STARTING OUR WEBSITE
Published at 1st. JANUARY. 2013

Sunday, July 28, 2013

ဖိလစ်ပိုင်နိုင်ငံမှ ကဗျာဆရာမ စာရေးဆရာမ “ဂျင်းန်ဗီး အယ်လ် အာစန်ဂျို”


 :: photo by Ariel Manuel ::

ဖိလစ်ပိုင်နိုင်ငံမှ ကဗျာဆရာမ စာရေးဆရာမ “ဂျင်းန်ဗီး အယ်လ် အာစန်ဂျို”
(မှတ်ချက်။ ။ ကြုံတွေ့ခဲ့တဲ့ ကဗျာဆရာတွေနဲ့ တွေ့ဆုံမေးမြန်းမှုနဲ့ သူတို့ရဲ့ လက်ရာအချို့ကို ဆက်လက်တင်ပြသွားပါမယ်။ မကြာခင်ကတော့ အီရတ်က “ဂူလာလာနိုရိ” နဲ့ နယူးဇီလန်က “ဂျက်ဖရီ ပါပရိုရာ ဟိုးလ်မန်း” တို့အကြောင်းကို ရေးသားခဲ့ပါတယ်။ အခုလို မိတ်ဆက်ပေးသွားမယ့် ကဗျာဆရာတွေ အားလုံးဟာ ဆုရသူတွေ၊ အကောင်းဆုံးတွေ၊ နာမည်အကြီးဆုံးတွေ ဟုတ်ချင်မှ ဟုတ်ကြပါမယ်။ ဟုတ်ရင်လည်း ဟုတ်ကြပါမယ်။
သေချာတာကတော့ သူတို့ဟာ သူတို့ရဲ့နိုင်ငံမှာ လက်တလော ကဗျာရေးသားနေဆဲ ယနေ့ခေတ် ကဗျာဆရာများ ဖြစ်ကြပါတယ်။ အခြားနိုင်ငံတွေရဲ့ ယနေ့ခေတ် ကဗျာလောကထဲမှာ သူလိုကိုယ်လို ရေးသားနေသူတို့ရဲ့ ဘဝ၊ ပြောပြချက်တွေနဲ့ လက်ရာတွေကို မိမိဘာသာ တစေ့တစောင်း ကြည့်ချင်လို့ လက်လှမ်းမီသလောက် မေးကြည့်ခြင်းသာ ဖြစ်ပါတယ်။ နောက်အကြောင်းရင်းတစ်ခုကတော့ မူရင်းစာရေးသူတွေနဲ့ ဆက်သွယ်နိုင်တဲ့ အခွင့်အလမ်းရချိန်မှာ တရားဝင်ခွင့်တောင်းပြီး ဘာသာပြန်ခြင်း အလေ့အထကို နှစ်သက်လို့လည်း ဖြစ်ပါတယ်။)

ဖိလစ်ပိုင်နိုင်ငံက ကဗျာဆရာမ၊ စာရေးဆရာမ၊ ဘာသာပြန်သူ တစ်ဦးဖြစ်တဲ့ ဂျင်းန်ဗီး အယ်လ် အာစန်ဂျို (Genevieve L. ASENJO)  ဟာ ကျေးလက်ဒေမှာ မွေးဖွားကြီးပြင်းခဲ့ပြီး ကဗျာကို ငယ်စဉ်ကတည်းက ယဉ်ပါးခဲ့ပါတယ်။ သူတို့ဆီက ကျေးလက်လူထုထဲမှာ ကဗျာစပ်ခြင်းနဲ့ ကဗျာရွတ်ခြင်းဆိုတာဟာ ရင်းနှီးကျွမ်းဝင်ပြီးသား အလေ့အထတစ်ခုဖြစ်တယ်လို့ ကျွန်မကို ပြောပြခဲ့ပါတယ်။ ကျေးလက် လူမှုရေး အခမ်းအနားတွေမှာ အမျိုးသား အမျိုးသမီးတွေဟာ လက်တန်း ကဗျာတွေကို အပြိုင်အဆိုင် ရွတ်ဆိုလေ့ရှိကြတဲ့ ဓလေ့ရှိတဲ့အကြောင်း သူက ကျွန်မကို ပြောပြပါတယ်။ ဒီလိုဓလေ့မျိုးဟာ ကျွန်မတို့ မြန်မာနိုင်ငံက ကျေးလက်ဒေသတွေနဲ့ တိုင်းရင်းသားအချို့မှာလည်း ရှိကြတယ်ဆိုတာ မှတ်သားဖူးတာမို့ ဗဟုသုတချင်း ဖလှယ်ဖြစ်ခဲ့ကြပါသေးတယ်။ 

