STARTING OUR WEBSITE
Published at 1st. JANUARY. 2013

Monday, June 24, 2013

ကြိုလင့်လျက်ပါ ကဗျာဆရာ

1986 - 87 စာသင်နှစ်တွင် ကျွန်တော်ဟာ ဘိုကလေး ဆရာအတတ်သင်ကျောင်းမှာ တစ်နှစ်သင်တန်း တက်ရောက်ခဲ့ရပါတယ် ။ အဲဒီနှစ်မှာပဲ ဘိုကလေး ဆရာအတတ်သင်မှာ ကဗျာသမားတချို့ စုစည်းမိတာကြောင့် “ မှန်စီရွှေချ နှလုံးသား ” ဆိုတဲ့အမည်နဲ့ ကဗျာစာအုပ်တစ်အုပ်ပြုလုပ်ဖြန့်ချီနိုင်ခဲ့ကြပါတယ် ။ စာအုပ်ကို စုစည်းနိုင်ဖို့ တိုင်ပင်ကြတဲ့အခါ ပန်းချီနည်းပြဆရာ ဦးမြသွင်က အဖုံးအတွက် အတ်ပေပါတွေကိုထောက်ပံ့ပေးမယ်၊ သင်္ချာနည်းပြဆရာကြီးကလည်း ပုံနှိပ်စက်ရှိတယ် ဆိုတဲ့အချက်တွေက အဖုံးကို ဘလောက်နဲ့ရိုက်နှိပ်ကြဖို့
ဆုံးဖြတ်နိုင်ခဲ့ကြပါတော့တယ်။ ကျောင်းစတင်ချိန်မှာ တာဝန်ခံကျောင်းအုပ်ဆရာကြီး ဦးကျင်သောင်းက အုပ်ချုပ်နေတာမို့ ဆရာကြီးဆီကခွင့်ပြုချက်၊ မြန်မာစာနည်းပြဆရာမကြီးဆီက ခွင့်ပြုချက်တွေကိုပါ ရယူဆောင်ရွက်ရာမှာ အစစအဆင်ပြေခဲ့ပါတယ်။ ကျောင်းပိတ်ရက်နည်းနည်းရှိတဲ့အချိန်မှာ ကျွန်တော်တို့
ခရီးထွက်ဖို့ပြင်ဆင်ရပါတယ်။ သင်တန်းသားတွေဟာ လုပ်ငန်းခွင်ထဲမှ လာသူတွေကအများဖြစ်ကြတဲ့အတွက် ကျောင်းပိတ်ရက်နည်းနည်းရရင် အိမ်ပြန်ချင်ကြတဲ့သူတွေကများကြပါတယ်။ ကျွန်တော်နဲ့ ဖိုးထွဋ်တို့ကတော့ စာအုပ်ဇောကပ်ပြီး ခြေဆန့်ဖို့ပြင်ကြပါတယ်။ ဖျာပုံမှာနေတဲ့
အစ်ကိုကြီးကိုသန်းအောင်အိမ်ကို တစ်ထပ်မော်တော်လေးနဲ့ သွားခဲ့ကြပါတယ်။

