေ ထွက်ဖြစ်ခဲ့တယ်။ တန်ခိုးကြီး ဘုရားတော်တော်များများမှာ ပေါများလိုက်တဲ့ အလှူခံပုံးတွေ။ ဘာဘိုးဘိုး ညာဘိုးဘိုး ဘာမယ်တော် ဘာပြုပြင်ရန် နဲ့ ခရားရေလွှတ်အော်ပြီး အတင်းအားဓမ္မအလှူခံနေကြတယ်။ မေမေနဲ့မမကတော့ လှူမယ်ဆိုတာကြီးပဲ။ တစ်နေရာအရောက် ညနေစောင်းအချိန်ပေါ့ စောင်းတန်းဇရပ်တစ်ခုမှာ တစ်နေကုန်ရသမျှ အလှူငွေတွေကို ရေတွက် ဝေစုရှယ်ရာခွဲနေကြတဲ့ ဂေါပကဆိုတဲ့ သူတွေကို မျက်စိနဲ့ကိုယ်တိုင်မြင်ခဲ့ရပြီးနောက်တော့ ဘယ်သောအခါမှ အဲ့ဒီနေရာတွေမှာ ကျွန်တော် မလှူတော့ဘူးရယ်လို့ ဆုံးဖြတ်ခဲ့သလို အလှူခံတွေဆီကလည်း ရေတစ်ခွက်တောင်း မသောက်ဖြစ်တော့ပါဘူး။ သူတို့ တိုက်မယ့်ရေဟာလည်း အေးမြနိုင်မှာမဟုတ်ပါဘူး။
ကျွန်တော်ထပ် စဉ်းစားမိတယ်။ လမ်းဘေးရေချမ်းစင် အလေ့အထတွေ ဘာကြောင့် ပျောက်ကွယ်ကုန်သလဲပေါ့။ အဲ့ဒီအချိန် ရေချမ်းစင်က ရေခွက်လေးတွေမှာလည်း အရင်က အုန်းမှုတ်ခွက် သံခွက် ပလပ်စတစ်ခွက်အမျိုးမျိုး နေရာယူခဲ့ကြသလို ပလပ်စတစ်ခွက်လေးတွေရဲ့ လက်ကိုင်လေးတွေမှာ ကြိုးလေးတွေ ချည်လို့ နေရာယူထားကြနေပါပြီ။ ဘာကြောင့်ပါလဲ။ ကျွန်တော် နားလည်မိတာကတော့ ညဘက် မိုးချူပ်လို့ ပုဆိုးကွင်းသိုင်းပြီး အမေနဲရွာကိုလွမ်းသူတွေက အဲ့ဒီစင်က ရေကို အရက်နဲ့စပ် ရေခွက်ကို အသုံးပြုရေချိန်တက်လာရင် သူ့ထက်ငါ လူစွမ်းကောင်းပြကြလေတော့ ရေချမ်းစင် ရေအိုးရေခွက်တွေ ဘ၀တစ်ပါးသို့ မကြာခဏ ပြောင်းရဖန်များလာတော့ ကုသိုလ်ရှင်များအတွက် ဒီတစ်ခါတော့ “ကုသိုလ်မရ ငရဲရ”တဲ့ အပြစ်တွေကို မခံစားနိုင်တော့တဲ့အဆုံးမှာတော့ ရေချမ်းစင် ယဉ်ကျေးမှူတွေ ပျောက်ကွယ်လုနီးပါးဖြစ်ခဲ့ရတာပါပဲ။
ဒုတိယ တစ်ခုကတော့ တိုးတက်ပြောင်းလဲမှုတွေနဲ့အတူ ရေသန့်ဗူးယဉ်ကျေးမှုထွန်းကားလာခြင်းပါပဲ။ ကောင်းမွန်တဲ့ ပြောင်းလဲခြင်းတစ်ခုပါပဲ။ သယ်ရပြုရ သောက်သုံးရ လွယ်ကူလာတယ်။ ဥပမာ-အနေနဲ့ လွန်ခဲ့တဲ့လတွေမှာ ရေတွင်း ရေကန်တွေ ခမ်းခြောက်လာတော့ ကုသိုလ်ပြုသူတွေ အနေနဲ့ ရေသန့်ဗူးတွေ ကျေးဇူးကြောင့် အိမ်တိုင်ယာရောက် လှူဒါန်းနိုင်ခဲ့ကြပါတယ်။