ဂျင်းန်ရဲ့ စိတ်ဝင်စားဖို့အကောင်းဆုံး အချက်ကတော့ ကဗျာက သူ့ဘဝကို မြှင့်တင်ပေးပြီး အဆင့်အတန်းရှိတဲ့ အလုပ်အကိုင်တစ်ခုကိုပါ ဖန်တီးပေးခဲ့တယ် ဆိုတာပါပဲ။ သူ့ရဲ့ ကဗျာတွေကို တက္ကသိုလ်က နှစ်သက်သဘောကျတဲ့အတွက် သူဟာ တက္ကသိုလ်ဆရာမတစ်ဦး အဖြစ် အလုပ်ရခဲ့ပါတယ်။ သူ့ရဲ့ ကိုယ်ရေးရာဇဝင် အကျဉ်းချုပ်၊ သူ့ကို မေးမြန်းခဲ့တဲ့ အင်တာဗျူးနဲ့ သူ့ရဲ့ ထင်ရှားတဲ့ ကဗျာနှစ်ပုဒ်ကို မိတ်ဆက် တင်ပြလိုက်ပါတယ်။ အင်တာဗျူးကတော့ အိုင်အိုဝါတက္ကသိုလ် International Writing Program(IWP) မှာ ဆုံတွေ့ခဲ့တဲ့အခိုက် ဘော့စဝါနာက အာဖရိကန်ကဗျာဆရာမ တီဂျေဒီးမားနဲ့ ပန်ဒိုရာတို့က မေးမြန်းခဲ့တာဖြစ်ပါတယ်။ 

ဂျင်းန် ဟာ စာအုပ် ၄ အုပ် ရေးသားထုတ်ဝေခဲ့ပြီး ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်မှာ ဖိလစ်ပိုင်နိုင်ငံရဲ့ အမျိုးသား စာအုပ်ဆု (National Book Award) ကို ချီးမြှင့်ခံခဲ့ရပါတယ်။ သူ့ရဲ့ ဝတ္ထုတိုတွေနဲ့ ကဗျာတွေဟာ မဂ္ဂဇင်းတွေမှာ၊ စုစည်းမှုတွေမှာ ဖော်ပြခံရပါတယ်။ ဂျင်းန် ဟာ ဖိလစ်ပိုင်ရဲ့ ဘာသာစကားတွေဖြစ်တဲ့ ကီနာရေ-အ၊ ဟီလီဂေနွန်နဲ့ ဖလစ်ပီနို ဘာသာတွေကို ဘာသာပြန်ဆိုပါတယ်။ Balay Sugidanun (Storytelling House) ရဲ့ တည်ထောင်သူဒါရိုက်တာတစ်ဦးလည်း ဖြစ်ပါတယ်။ De La Salle University-Manila ရဲ့ စာပေနဲ့တီထွင်ဖန်တီးစာရေးသားခြင်း ဌာနမှာ လက်ထောက်ပါမောက္ခတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်နေပါတယ်။

မေး။    ။ဆရာမက စာရေးဆရာလည်းဖြစ်တယ် တက္ကသိုလ်ဆရာမ တစ်ယောက်လည်း ဖြစ်တယ် ဆိုတော့ ဘယ်အသက်မွေးဝမ်းကျောင်းကို အရင် စလုပ်ဖြစ်တာပါပဲ။ ဘယ်လိုများ လုပ်ခဲ့ပါသလဲ။
ဖြေ။     ။ကျွန်မ တက္ကသိုလ်ဆရာမ ဖြစ်လာရတာက စာရေးဆရာတစ်ယောက်မို့လို့ပါ။ ကျွန်မ ဆက်ပြီး စာရေးဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တက္ကသိုလ်အတွက်ရော တက္ကသိုလ်ထဲမှာပါ လူထုနဲ့ ဆက်သွယ်မှုတွေ သုတေသနတွေ လုပ်ရလို့ပါ။ အလုပ်ရဖို့၊ အလုပ်သက်တမ်းတိုးဖို့၊ ရာထူးတက်ဖို့နဲ့ အမြဲခန့်ရာထူးကို ရဖို့ စာရေးသားထုတ်ဝေဖို့ လိုပါတယ်။ ဒါကြောင့် တချို့ အခြေအနေတွေက လွဲလို့ ကျွန်မဟာ ကိုယ်လုပ်ချင်တဲ့ အလုပ်ကို လုပ်နေရတယ်လို့ ခံစားရပါတယ်။ ကျောင်းအလုပ်တွေနဲ့ ပင်ပန်းနေတဲ့အခါမှာတော့ စာရေးဖို့ လိုအပ်တဲ့ အာရုံစူးစိုက်မှုအတွက် အချိန်ပေးရတာ အားမွေးရတာ သိပ်ကို ခက်ခဲပါတယ်။