ကျွန်တော့်အတွက်တော့ ဖျာပုံမြို့ဟာ မစိမ်းခဲ့ပါဘူး။ ဧရာဝတီတိုင်း မြို့နယ်ပေါင်းစုံ ခြင်းလုံးခတ်ပြိုင်ပွဲကို ဖျာပုံမြို့မှာကျင်းပစဉ်က လပွတ္တာမြို့နယ် လက်ရွေးစဉ်ဘ၀နဲ့ ရောက်ခဲ့ဖူးပါတယ်။ လပွတ္တာမြို့ကနေ ဖျာပုံမြို့ကို မြောင်းမြကတစ်ဆင့်သွားနိုင်ပေမယ့် ရန်ကုန်ကတစ်ဆင့် သွားခဲ့ကြပါတယ်။ အဲဒီအတွက် ထူးခြားမှုတစ်ခုရှိခဲ့ပါတယ်။ ရန်ကုန်ရောက်စဉ်မှာ ကီလီလမ်းမှာ ရုံးဖွင့်ထားတဲ့ ဂီတကောင်စီကိုသွားပြီး
ဂီတစာဆို ကိုလွင်မြင့်၊ ဖျာပုံသိန်းလှအောင်တို့နဲ့ တွေ့ပါတယ်။ အဲဒီမှာရောက်ရှိနေတဲ့ ဦးလေးလွင်က ဖျာပုံမြို့ရဲ့ ဂီတကေင်စီဥက္ကဌထံကို ဂီတပစ္စည်းဝယ်ယူရေးအတွက် စာလွှာပါးခဲ့ပါတယ် ။ ဖျာပုံမှာ ဂီတအဖွဲ့ဝင်တွေကို လဘက်ရည်ဆိုင်ဖွင့်ပြီး ရန်ပုံငွေရှာကာ စားဝတ်နေရေးအတွက် တတ်နိုင်သမျှ
ဖြေရှင်းပေးနေတဲ့အချိန်ပါ။ 
 
ဆရာဦးလေးလွင်ရဲ့ စာကြောင့် ကျွန်တော့်ကို ဂရုစိုက်ပြီးလဘက်ရည်၊ နွားနို့စတာတွေ ဖြည့်ဆည်းပေးခဲ့တာကို မေ့လို့မရပါ။ အဲဒီအချိန်ကတည်းက ကဗျာတွေစတင်နေပြီဖြစ်ပေမယ့် စာပေသမားတွေကိုတော့ ဆက်သွယ်ဖို့ အားမရှိခဲ့တဲ့အချိန်လည်းဖြစ်ပါတယ်။ အစ်ကိုကြီးကိုသန်းအောင် စီစဉ်တဲ့ခရီးမှာတော့ မောင်သဲခေါင်၊
ဖျုာပုံမောင်ယဉ်မှူး စတဲ့စာပေသမားတွေကို တွေ့ဆုံရပါတော့တယ်။ ကျွန်တော်တို့ ကဗျာစာအုပ်ဒီဇိုင်းကို ရေးဆွဲပေးတဲ့ ပန်းချီဖိုးသျှားကလည်း သူ့လက်ရာတွေကို ပြသမြည်းစမ်းစေခဲ့ပါတယ်။  စကားနည်းတဲ့ ပန်းချီဆရာဟာ သူ့ပန်းချီကားတွေအတွက်တော့ မမောတမ်း ရင်ဖွင့်ပြနေခဲ့တာပါ။
ကျွန်တော်တို့ရဲ့ ၀ိုင်းကို ပြည့်စုံအောင်တာဝန်ယူခဲ့ကြတဲ့ ဖျာပုံစာပေသမားတွေကို သတိရနေတုန်းပါ။ ကျွန်တော်ဆိုရင် သွားကိုက်နေပေမယ့် ဆားရည်ငုံလိုက် အယ်ကိုဟောကျိုက်လိုက်နဲ့ နောက်နေ့မနက်ခရီးမဆက်ခင်
သွားဆရာဝန်ဆီသွားတော့ သွားဆရာဝန်ဟာ နှာခေါင်းပိတ်ပြီး စစ်ဆေးလို့ သင့်တော်ရာဆေးကိုပေးခဲ့တာပါ။ တစ်ညအိပ်ပြီး ဖျာပုံကနေ ဒေးဒရဲ ၊ ဒေးဒရဲကနေ ကွမ်းခြံကုန်းကို
ကားတွေအဆင့်ဆင့်ပြောင်းရင်း ကျွန်တော်နဲ့ ဖိုးထွဋ်တို့ ခရီးဆက်ခဲ့ပါတယ်။
လမ်းမှာမိုးမိခဲ့ကြပါတယ်။ ကျွန်တော်တို့နှစ်ယောက်က ကားတစ်ဖက်တစ်ချက်မှာရှိတဲ့ ဘောနပ်တွေပေါ်ကနေစီးရင်း မိုးစိုလိုက်ခြောက်သွေ့လိုက်နဲ့ သင်္ကြန်လိုလိုထင်မှတ်ပြီးခရီးကိုဖြတ်သန်းခဲ့ကြတာပါ။ ရေပြည့်နေတဲ့ ဘေးကမြောင်းတွေဆီကို လွင့်မကျအောင်လည်း လက်တွေချိတ်နိုင်ခဲ့ကြပါတယ်။ 
 
