.
.
.
သူတစ်ပါးကို အတတ်နိုင်ဆုံး ကူညီတတ်ပါသော၊ စကားပြောလျှင်လည်း မည်သည့်အခါမျှ အထက်စီးက မပြောတတ်သော၊ တစ်ဖက်သား နာခံခက်အောင်လည်း မခနဲ့တတ်သော၊ ကိုယ်ကြောင့် တစ်ဖက်သား စိတ်အနှောင့်အယှက်ဖြစ်သွားလျှင်လည်း ပြန်၍ တောင်းပန်ဖို့ ဘယ်သောအခါမျှ ၀န်မလေးတတ်သော ကျွန်မကို သဘောကောင်းသည်ဟု ကျွန်မတို့ ပတ်ဝန်းကျင်ရှိ လူတစ်ချို့က သတ်မှတ်ကြပါသည်။
.
ထို့အတူ အထက်စီးနှင့် မပြောတတ်သောကျွန်မသည် ကိုယ့်အပေါ်ကို အထက်စီးနှင့် ပြောလာလျှင်လည်း မကြိုက်။ နာခံခက်အောင် ခနဲ့လာလျှင်လည်း မခံနိုင်။ ကိုယ်က ကောင်းပါလျက်နဲ့ ကိုယ့်အပေါ် ဆိုးလာလျှင် သည်းမခံ တတ်သော ဥာဉ်ဆိုးလေးကြောင့် လူတစ်ချို့က ကျွန်မကို စွာသည်ဟု ကောက်ချက်ချသူများလည်း ရှိပါသည်။
.
သို့သော် ကျွန်မသည် အကြာကြီးစိတ်မဆိုးတတ်။ စိတ်တိုလွယ်သည်။ ပြေလွယ်သည်။ စိတ်ပြေလွယ်ခြင်းက ကိစ္စမရှိပေမယ့် စိတ်တိုလွယ်ခြင်းက ကိစ္စရှိသည်။ ကျွန်မ၏ တစ်ခဏတာအတွင်း စိတ်တိုလွယ်မှုလေးကြောင့် ကျွန်မတစ်သက်တာ နောင်တရစရာနှင့် စိတ်မကောင်းဖွယ်ရာ ကြုံခဲ့ရပါသည်။
.
ကျွန်မတို့ မြို့လေးတွင် မခင်စောမုန့်ဟင်းခါးက နာမည်ကြီးဆိုပေမယ့် မြို့လယ်လိုနေရာမျိုးတွင် ခမ်းခမ်းနားနား ဖွင့်ထားသော ဟီးထနေသည့် ဆိုင်ကြီးမျိုးမဟုတ်ပါ။ ရပ်ကွက်ထဲရှိ မခင်စောတို့ နေအိမ်တွင်ပင် အပေါ်ထပ်မှာ လူနေပြီး အောက်ထပ်ကို ဆိုင်ဖွင့်ထားခြင်းဖြစ်သည်။ ကျွန်မတို့ ရပ်ကွက်တွင်သာမက အခြားရပ်ကွက်များကပါ မခင်စောမုန့် ဟင်းခါးကို လာ၍ အားပေးကြသည်။ ကျွန်မအိမ်က မခင်စောအိမ်၏ ခေါင်းရင်းဘက်ကပ်လျက်တွင်ရှိသောကြောင့် မခင်စောတို့ မိသားစုနှင့် ကျွန်မတို့ မိသားစုက ခင်ကြပါသည်။
.