မေး။    ။ဘာကြောင့် ဘယ်သူ့အတွက် ဆရာမ စာရေးပါသလဲ။
ဖြေ။     ။ ကျွန်မ စာတွေကို အတိတ်မှတ်တမ်းနဲ့ အနာဂတ်အမြင်အဖြစ် ရေးပါတယ်။ ဒါကြောင့်မို့ စာရေးခြင်းဆိုတာ ကျွန်မအတွက် အဓိပ္ပာယ်ရှိပြီး ထင်ရှားတဲ့ အတိတ်က ဇာတ်လမ်းတွေကို မှတ်မိခြင်းနဲ့ အဓိပ္ပာယ်ဖော်ခြင်း လုပ်ရပ်တစ်ခုဖြစ်ပါတယ်။ ဥပမာ ငယ်ဘဝ၊ ဒေသရဲ့သမိုင်းတွေ၊ နေရာတွေ လိုမျိုးပေါ့။ ဒီတော့ ဒါတွေဟာ အဆက်မပြတ်ဖြစ်လာပြီး ကျွန်မတို့ဟာ အတွေးတွေ အပြုအမူတွေရဲ့ ပုံစံကို ခြေရာခံနိုင်မယ်။ ခေတ်ပြိုင် စာဖတ်သူတွေကလည်း အဲဒီလို သတိရခြင်းတွေမှာ ပါဝင်လာနိုင်မယ် ဒါမှမဟုတ် တူညီတဲ့ ဘာသာစကားနဲ့ အမှတ်တရတွေကတဆင့် လူ့အဖွဲ့အစည်းတွေဟာ ရှေ့ဆက်လာမယ်လို့ မျှော်လင့်ပါတယ်။  အနာဂတ်အမြင်လို့ ပြောရခြင်းကတော့ ရသစာပေဆိုတာက ဥပမာအားဖြင့် ဖြစ်နိုင်ခြေရဲ့ ပြဇာတ်တစ်ပုဒ်ပါ။ သတိရတာနဲ့ မေ့လျော့တာချည်းပဲ မဟုတ်ပါ။ ဘာဖြစ်နိုင်ခြေဆိုတာဟာ အနည်းနဲ့အများ အတိတ်နဲ့ ပစ္စုပ္ပာန်ကို အသေအချာ နားလည်ခြင်းအပေါ် အခြေခံပါတယ်။ 

မေး။    ။ဆရာမဟာ International Writing Program ကို ဘယ်လိုရောက်လာခဲ့ပါသလဲ။
ဖြေ။     ။မနီလာက အမေရိကန်သံရုံးရဲ့ ယဉ်ကျေးမှုဌာနက facebook မှာ ဒီအစီအစဉ်အတွက် အမည်တင်သွင်းဖို့ လျှောက်လွှာတွေ လက်ခံနေတယ်ဆိုတာ ရေးထားပါတယ်။ ကျွန်မရဲ့ ကိုယ်ရေးရာဇဝင်နဲ့ စာအုပ်မိတ္တူတွေကို ပို့လိုက်ပါတယ်။ ဧပြီလထဲမှာ ကျွန်မကို လက်ခံကြောင်း အတည်ပြုချက်ကို အီလက်ထရွန်းနစ်စာနဲ့ ရခဲ့ပါတယ်။ မေလ နောက်ဆုံးပတ်မှာတော့ လက်ခံစာ ရောက်လာပါတယ်။

မေး။    ။ဒီအစီအစဉ် မှာ ဘယ်လိုတွေ ပါဝင်ဖို့ စိတ်ကူးကြံစည် ထားခဲ့ပါသလဲ။ တကယ့်တကယ် အိုင်အိုဝါကို ရောက်လာတော့ ဘာတွေလုပ်ဖြစ်ပါသလဲ။
ဖြေ။     ။ စာအုပ်၂ အုပ်ကို တည်းဖြတ်နေပါတယ်။ ပထမတစ်အုပ်ကတော့ ကျွန်မရဲ့ မိခင်ဘာသာစကားဖြစ်တဲ့ ကီနာရေ-အ ဘာသာနဲ့ရေးထားတဲ့ ဒုတိယမြောက် ကဗျာစုစည်းမှုစာအုပ်ပါ။ နယူးဂျာဆီမှာ လတ်တလောနေထိုင်တဲ့ ရေးဖော်ရေးဖက် ကဗျာဆရာတစ်ယောက်က အင်္ဂလိပ်လို ပြန်ဆိုပေးထားပါတယ်။ အိုင်အိုဝါတက္ကသိုလ်က ကျောင်းသား၂ ယောက် ဟာ အခု အဲဒါကို ဖတ်နေကြပါတယ်။ တစ်ယောက်က ကဗျာအထူးပြုနဲ့ သင်ကြားနေတဲ့ စီနီယာကျောင်းသားပါ။ နောက်တစ်ယောက်က နိုင်ငံတကာ ဘာသာပြန်အတန်းမှာ တက်ရောက်နေပါတယ်။ နောက်တစ်အုပ်ကတော့  “လက်တွဲဖော် မဂါကူဝန်တို” လို့ အမည်ရတဲ့ စုစည်းမှုပါ။  ဖလစ်ပီနို ဘာသာနဲ့ ဝတ္ထု ၇ ပုဒ်ကို စုစည်းထားပါတယ်။