ကွမ်းခြံကုန်းမှာ ကျွန်တော်မိတ်ဆွေ ကိုတင်မြင့်တို့အိမ်မှာ ထမင်းဝင်စားတဲ့အခါ အိမ်သားတွေကလည်း တစ်ညလောက်တော့ အိပ်စေချင်ကြပေမယ့် အချိန်ကို တွက်ဆနေရတာမို့ မနေနိုင်တော့ဘဲ ခရီးဆက်ကြရင်း ရန်ကုန်တစ်ဖက်ကမ်းကနေ ရန်ကုန်ဆယ့်တစ်လမ်းက လပွတ္တာမြို့နယ် သမ၀ါယမအသင်းရုံးကို ညနေပိုင်းမှာရောက်ခဲ့ကြပါတယ် ။ အဲဒီညနေကိုတော့ ဆရာကြီးမောင်ထင်ရဲ့ ငဘ တွေ့မြင်ခဲ့တဲ့ မြင်ကွင်းနဲ့ သိတ်မကွာသေးတဲ့ ဘုန်းကြီးလမ်းမှာပဲ မိုးကိုအန်တုခဲ့ကြတာ ကျွန်တော်နဲ့ ဖိုးထွဋ် တို့နှစ်ယောက်သားပါ ။

 နောက်တစ်နေ့မှာ ဖျာပုံသိန်းလှအောင်ကိုဆက်သွယ်ပြီးနေ့ချင်းပြီး ဘလောက်လုပ်နိုင်အောင် ကြိုးစားခဲ့ပါတယ်။ ငွေရေးကြေးရေးကအစ ဖျာပုံသိန်းလှအောင်ကတာဝန်ယူလို့ ညနေမှာ ရန်ကုန် - ဘိုကလေး၊ မော်ကျွန်း သင်္ဘောပေါ်ကို ဘလောက်တုံးနဲ့အတူ ရောက်ရှိနေခဲ့ပါပြီ။
နှစ်ယောက်သားအမောတွေဖြေလို့ ခရီးဆက်ခဲ့စဉ်မှာ ဒီသင်္ဘောဟာ နစ်မြုပ်ခဲ့ဖူးတဲ့ တိမ်နန်းသင်္ဘောကို ပြန်လည်ပြင်ဆင်ပြေးဆွဲနေတာဆိုတဲ့သတင်းကို ကြားလိုက်ရတော့ ဘာရယ်မဟုတ်
အားတွေကယုတ်လျှော့သွားသလိုခံစားခဲ့ကြပါတယ် ။ ဒါနဲ့ နှစ်ယာက်သား အိပ်လိုက်ကြတာ ဘိုကလေးဆိပ်ကမ်းကို ရောင်နီဖြိုးဖျအချိန်နံနက်ခင်းမှာ သင်္ဘောကပ်တော့မှပဲ လူးလဲထခဲ့မိပါတော့တယ်။ ကြောက်စိတ်က ပိုအိပ်စေသလားမသိတော့ပါ ။
အဆောင်ကိုအရောက်မှာ အောင်မြင်မှုနဲ့ ပြန်လာတဲ့ သူရဲကောင်းတွေကို ကြိုသလိုပါပဲ။ မြို့ထဲမှာ ထွက်ပြီး ဘိုကလေးရဲ့ ပလာတာနဲ့ ဆိတ်သားကိုလည်းကျွေးကြပါတယ်။ ဘလောက်တုံးလေးဟာလည်း ဟိုသူ
ဒီသူလက်တွေမှာကူးပြောင်းလို့ ဖလားတစ်လုံး၊ ဒိုင်းတစ်ခုကို ကြည့်ကြသလို
ဂရုစိုက်တာကို ခံခဲ့ရပါတယ်။ နောက်မှာတော့ “ မှန်စီရွှေချနှလုံးသား ” ဟာ ဒဿ ၊ ငြိမ်းစိုးဦး ၊
ဖိုးရွှေညီမှိုင်း ၊ ဇလွန် မင်းလွမ်းထိုက် တို့ရဲ့ ကဗျာတွေနဲ့ အတူ ပန်းချီ ဖိုးသျှားရဲ့ လက်ရာအဖုံးနဲ့ ဘိုကလေးဆရာအတတ်သင်ကျောင်းမှာ ဖြန့်ဝေနိုင်ခဲ့ပါတယ် ။ ဈေးအတွင်းမှာ ဆိုင်ရှိနေတဲ့ ဆရာအောင်ခိုင်လင်း (မော်ကျွန်း ) ရဲ့ အားပေးမှုနဲ့ ဘိုကလေးမြို့တွင်းကိုလည်း
ပျံ့နှံ့စေနိုင်ခဲ့ပါတယ် ။
 
