STARTING OUR WEBSITE
Published at 1st. JANUARY. 2013

Wednesday, July 10, 2013

ခပ်ညံ့ညံ့လူ


ကျုပ်သိပ်ညံ့တယ်ဗျာ။
ခု အသက်က ငါးဆယ်ကျော်။ ဘွဲ့ရပညာတတ်။ မိန်းမက ၀န်ထမ်း။ သမီးက ဘွဲ့ရပြီးပြီ။ အငယ်ကောင်က စတုတ္ထတန်း။ အိမ်ရှင်မက ထိမ်းသိမ်းမှုကောင်းတော့ လူမချမ်းသာပေမယ့် စားဖို့တော့ မပူရ။ အဲ .. ကျုပ်က ငယ်တုန်းက ဘုန်းကြီးကျောင်းမှာ နေခဲ့ရတော့ ဘာသာရေးလည်း တီးမိခေါက်မိ ဆိုပါတော့။ အသက်အရရော၊ ၀ါအရရော၊ အတွေ့အကြုံနဲ့ ပညာအရရော ကျုပ်ကို ဟိုအဖွဲ့ ဒီအဖွဲ့တွေက နေရာပေးကြ၊ တလေးတစား ဆက်ဆံကြပေါ့ဗျာ။

အဲဒီတော့ ကျုပ်ကလည်း ကျုပ်ပဲ။ အလုပ်ကလည်း ကျူရှင်ဆရာ၊ စာလေးပေလေးကလည်း မတောက်တခေါက်ရေးဆိုတော့ ခင်ဗျားတို့ စဉ်းစားသာကြည့်။ ဘယ်သူ့ကိုမဆို ဆရာလုပ်လိုက်ရမှ၊ အမြင်မတော်ရင်လည်း ပြောလိုက် ရေးလိုက်ရမှ ကျေနပ်တာ။ ကိုယ့်ကိုကိုယ် သိပ်ဟုတ်လှပြီပေါ့။ ဒါပေမယ့် တစ်ခါတစ်လေမှာ ကျုပ်တွေးခဲ့ ပြောခဲ့သမျှတွေဟာ လွဲနေတာတွေ တွေ့ရတော့ ငါသိပ်ညံ့ပါလားလို့ စဉ်းစားမိတယ်။ ကဲ .. ကျုပ်ညံ့တာတွေ ပြောပြတော့မယ်ဗျာ။ ရှက်လည်းရှက်ပါရဲ့။

တစ်လောကပေါ့ဗျာ …
ကျုပ်တို့မြို့ရဲ့ သာသနာ့ဗိမာန်ကြီး နာဂစ်အပြီးမှာ စစ်တပ်စခန်းလိုလို၊ ကားဂိုထောင်လိုလို၊ မီးသတ်သင်တန်းလိုလို၊ တည်းခိုဆောင်လိုလိုနဲ့ ဘာသာရေးကိစ္စတွေမှာ အသုံးမချရပဲ ဖြစ်ချင်တိုင်း ဖြစ်နေတာတွေမြင်ရတော့ ကျုပ်ထုံးစံအတိုင်း ပြောမိရေးမိတာပေါ့ဗျာ။

တစ်မြို့နယ်လုံးက ပြည်သူတွေရဲ့ ချွေးနှဲစာတွေ၊ လယ်သမားတွေဆီက တစ်ဧက (၁၅ိ/-) နှုန်း ကောက်ထားတဲ့ ငွေတွေနဲ့ ဆောက်ထားတဲ့ “သာသနာ့ဗိမာန်” လို့အမည်တပ်ထားတဲ့ အဆောက်အဦကြီးကို ဒီအတိုင်းပစ်ထားတာ မကောင်းဘူး၊ မသင့်တော်ဘူး ဘာညာပေါ့ … လူချင်းဆုံရင်ပြော၊ ဆရာတော်သံဃာတော်တွေလည်းလျှောက်ပေါ့ ..။