မေး။    ။ ဆရာမနေထိုင်တဲ့ ဖိလစ်ပိုင်ရဲ့ စာပေမြင်ကွင်းကို ပြောပြနိုင်မလား
ဖြေ။     ။ ဖိလစ်ပိုင်ရဲ့ စာပေမြင်ကွင်းဟာ စိတ်လှုပ်ရှားစရာလည်းကောင်း စိန်ခေါ်မှုတွေနဲ့လည်း ပြည့်နှက်နေတယ်လို့ ကျွန်မယုံကြည်ပါတယ်။ ပြီးခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုအတွင်းမှာ ဘာသာစကားပေါင်းစုံ တိုးတက်လာတာကို တွေ့ရပြီး မြို့တော် မနီလာအပြင် တခြားဒေသတွေမှာလည်း စာပေထုတ်ဝေမှုတွေ တိုးတက်လာတာကိုလည်း တွေ့ရပါတယ်။  အဲဒီမှာ ယဉ်ကျေးမှုနဲ့ အနုပညာ ကော်မတီ၊ အမျိုးသား စာအုပ်စာပေ ဖွံ့ဖြိုးတိုးတက်ရေး ဘုတ်အဖွဲ့ တို့ကတဆင့် အစိုးရက ပံ့ပိုးပေးတဲ့ ထောက်ပံ့ကြေးတွေ၊ စာပေပြိုင်ပွဲတွေလည်းရှိပါတယ်။ နိုင်ငံရဲ့ အရှည်ကြာဆုံးနဲ့ ဂုဏ်သိက္ခာအကြီးမားဆုံးလို့ အသိအမှတ်ပြုခံရတဲ့ ဒွန်ကာလိုပလန်စာ စာပေအမှတ်တရ ဆုချီးမြှင့်ရေးအဖွဲ့လို ပုဂ္ဂလိက အဖွဲ့တွေနဲ့၊ ဖိလစ်ပိုင် ဂရပ်ဖစ်၊ ဖိလစ်ပိုင် စာပေလွတ်လပ်ခွင့် စတဲ့ မဂ္ဂဇင်းတွေက ပံ့ပိုးပေးတာလည်းရှိပါတယ်။ အီလက်ထရွန်းနစ် ထုတ်ဝေရေးကလည်း အခုအချိန်မှာ အရှိန်ကောင်းလာပါပြီ။ ဘာသာစကားနဲ့ နိုင်ငံရေးယုံကြည်မှုအရ စုစည်းထားတဲ့ စာပေအဖွဲ့တွေ အများကြီးရှိပါတယ်။ ကလေးစာအုပ် ထုတ်ဝေမှုကလည်း အလွန် သက်ဝင်လှုပ်ရှားနေပြီး ဘာသာစကားမျိုးစုံနဲ့ ထွက်ပေါ်နေပါတယ်။ အထူးသခြင့် ပညာရေးဌာနရဲ့ တာဝန်တစ်ခုဖြစ်တဲ့ မိခင်ဘာသာစကား အခြေခံတဲ့ ဘာသာစကားပေါင်းစုံ ပညာရေး အကောင်အထည်ဖော်မှု ကြောင့်လည်း ဖြစ်ပါတယ်။

မေး။    ။  ဆရာမတို့နိုင်ငံမှာ စာပေပွဲတော်တွေ ဘယ်လောက် မကြာခဏ ကျင်းပပါသလဲ။ ဘာတွေကို အဓိကထားပြီး ကျင်းပလေ့ရှိပါသလဲ။ ဥပမာ ကဗျာ၊ သုတ၊ အထွေထွေအနုပညာ စသည်ဖြင့်ပေါ့။
ဖြေ။     ။ကျွန်မတို့မှာ မနီလာ နိုင်ငံတကာ လူငယ် စာပေပွဲတော်ရှိပါတယ်။ စာပေပုံစံမျိုးစုံကို ကိုယ်စားပြုအောင် ကြိုးစားနေပြီး ဂျူနိုဒီယာ့ဇ်(Junot Diaz ) တို့လို စာရေးဆရာတွေကို ခေါ်ဆောင်လာပါတယ်။ ဖေဖေါ်ဝါရီလတိုင်းမှာတော့ အစိုးရက ပံ့ပိုးပေးတဲ့ TABOAN ပွဲတော်လည်းရှိပါတယ်။ အဲဒီပွဲက တစ်နိုင်လုံးမှာရှိတဲ့ လူငယ်စာရေးဆရာတွေကို စုဆုံစေပြီး နိုင်ငံတကာ စာရေးဆရာတွေကိုလည်း ဖိတ်ခေါ်တဲ့ ကဏ္ဍတွေ ပါပါတယ်။