မခင်စောတို့ မိသားစုဆိုသည်မှာလည်း မခင်စော၏ မိအို ဖအို နှစ်ပါးနှင့် မခင်စောစုစုပေါင်း သုံးယောက်ကို ခေါ်ခြင်းဖြစ်သည်။ မခင်စောက အိမ်ထောင်မရှိ။ အပျိုကြီး။ သဘောကောင်းသယောင် ရှိသော်လည်း ကတ်စီးကုတ်သည်။ ပေးကမ်းစွန့်ကြဲမှု ၀ါသနာမပါ။ စကားပြောလျှင် တင်စီးသည်။ မထင်လျှင်သခင်မရှိ။ ပက်ပက်စက်စက် ပြောတတ်သည်။ မခင်စောသည် မိအိုဖအိုကြီးတို့ကိုပင် လုပ်ကိုင်ကျွေးနေသော်လည်း စိတ်ထဲမတွေ့လျှင် မတွေ့သလို ပြန်အော်တတ်သည်။
.
သူ့ဆိုင်လာအားပေးသောသူများနှင့် သူနှင့်အတော်အတန်ခင်သော ရပ်ကွက်ထဲမှ လူများကို ``မုန့်ဟင်းခါး စားပြီးရင် ပန်းကန်လေးတွေ ကူသိမ်းပါဦး´´ ``မုန့်ဟင်းရေအိုးလေး မွှေလိုက်ပါဦး´´၊ ``မီးဖိုထဲ မီးသွေးလေး ထပ်ထည့်လိုက်ပါဦး´´ဆိုတာတွေက မန်းကျည်းပင်မှ မန်းကျည်းရွက်များ ကြွေသလို မပြီးနိုင်၊ မစီးနိုင် တဖြုတ်ဖြုတ်။ ခင်မင်သော မိတ်ဆွေများကလည်း ``သြော် ဒါလေးလုပ်ပေးရတာ ဘာပင်ပန်းတာမှတ်လို့´´ လို့ သဘောထားပြီး လူမှုရေးအရ မရိုင်းချင်သောကြောင့် လုပ်ပေးခဲ့ကြသည်သာ။ ဒါကို အခွင့်ကောင်းယူပြီး မခင်စောက ငါခိုင်းရင်ရတယ်။ ငါပိုင်တယ်၊ ပီတယ် .. ဆိုတဲ့ ပုံစံမျိုးနှင့် လုပ်ပေးသာစေတနာပျက်စေမည့် စကားကို ကွယ်ရာတွင် ပြောချင်သေးသည်။
.
မခင်စော၏ ပါးစပ်ကို လူတိုင်းကြောက်ကြသော်လည်း မခင်စောမုန့်ဟင်းခါးက ကောင်းသောကြောင့် ကျွန်မတို့ ရပ်ကွက်လေးသည် မနက်စာကို နီးနီးနားနားရှိ မခင်စောမုန့်ဟင်းခါးနှင့်ပင် ပြီးလိုက်ကြသည်။ ညနေတွင် ညစာထမင်း မစားခင်လည်း အစာပြေသွားစား လိုက်ကြသေးသည်။ မုန့်ဟင်းခါးစားစဉ်၊ ၀ယ်စဉ်ခဏသာ မခင်စောနှင့် ဆက်ဆံရတာ မဟုတ်ပါလား။ ခဏတာတော့ ဘယ်သူမဆို သည်းခံပေါင်းကြပြီး အခြား ကူးလူးဆက်ဆံမှုတော့ အိမ်နီးချင်းကအစ ဘယ်သူမှ မပြုလုပ်ကြပါ။ မခင်စောကလည်း သူတို့ဆိုင်က အလုပ်ဖြစ်သောကြောင့် သူ့အလုပ်နှင့်သူ ရှုပ်နေတတ်ပြီး အချိန်ကုန်ရသည်က များသည်။ ကျွန်မတို့အိမ်နှင့်သာ အဆက်အဆံရှိပြီး ပတ်ဝန်းကျင်နှင့် ခပ်ကင်းကင်းပင်။