ဟော.. ခုတော့ “မြို့နယ်အသင်းကြီး” က တာဝန်ယူပြင်ဆင်နေလိုက်တာ အရှင်မွေး နေ့ချင်းကြီးဆိုသလိုပေါ့။ တစ်မြို့လုံးမှာလည်း ဆိုင်းဘုတ်ကြီးတွေ ဟီးနေအောင်ချိတ်ပြီး လှုံ့ဆော်ထားလိုက်သေး။ ဘာတဲ့ .. မြို့နယ်ဂုဏ်ဆောင် သာသနာ့ဗိမာန်တော်ကြီးကို ဘက်စုံသုံး အဆောက်အဦဖြစ်အောင် မြို့နယ်အသင်းက တာဝန်ယူပြုပြင်နေပါသည်။ ဤသို့ ဂုဏ်ယူဝံ့ကြွားဖွယ် ဘက်စုံသုံး အဆောက်အဦဖြစ်အောင် သင့်တွင်လည်း တာဝန်ရှိပါသည် … ဆိုလား။

ဝမ်းသာစရာ ကောင်းလိုက်ပုံများ ပြင်ဆင်မှုတွေအားလုံး ပြီးသွားတဲ့အခါ ဒီသာသနာ့ဗိမာန်ကြီးမှာ မင်္ဂလာဆောင်တွေ၊ မွေးနေ့တွေ၊ သင်တန်းတွေ၊ စည်းဝေးပွဲတွေကို အခကြေးငွေနဲ့ လက်ခံကျင်းပမယ် ဆိုလား။

အမယ်မင်း .. အမြော်မြင်ကြီးလိုက်ကြပုံများ အိပ်ငိုက်နေတဲ့ မြို့သူမြို့သားတွေကိုလည်း နိုးထအောင် လှုံ့ဆော်ပေးထားသေးဆိုတော့ …  … ကျုပ်ဗျာ  ဒီလိုလူမျိုးတွေကို ပြောမိရေးမိတာ အရမ်းစိတ်မကောင်း ဖြစ်မိတယ်။ ကျုပ်သိပ်ညံ့တာပေါ့ဗျာ နော ..။


 အဲ .. ရှိသေးတယ်ဗျ။ နောက်တစ်ခု။
အဲဒါကတော့ ကျုပ်သားကိစ္စပါ။ ဒီကောင်ဗျာ .. အဖေကို အရှက်ခွဲမယ့်ကောင်ပေါ့။ အခု လေးတန်းရောက်နေပြီ။ ကျုပ်ကိုယ်တိုင်လည်း သင်တာပါပဲ။ ဒါပေမယ့် ဒီကောင် အတန်းထဲမှာ အဆင့်နှစ်ဆယ်အထက် တစ်ခါမှ မရဖူးဘူး။ ဒါနဲ့ ကျုပ်လည်း လက်လျှော့ထားလိုက်တော့တယ်။ မင်းလုပ်သလောက် မင်းရမှာပဲပေါ့လေ။

မနေ့ကတော့ .. သာသာရပ်ထူးချွန်ဆု ယူဖို့ဆိုလား .. မိဘတွေကိုဖိတ်တဲ့စာ ရောက်လာပါရောလား။ ကျုပ်ဖြင့် ကျုပ်မျက်စေ့ကိုတောင် ကျုပ်မယုံနိုင်ဘူး။ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲပေါ့။ ကျုပ်သားအကြောင်း ကျုပ်အသိဆုံးလေ။ ငါတို့ကို လူမှားဖိတ်တာနဲ့တူတယ် မိန်းမရေလို့ သူ့အမေကိုပြောတော့ မိန်းမက ဘာပြန်ပြောတယ်ထင်လဲ …။

ရှင် ဘာမှမသိပါဘူးတဲ့။ ကျွန်မသားကို သူ့အတန်းပိုင်ကျူရှင် ပြောင်းထားလိုက်တာ .. ခုတွေ့လား … တဲ့။
ကဲ .. ကျုပ် သိပ်ညံ့ပါတယ်လို့ မပြောခဲ့ဘူးလားဗျာ။




ဗိုရဲ


0 comments:

Post a Comment

Comment လေးတစ်ကြောင်းဟာ စာရေးသူအတွက်အားဆေးပါ .. ကျေးဇူးပြုပြီး အခု Post နဲ့ပတ်သက်လို့ စာဖတ်သူရဲ့ အမြင်ကိုလည်း မျှဝေခဲ့ပါဦး ...



Flag Counter