မေး။    ။ဆရာမတို့နိုင်ငံမှာ ကဗျာကို ကျယ်ကျယ်လောင်လောင် အသံထွက်ပြီး ဖတ်လေ့၊ ရွတ်ဆိုလေ့၊သရုပ်ဖော်လေ့ ရှိကြပါသလား။ ရှိခဲ့တယ်ဆိုရင် အဲဒါဟာ ခေတ်ပြိုင်လှုပ်ရှားမှု တစ်ရပ်လား၊ ယဉ်ကျေးမှု ထုံးတမ်းစဉ်လာမှာ ပါခဲ့လို့ ဆက်ရွတ်နေကြတာလား။
ဖြေ။     ။ ဟုတ်ကဲ့။ ကျွန်မတို့ဆီမှာ အထူးသဖြင့် ရဲရင့်တဲ့ လူငယ်ကဗျာဆရာတွေ ပါဝင်ကြတဲ့ ကဗျာရွတ်ပွဲတွေကို ဘားတွေမှာ ကျင်းပကြတာရှိပါတယ်။ ပေါ်ပြူလာအဖြစ်ဆုံး ပွဲတွေကတော့ “ပျော်ရွှင်စရာ တနင်္လာ” လို့ အမည်ရတဲ့ ပွဲတွေပါ။ ကျွန်မတို့မှာ ခိုင်မာတဲ့ အသံထွက်ရွတ်ဆိုမှု ဓလေ့ထုံးတမ်းရှိပါတယ်။ ကဗျာရွတ်ဖတ်တာအပြင် “ဘလာဂါတစန်” လို့ခေါ်တဲ့ ကဗျာရွတ်ပြိုင်ပွဲ ရှိပါတယ်။ အခုအချိန်မှာ အဲဒါ ဟာ ပြန်ခေတ်စားနေပါတယ်။ ကျွန်မဟာ အဲဒါတွေကို သင်ကြားနေပြီး ဝက်ဘ်ဆိုက်မှာ ကျွန်မရဲ့ ကျောင်းသားတွေရဲ့ ထူးချွန်တဲ့ လက်ရာတွေကို တင်ထားပါတယ်။ အခုအချိန်အထိတော့ အစိုးရရဲ့ K-12 အစီအစဉ်က ဘလာဂါတစန်ဟာ ပေါ်ပြူလာအဖြစ်ဆုံး ပို့စ်ဖြစ်ပြီး တုံ့ပြန်မှုတွေလည်း အများဆုံးရထားပါတယ်။

မေး။    ။ဆရာမက ဘယ်ဘာသာစကားတွေနဲ့  စာရေးသားပါသလဲ။
ဖြေ။     ။ ကျွန်မ ဖိလစ်ပိုင် ဘာသာစကား ၃ မျိုးနဲ့ရေးပါတယ်။ မိခင်ဘာသာစကားဖြစ်တဲ့ ကီနာရေ-အ၊ ကျွန်မရဲ့ ဒေသဖြစ်တဲ့ ဖိလစ်ပိုင်တောင်ပိုင်းက အနောက်ဘက် ဝိစာရ ဒေသက ဟီလီဂေနွန် ဘာသာစကားနဲ့ ခေတ်ပြိုင်လည်းဖြစ် နိုင်ငံတော် ရုံးသုံးဘာသာစကားလည်းဖြစ်တဲ့ ဖလစ်ပီနို ဘာသာတွေနဲ့ ရေးပါတယ်။

မေး။    ။ဆရာတို့နိုင်ငံမှာ ဘာသာစကား ဘယ်နှစ်မျိုးရှိပါသလဲ။ ဘယ်နှစ်မျိုးက စာပေလက်ရာအဖြစ် တည်ရှိပါသလဲ။
ဖြေ။     ။ ဒီစာရင်းဇယားနဲ့ ပတ်သက်လို့ ပညာရှင်တွေရဲ့ စာတမ်းတွေကို ရှာကြည့်ရပါမယ်။ ဒါပေမယ့် ကျွန်မတို့မှာ ကျွန်းပေါင်း ၇၁၀၀ ကျော်ရှိတော့ ဘာသာစကားပေါင်း တစ်ရာကျော်ရှိတယ်လို့ ပြောလို့ရပါတယ်။ အဲဒီဘာသာတွေထဲမှာ ၇ ဘာသာကို အစိုးရဘာသာလို့ အသိအမှတ်ပြုထားပါတယ်။ ကီနာရေ-အ၊ ဟီလီဂေနွန်နဲ့ ဖလစ်ပီနို တွေဟာ အဲဒီအထဲမှာ ပါပါတယ်။

မေး။    ။ဆရာမရဲ့ စာပေတွေကို လွှမ်းမိုးတဲ့ စာရေးဆရာတွေဟာ ဘယ်သူတွေလဲ။ ဘယ်နိုင်ငံကပါလဲ။ အများဆုံး စာရေးဆရာ ၃ ယောက်ကို ပြောပြပါလား။
ဖြေ။     ။ ကျွန်မပြောရရင်တော့ ၁) ကျွန်မတို့ရဲ့ အမျိုးသားခေါင်းဆောင်ကြီးဖြစ်တဲ့ ဟိုဆေးရီဇော်ပါ။ သူ့ရဲ့ နာမည်ကျော် ဝတ္ထုနှစ်အုပ်ဖြစ်တဲ့ Noli Me Tangere  နဲ့ ကို El Filibusterismo ကျောင်းတွေမှာ မဖြစ်မနေသင်ဖို့ ဥပဒေနဲ့ ပြဌာန်းထားပါတယ်။ အဲဒီစာအုပ်တွေကို ကျွန်တို့က အင်္ဂလိပ်ဘာသာနဲ့ရော ဖလစ်ပီနို ဘာသာပြန်နဲ့ရော ဖတ်ကြပါတယ်။ ၂) အားနက်စ် ဟဲမင်းဝေး (Ernest Hemingway) ရဲ့ “A Clean, Well-Lighted Place” နဲ့ “Hills Like White Elephants” တို့ကို ကောလိပ်မှာ ပထမဆုံး စဖတ်ကတည်းက အလွန် လေးစားနှစ်သက်ပါတယ်။ ၃) အမျိုးသမီး စာရေးဆရာတွေထဲမှာ အစ္စဘဲ အလန်ဒီ(Isabel Allende) ကို ဖတ်ပြီး ကြီုးပြင်းလာခဲ့တာပါ။