အစ်ကိုကြီးကိုသန်းအောင်(ဖျာပုံ) ကတော့ ဒဿ အမည်နဲ့ ကဗျာတွေရေးခဲ့ပြီး ဆရာအတတ်သင်သမိုင်းမှာ ကဗျာရွှေတံဆိပ်သုံးထပ်ကွမ်းရခဲ့သူပါ။ အခုတော့ ဆုံးပါးခဲ့ပါပြီ။ ဇလွန်မင်းလွမ်းထိုက်ကို ပညာတန်ဆောင်စာစောင်မှာ ကြိုကြားတွေ့နေရာက အခုမတွေ့ရတာ နည်းနည်းကြာခဲ့ပါပြီ။  ကျွန်တော်နဲ့ ခရီးထွက်ခဲ့တဲ့ ဖိုးထွဋ်ကတော့နှစ်အလိုက်ပို့စကတ် တစ်မျိုးမှာ တွေ့ခဲ့ရပြီးကဗျာတွေ စာတွေကို
ရှောင်ပုန်းနေခဲ့ပါတယ်။ အခုတော့ ဖိုးထွဋ် ကနေ ဖိုးရွှေညီမှိုင်းဆိုတဲ့ကလောင်ကို ပြန်လည်ကိုင်စွဲပြီလို့ ၀မ်းသာအားရတွေ့နေရပါပြီ။ ရှုမ၀၊ မိုးဝေ စတဲ့မဂ္ဂဇင်းတွေမှာ ဆယ်စုနှစ်နဲ့ချီပြီးဖြတ်သန်းခဲ့ ဖိုးရွှေညီမှိုင်းကို အထူးကြိုဆိုလျက် ပီတိဖြစ်နေမိပါတော့တယ်ခင်ဗျား ။

ငြိမ်းစိုးဦး
သိတတ်လို့ တတ်သိပြီး သတ္တိတွေတိုးကာ
ငြိမ်းချမ်းမှုများ စိုးမိုးလျက် ပညာဖြင့်ဦးဆောင်နိုင်ကြပါစေ ...
( 24 ; 6 ; 2013 )

0 comments:

Post a Comment

Comment လေးတစ်ကြောင်းဟာ စာရေးသူအတွက်အားဆေးပါ .. ကျေးဇူးပြုပြီး အခု Post နဲ့ပတ်သက်လို့ စာဖတ်သူရဲ့ အမြင်ကိုလည်း မျှဝေခဲ့ပါဦး ...



Flag Counter