STARTING OUR WEBSITE
Published at 1st. JANUARY. 2013

Tuesday, December 18, 2012

အိပ်လို့မပျော်ရင် ဘယ်လိုလုပ်ရမလဲ ??



ကျွန်တော်တို့တွေ ညဖက်တွေမှာများ အရေးကြီးအလုပ်တစ်ခုခု ပေါ်လာတဲ့အခါ မအိပ်မနေ လုပ်ရပြီ ဆိုကြပါစို့။ ဒီအခါမှာ နောက်တစ်နေ့မနက် .. ခေါင်းထဲ မကြည်လင်တာ၊ နုံးခွေတာ၊ အိပ်ငိုက်နေတာတွေကို လူတိုင်း ခံစားဖူးကြပါတယ်။
ဒီ့ထက်ဆိုးတာက တစ်ခါတစ်ရံ အိပ်ယာထဲရောက်ပြီးမှ အတွေးတစ်ခုခု ခေါင်းထဲရောက်သွားတာမျိုး။ ဒီအခါမှာ အတွေးနောက် ကောက်ကောက်ပါအောင်လိုက်ရင်း မျက်လုံးကြောင်တောင်နဲ့ မိုးလင်းသွားရတာတွေလည်း ကြုံခဲ့ကြရဖူးပါလိမ့်မယ်။ အရေးကြီးအလုပ်တစ်ခုခုကြောင့် မအိပ်ရတာက လူပဲပင်ပန်းရုံ။ မျက်စေ့ကြောင်ပြီး အိပ်မပျော်တာကတော့ စိတ်ပါပင်ပန်းရတယ်။ အိပ်နေတဲ့ အခြားတစ်ယောက်ရဲ့ ဟောက်သံလေးများ ကြားလိုက်လို့ကတော့ စိတ်ပါတိုလာရော။ ကိုယ့်ဘာသာအိပ်မပျော်တာကိုပဲ သူ့ဟောက်သံကြောင့်လိုလို ..။
ဟုတ်ပါပြီ။ ဒီလိုမျိုး အိပ်ယာထဲရောက်နေပါရဲ့သားနဲ့ အိပ်မပျော်ဖြစ်တတ်သူတွေအတွက် နည်းလမ်းလေးပါ။
ကျွန်တော့်ကို ညီငယ်တစ်ယောက်က တောင်းဆိုထားတာလေးပါ။ အိပ်မပျော်တဲ့ရောဂါ ခံစားနေရတာ သုံးနှစ်ကျော်နေပြီတဲ့။ သောက်ခဲ့ဖူးတဲ့ ဆေးတွေလည်း စုံပြီတဲ့။ ပိုကောင်းတဲ့ ဆေးနည်းလေးများရှိရင် အစ်ကို့ဆိုဒ်မှာ ရေးတင်ပေးပါ … တဲ့။
ဟုတ်ကဲ့။ သုံးနှစ်ကျော်လောက် ဆေးစုံအောင်စမ်းကြည့်လာခဲ့ဖူးသူမို့ ဆေးနည်းတွေပေးလည်း ထူးလာမှာ မဟုတ်ပါဘူး။ ဒါကြောင့် သူ့ကို ကျွန်တော်က ဓါတ်နည်းလေး ပေးဖြစ်လိုက်ပါတယ်။ သုတေသီဆရာငြိမ်းရဲ့ ဓါတ်နည်းလေးပါ။ မိတ်ဆွေစာဖတ် … သင်ကိုယ်တိုင် အိပ်မပျော်တဲ့အခါ ဒီနည်းလေးကို စမ်းကြည့်ပါလို့ တိုက်တွန်းပါရစေ။
သုတေသီဆရာငြိမ်းရဲ့ ``လက်တွေ့ အသုံးဝင် နည်းစုံလင်´´ စာအုပ်မှ ကူးယူ ဖေါ်ပြပေးလိုက်ပါတယ်။
နည်းလေးကတော့ ကိုယ်ပတ်ဝန်းကျင်မှာရှိနေကြတဲ့ အပင်တွေထဲက ကြောင်ပန်းရွက် ကိုရှာပါ။ ရလာရင် ကြောင်ပန်းအရွက်တွေကို သပ်ချ၊ခြွေချပြီး  ခေါင်းအုံးလေးအဖြစ် ဖန်တီးလိုက်ပါ။ ကြောင်ပန်းရွက် ခေါင်းအုံးလေး ရလာပြီးဆိုရင်ဖြင့် စိတ်သာချပါတော့။ ဒီခေါင်းအုံးလေးပေါ် ခေါင်းတင်ပြီး မှေးလိုက်တာနဲ့ ဘာမှကြာလိုက်မှာ မဟုတ်ပါဘူး။ မျက်လုံးတွေ စင်းကျ၊ မျက်တောင်တွေ မှေးကျလာပြီး နှစ်နှစ်ခြိုက်ခြိုက်ကြီးကို အိပ်မောကျသွားမှာပါ။
                                                                                      ထပ်ဆင့်ဖြန့်ဝေသူ ...မင်းမင်းဇော်
                                                                             (မြန်မာတို့အတွက် မြန်မာ့ဆေးမြီးတိုများ)
 

0 comments:

Post a Comment

Comment လေးတစ်ကြောင်းဟာ စာရေးသူအတွက်အားဆေးပါ .. ကျေးဇူးပြုပြီး အခု Post နဲ့ပတ်သက်လို့ စာဖတ်သူရဲ့ အမြင်ကိုလည်း မျှဝေခဲ့ပါဦး ...



Flag Counter