မေး။    ။ စာဖတ်သူတွေက ဆရာမရဲ့ အရေးအသားတွေကို ဘယ်လို လွှမ်းမိုးမှုရှိပါသလဲ။
ဖြေ။     ။ ကျွန်မရဲ့ စာအုပ် ၂ အုပ်ဆီကို တုံ့ပြန်မှု အများဆုံး ရခဲ့ပါတယ်။ “Komposo ni Dandansoy (2007)” ကတော့ Palanca ဆု ချီးမြှင့်ခံခဲ့ရတဲ့ စာအုပ်ပါ။ “Turagsoy” က ရယ်စရာလည်းကောင်း ဆွဲဆောင်မှုလည်း ရှိပါတယ်။ ဒီတော့ အဲဒီစာအုပ် ၂ အုပ်လုံးကို ပရိသတ်က နှစ်သက်ကြပါတယ်။ ဒါပေမယ့် ကျွန်မ ဒီလို ထပ်ရေးလို့ မရတော့ဘူးလို့ထင်ပါတယ်။ ကျွန်မရဲ့ ဝတ္ထုရှည် Lumbay ng Dila (2010) ရဲ့ နောက်ဆုံး အခန်းတွေထဲက အိပ်မက်တွေကိုလည်း လူတွေနှစ်သက်ကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရယ်စရာကောင်းပြီး သွက်လက်လို့ပါ။ ဒီတော့ ကျွန်မဟာ ဥာဏ်ရွှင်ပြီး ရယ်စရာကောင်းတဲ့ အပိုင်းတွေကို ပိုပြီး အားထားရေးရမယ်လို့ ထင်ပါတယ်။ အဲဒီဝတ္ထုက ကျွန်မကို ညို့အားကောင်းဆွဲဆောင်မှုတွေ ရေးသားတဲ့ စာရေးဆရာလို့လည်း နာမည်တွင်စေခဲ့ပါတယ်။ အခု အပြီးသတ်နေတဲ့ ဒုတိယ ဝတ္ထုရှည်မှာတော့ ကွဲပြားခြားနားတဲ့ ဟန်နဲ့ လေသံ ကို တွေ့ရမှာပါ။

မေး။    ။ ဘာသာပြန်သူတစ်ဦး အနေနဲ့ ဘာသာပြန်တဲ့အခါ ဘာတွေပျောက်ဆုံးသွားတယ်လို့ ထင်ပါသလဲ။
ဖြေ။     ။ပျောက်ဆုံးနိုင်တာကတော့ တချို့သော ယဉ်ကျေးမှု အထူးပြု စကားလုံးတွေ၊ ဟာသတွေနဲ့ ဂီတသံတွေပါ။ ဒါပေမယ့် အဲဒါတွေကို ကိုယ့်သဘောအတိုင်း ပြန်ဆိုဖို့၊ အနီးစပ်ဆုံး ပြန်ဆိုဖို့နဲ့ ကိုယ်စားပြုဖို့ နည်းလမ်းတွေ ဒါမှမဟုတ် နည်းပညာတွေ အမြဲရှိပါတယ်။ ဘာသာပြန်ခြင်းဆိုတာ နူးညံ့သိမ်မွေ့ခြင်းရဲ့ လုပ်ဆောင်ချက် တစ်ရပ်လို့ ကျွန်မယုံကြည်ပါတယ်။ အာရုံနှစ်ခုကြားမှာ ၊ မူလရင်းမြစ်နဲ့ ရည်မှန်းတဲ့ ဘာသာစကားကြားမှာ၊ သတိရှိရှိနဲ့ ကိုယ်ချင်းစာနာစွာ သွားလာခြင်းပါ။ ဒါကြောင့် ဘာသာပြန်သူဟာ အဲဒီကမ္ဘာနှစ်ခုစလုံးကို ကျွမ်းကျင်ပိုင်နိုင်မှု ရှိရပါမယ်။ ကျွန်မဟာ မိခင်ဘာသာစကားကနေ ဖလစ်ပီနိုကို ဘာသာပြန်တဲ့အခါ ဆင်တူမှုနဲ့ ထူးခြားမှုက သယ်ဆောင်လာတဲ့ ချဲ့ထွင်မှုတွေ၊ သတိမြှင့်တင်မှုတွေ၊ သေချာအောင် ရှင်းလင်းမှုတွေ ကို အမြဲလိုလို ကြုံတွေ့ရပါတယ်။