ဒီရေသန့်ဗူးတွေမှာလည်း မရိုးသားမှုတွေက ကပ်ပါလာသလို ဈေးကွက်မှာ တံဆိပ်အမျိုးမျိုးနဲ့ နေရာယူလာကြတယ်။ တံဆိပ်ပေါ်မှုတည်ပြီး ဈေးနှုန်းကွာခြားသလို တော်တော်စီးပွားဖြစ်လုပ်လာကြပေမယ့် တစ်ချို့သော ရေသန့်ဗူးတွေမှာ ပလပ်စတစ်နဲ့ ပြန်ပတ်ပါကင်လုပ်ပြီး ရောင်းစား အိမ်ပို့တဲ့ ရေဗူးတွေကို ကြုံရာနေရာကနေ ရေကိုဖြည့်လာတာ ရေသန့်ဗူးတွေမှာ ရေညှိတွေပါလာကြတာ ကြားသိနေရတာပါပဲ။ ရေသန့်ဗူးခြင်းအတူတူ ဘယ်လိုနည်းပညာ ဖျော်စပ်မှုတွေကွဲပြားသွားတယ်မသိ ဈေးနှုန်းတွေက မတူပြန်ဘူး။ ကျွန်တော့်ပါးစပ်ကတော့ ရေအရသာကိုတော့ မခွဲခြားတတ်ခဲ့ပါ။
ရေချမ်းစင်နဲ့ ရေသန့်ဗူးလေးတွေကို ပမာပြုရင်း မိမိကိုယ်ကို ပြန်ဆန်းစစ်မိခဲ့တယ်။ ငယ်ရွယ်စဉ်ဘ၀တွေမှာ လမ်းဘေး ရေချမ်းစင်လေးတွေလိုပဲ ဘ၀က အေးချမ်းတယ်။
သန့်စင်တယ်။ ရယူလိုမှုကင်းတယ်။ မာန်မာနတွေလည်း လျော့နည်းတယ်။ အသက်အရွယ်ရလာတာနဲ့ ရေသန့်ဗူးလို တစ်ခါတစ်ရံ ညစ်နွမ်းတာတွေရှိလာတယ်။ နေရာရချင်လာတယ်။ ရယူလိုမှုတွေများလာတယ်။ အောင်မြင်ချင်လာတယ်။ လူရာဝင်ချင်လာတယ်။ ကုသိုလ်သီးသန့် စိတ်ထားလေးတွေ အရောင်ပြောင်းချင်လာတယ်။ ဈေးကွက်မှာ နေရာယူသလို ကိုယ့်တန်ဖိုးမြှင့်ချင်လာတယ်။ ငယ်စဉ်ဘ၀လို လောဘဒေါသတွေ မကင်းနိုင် မရောင့်ရဲနိုင်သလို အလိုမကျမှု အလိုမပြည့်မှု သည်းမခံတတ်မှုတွေ များပြားလာခဲ့ပြီ မဟုတ်ပါလား။ ဒီတော့ အသက်ရှင်မယ့် ကာလအပိုင်း အခြားလေးမှာ ငါ့ကိုယ်ငါ ရေချမ်းစင်လိုမျိုး ကျင့်ကြံနိုင်အောင်ကြိုးစားရမှာပါလား ဆင်ခြင်ရမှာပါလား ဆိုတဲ့ အတွေးတစ်စက ကျွန်တော့်ရင်မှာ နေရာယူလျှက် ရှိနေပါတော့တယ်။

{ကိုကြီး}
ဖတ်ပြီး ရင်ကို အေးချမ်းစေခဲ့ပါတယ် ... ကိုရီးရေ ...
ReplyDelete