အိမ်နီးနားချင်းများက မခင်စောမုန့်ဟင်းခါးနှင့် မကင်းနိုင်ကြသော်လည်း မခင်စောမကောင်းကြောင်း၊ တင်စီးကြောင်း ကိုတော့ ပြောမဆုံးကြပါ။ ကျွန်မကတော့ မခင်စောမုန့်ဟင်းခါးနှင့်လည်း မကင်းနိုင်။ မခင်စောနှင့်လည်းမကင်းနိုင်ပါ။ မခင်စောမှမဟုတ်။ အခြားအိမ်နီးချင်းများနှင့်လည်း မကင်းနိုင်ပါ။ အိမ်နီးချင်းများ ဖြစ်နေတာကိုး။ အိမ်နားနီးချင်း ဆွေမျိုးရင်းဟု သဘောထားပါသည်။ မခင်စောကလည်း အခြားသူများထက် ကျွန်မကို ပိုခင်ပါသည်။
.
.
ကျွန်မအမျိုးသားကတော့ ``မခင်စောက မင်းကို ပိုခင်မှာပေါ့ကွ။ မင်းကခိုင်းကောင်းတာကိုး..´´ ဟုပြောပါသည်။ ကျွန်မက ခိုင်းကောင်းတာ ဆိုတာထက် ကျွန်မကိုယ်၌ကလည်း ကူညီချင်တာပါ ပါသည်။ မခင်စောက တစ်ယောက်တည်းသမား။ ဈေးသွားလည်းသူ။ ချက်တော့လည်း သူ။ ကောင်မလေးတစ်ယောက် ခေါ်ထားသော်လည်း အလုပ်က လက်မလည်။
.
.
ကျွန်မတို့အိမ်မှာက ကျွန်မတို့လင်မယား နှစ်ယောက်သာရှိပြီး ကလေးလည်း မယူကြသေးသောကြောင့် သားသမီးအလုပ် ဗာဟီရကရိကထလည်း မရှိ။ အမျိုးသားအလုပ်သွားချိန်တွင် ကျွန်မက ချက်ပြုတ်၊ အိမ်သန့်ရှင်းရေးလုပ်၊ ပြီးလျှင် .. အချိန်က ပိုနေတတ်ပါသည်။ အ၀တ်လျှော်စရာ ဆိုတာကလည်း နှစ်ယောက်စာ အ၀တ်ဆိုတော့ ထွေထွေထူးထူး အချိန်ပေးလျှော်စရာမလို။ တစ်နေ့စာအ၀တ်ကို တစ်နေ့တာ ရေချိုးရင်း လျှော်သွားလိုက်ရုံပင်။ အိမ်လည်ဝါသနာ မပါသောကျွန်မက အားနေလျှင် စာအုပ်ဖတ်၊ ဒါမှမဟုတ် တီဗွီ ကြည့်ရင်ကြည့်။ ကျွန်မအလုပ်မရှုပ်တတ်တာ သိသော မခင်စောက ``ဝေေ၀ရေ .. အစ်မကြီး လက်မအားလို့ ငါးရိုးလေး ကူသင်ပေးပါဦး။´´ ``ကြက်သွန်နီဥလေး အခွံနွာပေးပါဦး။´´ … လို့ အကူအညီတောင်းလျှင် ကျွန်မကူလုပ်မြဲ။
.
.
မခင်စောက သူ့ဆိုင်အလုပ်နှင့်ပင် သူရှုပ်နေတတ်သောကြောင့် မိအို ဖအိုကြီးများကို သိပ်ပြီး ဂရုမစိုက်နိုင်။ မိအို ဖအိုကြီးများသည် သူတို့ကိစ္စ သူတို့ လုပ်နိုင်သေးသော်လည်း ကတုန်ကရင်နှင့် တနဲ့နဲ့သာ လုပ်နိုင်တော့သည်။ ထို့ကြောင့် ကျွန်မရှေ့တွင် အဖိုးကြီးက သူစားဖို့ ထမင်းခူးနေတာတွေ့လျှင် ကျွန်မက ၀င်ပြီး ခူးပေးလိုက်တာမျိုး၊ အဖွားကြီးက ရေးချိုးဖို့ ဟန်ပြင်နေလျှင် ရေ၀င်ခပ်ပေးလိုက်တာမျိုးဖြင့် ကျွန်မလုပ်ပေးခဲ့သည်။ သက်ကြီးရွယ်အိုများကို ကူညီပေးခြင်းဖြင့် ကုသိုလ်ယူသည်ဟုသာ သဘောထားပါသည်။
.
.
ဒီနေ့တော့ ထုံးစံအတိုင်း ချက်ပြုတ်ပြီးစီးလို့ ဘုရားဆွမ်းတော်၊ ရေချမ်းတော် ကပ်လှူပူဇော်အပြီး `အေးအေးဆေးဆေး စာဖတ်လိုက်မဟဲ့..´ဟု စာအုပ်လေး ကောက်ကိုင်လိုက်ရုံရှိသေး …
.
.
``ဝေေ၀ရေ … နင့်အဘွားကြီးကို လာပြီး ဆေးလေးတိုက်လှည့်ပါဦးကွယ်။ အမေရယ်လေ ညက အဖျားတွေ တက်လိုက်တာ။ အစ်မကြီးက ဒီမှာ မအားသေးလို့ …´´
.
.
တစ်ဖက်အိမ်က အစ်မကြီး မခင်စောအသံ။ ကျွန်မလည်း စာအုပ်လေး ပြန်ချထားလိုက်ပြီး တစ်ဖက်အိမ်ကို ကူးသွားပါသည်။ အစ်မကြီးဆိုင်မှာ ထုံးစံအတိုင်း လူတွေကျနေသည်။ အဘွားကြီးဆီရောက်တော့ ကိုယ်ကတော့ ပူမနေပါ။ သို့သော် အဘွားမျက်နှာက မကြည်လင်။
.
.
``အဘွား .. ညကဖျားတယ်ဆို´´
``ဟုတ်တယ်သမီးရယ် .. ဘာမှာသွားလည်း မသိပါဘူး။ သမီးခင်စောက ဆရာဝန်ဆီသွားပြောတော့ ဆရာဝန်က ဆေးပေးလိုက်တယ်။ အဘွား ညက တစ်ခွက်သောက်ပြီးပြီ။´´
``အခုလည်း တစ်ခွက်သောက်ရမယ် အဘွား´´
``သြော် .. သောက်ရဦးမှာလား။ အေး .. အေး .. သောက်ဆိုလည်း သောက်ရုံပေါ့။´´