……………

ဂျင်းန်ဟာ စကားပြေကဗျာတွေကို ရေးသားရတာ နှစ်သက်တယ်လို့ ဆိုပါတယ်။ သူ့ရဲ့ကဗျာတွေထဲက ကျွန်မတို့အတွက် ထူးခြားပြီး စိတ်ဝင်စားဖို့ကောင်းတယ်လို့ ထင်မိတဲ့ အရေးအသား ၂ ခုကို မိတ်ဆက်တင်ပြလိုက်ပါတယ်။ သူ့ကဗျာတွေဟာ ဖိလစ်ပိုင်ရဲ့ ကျေးလက်ဘဝကိုလည်း ထင်ဟပ်နေပါတယ်။ ရိုးစင်းတဲ့ အကြောင်းအရာ၊ ရှင်းလင်းတဲ့ အရေးအသားတွေထဲက စိတ်ဝင်စားစရာ အတွေးထောင့်တွေကို ခြေရာခံကြည့်လို့ရနိုင်ပါတယ်။


လျှာတစ်ချောင်းရဲ့ကြေကွဲမှု

မန်ကျည်းသီးထုပ်ကို ကျွန်မတွေ့လိုက်တဲ့အချိန်မှာ စူပါမားကက်ဟာ ကွင်းပြင်ကျယ်ကြီးတစ်ခု ဖြစ်သွားပေါ့။ ထိုင်းချဉ်စပ် ၆၉.၇၅ တဲ့။ ချိုတယ် ချဉ်တယ် ဆိုတာ ဘာအရသာလဲ ပြန်ရင်းနှီးကျွမ်းဝင်လာတယ်။

လယ်ထဲမှာရှိတဲ့ ကျွန်မအိမ်ကို ပြန်ဖို့ လေယာဉ်ပျံတစ်စီး လိုတယ်။ ဒီစူပါမားကက်ကို လာတဲ့ခရီးဟာ ကာယလေ့ကျင့်ခန်းတစ်ခု ဖြစ်တယ်။ ချိုခြင်းနဲ့ ချဉ်ခြင်းကြား အကွာအဝေးကိုတော့ ဘယ်လိုများတိုင်းတာရပါ့။

အဲဒီတုန်းက မွန်းလွဲချိန်မှာ သစ်ကိုင်းတွေပေါ်က ကျွန်မတို့နှစ်ယောက်ကြား အကွာအဝေးဟာ လက်တစ်ကမ်းသာရှိတယ်။  ဒါပေမယ့် မြေကြီးပေါ်မှာ ကြွေကျရင့်မှည့်နေတဲ့ အချိုအရသာကို မြည်းစမ်းကြည့်ဖို့ ရှင်ကတိုက်တွန်းလာတယ်။ ရှင်ကမစောင့်နိုင်တော့ဘူး။

အပင်ပေါ်က ရှင်တွယ်ဆင်းသွားတာဟာ  ခပ်လှမ်းလှမ်းအကွာအဝေးက ရက်စက်တဲ့ ပင့်ကူတိုက်ပွဲမှာ ဝင်ကစားချင်လို့ မဟုတ်လား။ ကျွန်မတော့ ဒီမန်ကျည်းသီးထုပ်ကို ဝယ်တော့မယ်။ ဒီကွင်းပြင်ကျယ်ကြီးမှာ လူစိမ်းတစ်ယောက်လို ဖြစ်နေတာက ကျွန်မလျှာကို ဝမ်းနည်းစေတယ်။

ဒီနေ့ဟာ အဲဒီမွန်းလွဲချိန်ကို ပြန်ရောက်ဖို့ သိပ်ကွာဝေးနေတဲ့ နေ့တစ်နေ့။ ဒီကွင်းပြင်ကျယ်ကြီးဟာ  လယ်ကွင်းထဲက မန်ကျည်းပင်ပေါ်က ကျွန်မတို့အတွက် အတုအယောင်ပဲ။ ဒီတော့ ချိုတယ် ချဉ်တယ် အရသာကို မြည်းစမ်းနိုင်ဖို့ ကျွန်မရဲ့လျှာ သွေးချင်းချင်းနီရင် နီပါစေတော့။

ဂျင်းန်ဗီး အယ်လ် အာစန်ဂျို


(ဖိလစ်ပိုင် ကဗျာဆရာမ၊ စာရေးဆရာမ Genevieve L. Asenjo ၏ Kasubu kang Dila
ကို Ma. Milagros Lachica-Geremia က မူရင်း Kinaray-a ဘာသာမှ အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုထားသည့် The Sadness of a Tongue ကို ပန်ဒိုရာ ဆီလျော်အောင် ဘာသာပြန်သည်။)


ကျွန်မချစ်တဲ့ ရေ ဟာ လူစိမ်းတစ်ယောက် 

ကျွန်မချစ်တဲ့ ရေ ဟာ လူစိမ်းတစ်ယောက်ပဲ။ ကျွန်မ ရေလည်းမဆာ ကြို့လည်းမထိုး။ ရွာထဲမှာဆို မြေအိုးထဲက ရေဟာ အေးစိမ့်နေတယ်။ ဂါလံပုံးထဲမှာ ရေတွင်းထဲက ရေခပ်ပြီး ဖြည့်ထားတယ်။ ဟောဒီ ကွန်ဒိုမီနီယံတိုက်ခန်းထဲမှာ ဒီ နို့တစ်စာကို ရှင် ဖတ်ကြည့်လိုက်။