အဘွားကိုဆေးတိုက်၊ အိပ်ယာထက်မှာ အသာအယာလှဲပေး၊ စောင်ပါးလေးတစ်ထည် ခြုံပေးခဲ့ပြီးမှ ကျွန်မပြန်လာခဲ့သည်။
.
...... ……..

``ဝေရေ .. ဒီနေ့ညနေ (၃) နာရီကားကို လက်မှတ်ဖြတ်လာခဲ့တယ်။ မင်းပြင်စရာရှိတာ ပြင်ထားလေ။ ညနေ ၂ နာရီခွဲလောက်ကျတော့ ကားဂတ်ကို ကိုယ်လိုက်ပို့ပေးမယ်။´´

မိဘများရှိရာ ပုသိမ်သို့ တစ်နှစ်တစ်ခေါက် အလည်ပြန်နေကျ ကျွန်မအတွက်ပါ။ ဒီနှစ်အဖို့လည်း ထုံးစံအတိုင်း မိဘရပ်ထံ အလည်ပြန်ဖို့အတွက် ကားလက်မှတ်ဖြတ်လာပြီးကြောင်း ကျွန်မအမျိုးသားက သတင်းကောင်းပါးလာသည်။

``ဟုတ်ကဲ့အကို .. ခုမှ (၁) နာရီပဲ ရှိပါသေးတယ်။ အ၀တ်အစားလေး နှစ်စုံသုံးစုံ ထည့်ရုံပါ။ ဟိုကိုယူသွားဖို့ လက်ဆောင်ပစ္စည်းတွေက ထည့်ထားပြီးသား..´´
``ဟ .. ငါ့မိန်းမ သွက်လှပါလား။ ဟား … ဟား .. လက်မှတ်က အခုပဲ ဖြတ်ပြီးတယ်။´´
``အကိုကလည်း ဝေက သိနေတယ်လေ။ ဒီနေ့ ဝေ့အတွက် ကားလက်မှတ် ဖြတ်လာမယ်ဆိုတာ။ လွန်ခဲ့တဲ့ တစ်ပတ်က အကိုပြောထားတာ ဝေမှ မမေ့ပဲ။´´

ကျွန်မတို့ လင်မယား ပြောဆိုရယ်မောနေစဉ် အစ်မကြီး မခင်စော၏အဖေ အဘိုးကြီးက …
``ဝေေ၀ရေ .. အဘိုး ဆေးအသုံးလိုနေလို့ ကြိတ်မှန်ပင်လေး ရှာပေးစမ်းပါကွယ်။´´
``သြော် .. ဟုတ်ကဲ့ အဘိုး။ သမီးခုပဲ ရှာပေးခဲ့မယ်လေ။ သမီးက ညနေ ၃ နာရီကားနဲ့ ပုသိမ်ပြန်မလို့´´
``ဟေ .. ဟုတ်လား။ ဒါဆိုလည်း အဘိုးအတွက်တော့ ကြိတ်မှန်ပင်လေး ရှာပေးခဲ့ဦးနော့´´
``ဟုတ်ကဲ့ အဘိုး´´

ကျွန်မတို့ ရပ်ကွက်ကလေးမှာ ရေ၀ပ်တဲ့နေရာတွေများတော့ ကြိတ်မှန်ပင် မရှားပါ။ ကြိတ်မှန်ပင်ရှာ၍ နှုတ်လာခဲ့ပြီး အဘိုးတို့အိမ် သွားပေးသည်။ အဘိုးကိုမတွေ့။ အိမ်သာထဲ ၀င်နေတာဟု ထင်သည်။ ကြက်သွန်ဖြူသင်နေသော အစ်မကြီး မခင်စောကို ..

``အစ်မကြီးရေ အဘိုးကရှာခိုင်းလို့ .. ရော့ .. ကြိတ်မှန်ပင်´´
.
အစ်မကြီးက ရွှံ့တွေ သဲတွေ ပေနေသော ကြိတ်မှန်ပင်ကို မျက်မှောင်ကျုံ့ကြည့်ပြီး ..

``ဟယ် .. နင့်ဟာက သဲတွေနဲ့။ သွား .. သွား ဒီနားမှာ ရေဆေးမချနဲ့။ ရေတွင်းမှာသွားဆေး။´´

ကြိတ်မှန်ပင်ကို မနှစ်မြို့တဲ့ မျက်လုံးတွေနဲ့ကြည့်ပြီး၊ မျက်နှာထားတင်းတင်း၊ တင်တင်စီးစီး၊ အမိန့်ဆန်ဆန် အစ်မကြီးမခင်စော၏ စကားများ။ ဘယ်လောက်ဆိုးလိုက်ပါသလဲ။ အဘိုးအတွက် ရှာဖွေနှုတ်လာခဲ့ပေးသော ကျွန်မကို ကျေးဇူးတင်စကား မပြောသည့်အပြင် သူမုန့်ဟင်းခါးချက်ရာ ရေအိုးနားမှာ ညစ်ပေသွားမှာ စိုးရိမ်ပြီး ရေတွင်းမှာ သွားဆေးဖို့ မာရေကြောရေ ပြောလာခဲ့သည်။ ကျွန်မချက်ချင်းပဲ စိတ်တိုသွားခဲ့ပါသည်။

ရိုင်းပင်းချင်စိတ်ရှိသော်လည်း ရိုင်းစိုင်းမှုကို မနှစ်မြို့သော၊ ဖေါ်ရွေစိတ် ရှိသော်လည်း တင်စီးမာကြောသော စကားလုံးတို့ကို လက်မခံတတ်သော၊ စိတ်တိုလွယ်တတ်သော ကျွန်မသည် ရေတွင်း သို့သွား၍ ဆေးမပေးခဲ့ပါ။

``အိတုံရေ .. အဘိုးရှာခိုင်းထားတဲ့ ကြိတ်မှန်ပင် ပန်းကန်စင်ပေါ် တင်ထားခဲ့တယ်။´´

ဟု မခင်စောအိမ်က ကောင်မလေးကို မှာထားခဲ့ပြီး အိမ်ဘက်ပြန်လာခဲ့ပါသည်။ တကယ်ဆိုရင် .. သူမအားလို့ မလုပ်နိုင်ရင်တောင် …

``အေး အေး ညီမရေ အစ်မကြီးမအားလို့ တစ်လက်စတည်း ရေတွင်းမှာ ဆေးပေးခဲ့ပါကွယ်။´´

ဆိုရင် ကျွန်မက ဆေးပေးခဲ့မှာပါ။ ကျွန်မကူညီမှုအတွက် အထူးတလည် ကျေးဇူးတင် မခံချင်ပါ။ ထို့အတူ တင်စီးရိုင်းပျမှုကိုလည်း မခံနိုင်ပါ။ ခရီးသွားခါနီးမို့ အိမ်မှာ ကျန်ရစ်ခဲ့မည့် အမျိုးသားကိုလည်း ကျွန်မ စိတ်တိုဒေါသထွက်ရသည့် အကြောင်း ဘာမှ ပြန်ပြောပြမနေတော့ပါ။
ညနေ (၂) နာရီခွဲတော့ အမျိုးသားက ကားဂိတ်လိုက်ပို့ပြီး ပုသိမ်ကားနှင့် မိဘရပ်ထံသို့ ခရီးထွက်ခဲ့ပါတော့သည်။

…… ……. ……
…… ……. ……
.
ပုသိမ်တွင် လေးညအိပ်ပြီး ခရီးရောက်မဆိုက်ပင် ကျွန်မအမျိုးသားက တစ်ဖက်အိမ်မှ အဘွားဆုံးသွားပြီဖြစ်ကြောင်း ပြောလာပါသည်။ ကျွန်မအံ့သြသွားပြီး …

``ဘာရောဂါလည်း အကို။ လူကြီးရောဂါနဲ့ပဲလား´´
``မဟုတ်ဘူးဝေရဲ့။ ရေတွင်းမှာ ချော်လဲတာ။ ခေါင်းကိုဆောင့်မိတယ်တဲ့ကွာ။ ဆေးရုံရောက်တယ်ဆို ဆုံးတာပါပဲ။´´
``ရေတွင်းမှာ ! ရေချိုးရင်နဲ့လားဟင် ..´´