ရွာမှာဆိုရင် ကျွန်မ ရေကို ပုံးနဲ့ခတ်တယ်။ နိုင်ငံရေးသမားတစ်ယောက် လှူထားတဲ့ ရေစုပ်စက်ကြောင့် တောင်လိုပုံနေတဲ့ အဝတ်တွေလည်း လျှော်လို့ပြီးတယ်။ မနီလာမြို့ လမ်းမတွေပေါ်က လျှံနေတဲ့ရေတွေကိုတော့ ကျွန်မ သိမ်းကျုံးခပ်လိုက်ချင်တယ်။

ကျွန်မတို့သောက်နေတဲ့ ရေတကောင်းဆန်ဆန် ပုလင်းထဲက ဝိုင် တွေအစား ရေနဲ့ဖြည့်လိုက်ချင်တယ်။ ရှင်က လက်ဆေးကြွေကန်ထဲ ရေကို ဇလုံတစ်လုံးနဲ့ ခပ်ပါလားလို့ ပြောတယ်။ ရှင်က ရေနည်းနည်းလောက် တောင်းတဲ့အခါ ကျွန်မက ရှင့်အာခံတွင်းထဲမှာ ရေကူးချင်နေတယ်။

ရှင့်ကို ဒီနို့တစ်စာ ဖတ်ခိုင်းလိုက်တယ်။ မနက် ရှစ်နာရီက ညနေငါးနာရီအထိ ရေပြတ်မယ် တဲ့။ ရှင်က ဒီဝိုင်ပုလင်းကို ရှင်းလိုက်ကြစို့ ဒါမှ ရေဖြည့်လို့ရမယ် လို့ပြောတယ်။ ကျွန်မတို့ဟာ ဆိုဖာပေါ်မှာ တောင်လိုပုံနေတဲ့ အဝတ်ဟောင်းတွေပေါ် လဲလျောင်းနေကြတယ်။

ရွာမှာ ကျွန်မ ရေပုံးကို ထားခဲ့ပြီ။ လမ်းထိပ်က အဝတ်လျှော်ဆိုင်မှာ လျှော်ရင် အဝတ် ၁ကီလိုကို ၃၀ ပီဆို ပေးရမယ်။   ကျွန်မ ထပြီး ဇလုံကိုဖြည့်တယ်။ သွားတိုက်တယ်။ ရှင် ကျွန်မကို နမ်းတော့ ပေါင်းခံရေနံ့ရတယ်။
မနီလာမြို့ဟာ မိုးဖွဲဖွဲအောက်မှာတောင် ရေလျှံနစ်မြုပ်တယ်။ အဲဒီရေတွေ ကျွန်မ သွားခပ်လိုက်ချင်တယ်။ အခုတော့ ရေမျက်နှာပြင်က နိမ့်နေတယ် လို့ ရေဒီယိုတွေ သတင်းစာတွေ တီဗွီတွေ အင်တာနက်တွေ၊ မက်ဆေ့ခ်ျတွေက ပြောနေတယ်။  လာမဲဆာဆည် ခန်းတော့မယ် တဲ့။

တက်တက်ပြောင်သွားတဲ့ ဝိုင်ပုလင်းကို ရှင့်ဆီက ကျွန်မယူပြီး ဘုံဘိုင်ကရေနဲ့ ဖြည့်လိုက်တယ်။ အဝတ်ဟောင်းတွေ တောင်လိုပုံနေတဲ့ ဆိုဖာဆီကို ပြန်သွားတယ်။ ။ ပြီးတော့ ရှင့်ခံတွင်းဟာ လာမဲဆာ ဆည် လို့ စိတ်ကူးယဉ်လိုက်တယ်။ ကျွန်မ အဲဒီမှာ ရေကူးတယ်။ ပြီးတော့ ပထမဆုံးအကြိမ်အဖြစ် ကျွန်မ ရေမွမ်းသွားတယ်။

ဂျင်းန်ဗီး အယ်လ် အာစန်ဂျို

(ဖိလစ်ပိုင် ကဗျာဆရာမ၊ စာရေးဆရာမ Genevieve L. Asenjo ၏ Pangayaw ang Tubig nga Akun Palangga ကို Ma. Milagros Lachica-Geremia က မူရင်း Kinaray-a ဘာသာမှ အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုထားသည့် The Water I Love is a Stranger ကို ပန်ဒိုရာ ဆီလျော်အောင် ဘာသာပြန်သည်။)



ပန်ဒိုရာ
၂၇.၇.၂၀၀၃
.
.

1 comment:

  1. စာတွေကို အတိတ်မှတ်တမ်းနဲ့ အနာဂတ်အမြင်အဖြစ် ရေးပါတယ်။ ... ဆိုတဲ့ ဆရာမနဲ့ အကွာအဝေးတွေဘယ်လို ဆိုတာ တွက်ဆစေနိုင်တဲ့ စာတွေကို ဖတ်ရတာ အားရစရာပါ ...

    ReplyDelete

Comment လေးတစ်ကြောင်းဟာ စာရေးသူအတွက်အားဆေးပါ .. ကျေးဇူးပြုပြီး အခု Post နဲ့ပတ်သက်လို့ စာဖတ်သူရဲ့ အမြင်ကိုလည်း မျှဝေခဲ့ပါဦး ...



Flag Counter