ကျွန်မရဲ့ အမောတကောအမေး။ ကျွန်မအမျိုးသား ပြန်ပြောနေတဲ့ စကားတွေကို မကြားတစ်ချက်ကြားတစ်ချက်။ ဘုရား .. ဘုရား …။ မဟုတ်ပါစေနဲ့။ အဲဒီလိုမဟုတ်ပါစေနဲ့။ … ကျွန်မဆုတောင်း ပြည့်မလာခဲ့ပါဘူး။

``ရေချိုးရင်းနဲ့ မဟုတ်ဘူးဝေ။ ကြိတ်မှန်ပင် ရေဆေးရင်းနဲ့ လဲတာ´´
``ရှင် …´´
``ဟုတ်တယ် ဝေ။ အဘိုးအတွက်ဆိုပြီး အဘွားက ကြိတ်မှန်ပင်လေးတွေကို မုန့်ဟင်းခါးချက်တဲ့ ရေအိုးနားမှာ သွားဆေးတာတဲ့။ စားတာသောက်တာ ချက်တဲ့နေရာမှာ သဲတွေဆေးချရသလား၊ ဘာလားနဲ့ ရေတွင်းမှာ သွားဆေးချေလို့ အဘွားကို မခင်စောက အော်လိုက်လို့ သွားဆေးရင် နောက်ပြန်လဲတာတဲ့ကွာ …။ ဆေးရုံတင်ပေမယ့် မရတော့ပါဘူးကွာ။ အင်း .. မနေ့ကပဲ သင်္ဂြိုလ်ပြီးတယ်။´´
`` သြော်´´

ကျွန်မ သြော် တစ်လုံးမှလွဲ၍ ဘာမျှပြန်မပြောနိုင်တော့ပါ။ အံ့သြခြင်း၊ ထိတ်လန့်ခြင်း၊ စိတ်မကောင်းခြင်းများစွာနှင့် စွံ့အအေးစက် သွားပါသည်။ အမကြီး မခင်စောက ကျွန်မထားခဲ့သော ကြိတ်မှန်ပင်ကို ငယ်ငယ်ရွယ်ရွယ် အိတုံကိုပဲ ရေဆေးခိုင်း လိမ့်မည်ဟု မသိတတ်ဆိုးဝါးလွန်းလှသော အမကြီး မခင်စောကိုပဲ အပြစ်တင်ရမည်လား။ ခဏတာအတွင်း အလွန် စိတ်တိုလွယ်တတ်သော ကျွန်မကို ကျွန်မကိုပဲ အပြစ်တင်ရမည်လား။ မခင်စောအနေနဲ့ကရော ချစ်စေလိုလည်း ဒီပါးစပ်၊ မုန်းစေလိုလည်း ဒီပါးစပ်၊ စကားအရာမှာ ချိုချိုသာသာပြောလိုက်ရမှာ အောက်ကျတယ်များထင်နေလားမသိ။ ကျွန်မကရော ဒီအဘိုးအဖွားအတွက် လုပ်ပေးနေကျပဲ။ အမကြီးဘာပြောပြော ပြောချင်ရာပြော။ လူကြီးတစ် ယောက်အတွက် လုပ်ပေးရတာပဲ။ ကုသိုလ်တောင်ရသေးလို့ သဘောထားပြီး တိုနေသော စိတ်ကလေးကို ထိန်းချုပ်ပြီး လုပ်ပေးခဲ့မယ်ဆိုရင် ဒီလိုဖြစ်မည်မဟုတ်။

အခုတော့ ဘာမဟုတ်တဲ့ ကိစ္စလေးနဲ့ လူတစ်ယောက် အသက်ဆုံးရှုံးရသည် ။ ဒီကိစ္စတွင် မာရေကြောရေနှင့် တင်စီးပြီး စကားပြောမယဉ်ကျေးသော အမကြီး မခင်စောနှင့် စိတ်တိုလွယ်တတ်သော ကျွန်မတို့နှစ်ယောက်တွင် တရားခံ မည်သူဟုထင်ကြပါသနည်း။ ။

မိုးမြင့်မေ
မိုးမြင့်မေ
0 comments:
Post a Comment
Comment လေးတစ်ကြောင်းဟာ စာရေးသူအတွက်အားဆေးပါ .. ကျေးဇူးပြုပြီး အခု Post နဲ့ပတ်သက်လို့ စာဖတ်သူရဲ့ အမြင်ကိုလည်း မျှဝေခဲ့ပါဦး ...