STARTING OUR WEBSITE
Published at 1st. JANUARY. 2013

Wednesday, July 31, 2013

သစ်ပုတ်ပင်အောက်က တီတစ်ကောင်



သစ်ပုတ်ပင်ဟာ အထင်ကရအမှတ်အသားတစ်ခုပါ။ အနာဂတ်ခွန်အားတို့ကို ရေလောင်းပေါင်းသင်ပေးရာ နေရာရဲ့ နိမိတ်ပုံ။ ငြိမ်းချမ်းခြင်း၊ စိမ်းလန်းခြင်းတို့နှင့်အတူ ရနံ့လှလှတွေ မျှဝေပေးတဲ့ နေရာ။ ပျော်ရွှင်ခြင်း၊ ကြည်နူးခြင်းတွေနောက်မှာ ခွဲခွာခြင်း၊ လွမ်းဆွတ်ခြင်းတွေ ရှိကြပေမယ့် ဒါဟာ လောကသဘာဝတစ်ခု ရယ်လို့ တရားကိုယ်စီနဲ့ စုပေါင်းအားကို ဖြည့်တင်းပေးတဲ့ဒေသ။ အလင်းရောင်ရဲ့ ပလ္လင်။ အဲဒီလို ပွင့်လင်းသော တံခါးများနဲ့ ထင်ရှားစွာ မြင်သာသောနေရာ... ဒီလိုနေရာကို မရောက်ဖူးသူ မဖြစ်လိုတဲ့ တီတစ်ကောင်ဟာ သူ့ဒေသလေးကို ခွဲခွာပြီး အားကြိုးမာန်တက်နဲ့ ခရီးထွက်ခဲ့ပါတယ်။ တွန့်လိန်ကောက်ကွေးပြီး တရွေ့ရွေ့တွားသွားနေရတဲ့ သူ့အခြေအနေကို ရောက်လိုတဲ့နေရာရဲ့ အာရုံဖမ်းစားမှုမှာ အားအင်တွေ ပြန်လည်မွေးဖွားခဲ့တာ အခါခါပါ။

တစ်နေ့တစ်လံ ပုဂံဘယ်ပြေးမလဲပြောပြော၊ ငုတ်မိသဲတိုင် တက်နိုင်ဖျားရောက်ပဲဆိုဆို လုံ့လရဲ့ကောင်းကျိုးပေးမှုကို ဒီတီကောင်လေးလည်း ခံစားခဲ့ရပါတယ်။ ကိုယ်မှန်းဆတဲ့ ခရီးကို ရောက်တဲ့အခါ မောပန်းမှုတွေ ပြေပျောက်လို့ လန်းဆန်းကြည်နူးမှုတွေအောက်မှာ ပျော်ရွှင်ကျေနပ် ရတဲ့အရသာဟာ ထူးကဲလှပါတယ်။ ဧည့်ခန်းဆောင်ထဲက ဖုန်မှုန်ကင်းစင်တဲ့ အဆင်အသွေးတွေလို့ ထင်မိနေရပါတယ်။

ဒါပေမယ့် ... အဲဒီ ဒါပေမယ့် ဆိုတာကြီးက တစ်ကယ့်ကို လွန်လွန်းလှပါတယ်။ ပညာတို့နားခိုရာမို့ မမှန်တရားကို လက်မခံနိုင်ကြသူတွေ အားမွေးတဲ့နေရာကို အာဏာနဲ့ လက်နက်အားကိုးသူတွေက အတင်းဝင်ရောက် ဖျက်ဆီးခြေမှုန်းလိုက်တာ သုဿာန်တစပြင်လေလား ထင်ရပါတယ်။ သွေးကွက် သွေးစွန်းတွေဟာ သစ်ပုတ်ပင်ကြီးကို တဖျန်းဖျန်းစင်လာပါတော့တယ်။ သားရဲတိရစ္ဆာန်ကြီးတွေဟာ အပြစ်ကင်းစင်တဲ့ သားကောင်လေးတွေကို လက်သည်းချွန်တွေနဲ့ကုတ်ခြစ်၊ အစွယ်တွေနဲ့ကိုက်ဝါး၊ သံခွာခြေထောက်တွေနဲ့နင်းခြေ၊ လုပ်ချင်တိုင်း လုပ်နေလိုက်ကြတာကို တီကောင်လေးဟာ မျက်ရည်တွေရွှဲရွှဲစိုတဲ့ တစ်ကိုယ်လုံးနဲ့ မြေထဲမှာပုန်းလျှိုးရင်း မကြားချင်မှအစ မမြင်ချင်မှအဆုံး တုန်လှုပ်စွာ ခံစားနားလည်ခဲ့ပါတယ်။ နောင်နှစ်တွေဘယ်လိုပြောင်းပြောင်း ခေတ်တွေ ဘယ်လိုဟောင်းဟောင်း မေ့ပျောက်လို့ မရနိုင်ခဲ့တာလည်း အသေအချာပါ။

ဂုဏ်တင့်သူကို ဂုဏ်မပြုနိုင်တဲ့နေရာ၊ အရိပ်အာဝါသကောင်းတွေကို ချိုးဖျက်ခံရတဲ့နေရာ၊ အနာဂတ်ကို မြေမြှုပ်ခဲ့တဲ့နေရာ... အဲဒီနေရာမှာသစ်ပုတ်ပင်ကြီးမပျော်နိုင်တာကို ဟောဒီ တီကောင်လေးလည်းေ၀၀ါးတဲ့ မြင်ကွင်းတွေကြားကနေ တွေ့နေရပါတယ်။ မျှဝေခံစားနေမိပါတယ်။ တီကောင်လေးဟာ လူးလွန့်ရှောင်တိမ်းရင်း မြေတွင်းထဲမှာနေခဲ့ပေမယ့် အိပ်စက် အနားယူတဲ့အခါမှာတောင် အိပ်မက်ဆိုးတွေက ခြောက်လှန့်လို့  ညဆိုရင်လည်း ထိတ်ထိတ်လန့်လန့် ဖြစ်ခဲ့ရပါတယ်။

အမှောင်လွှမ်းသောကာလများကို ဘယ်သူတွေက မြတ်မြတ်နိုးနိုးနဲ့ သိမ်းဆည်းနေကြပါသလဲ။ ဘယ်သူတွေက လက်ဆင့် သင်ကြားပေးခဲ့ပါသလဲ။ စာနာညှာတာမှု၊ တန်းတူအလေးထားမှု တွေမရှိဘဲ အနိုင်ကျင့်ဖိနှိပ်မှု၊
ရက်စက်မှု၊ ကောက်ကျစ်မှုဆိုတာတွေဟာ တန်ဖိုးထားရမယ့်အရာတွေ ဟုတ်ပါသလား။ တီကောင်လေးမှာ မတွေးတတ်တော့ပါ။ လောကကြီးသာယာအေးချမ်းနေတာက လှသလား။ ပျက်စီးဆုံးရှုံး မီးခိုးလုံးတွေ မှောင်ပိတ်နေတာက လှသလား။ အများအတွက်စဉ်းစားကြည့်မိတာပါ။ အနည်းစုလေးသာယာ ဘရမ်းဘတာတွေ လိုပါသလား။

တီကောင်လေးမှာတော့ ဟိုရှောင် ဒီပုန်းနဲ့ တီကောင်ရုပ်တောင် မပေါက်တော့အောင် ကြေကွဲခံစားနေခဲ့ရပါတယ်။ လည်စင်းပြီး ပေးဆပ်သွားကြသူတွေ အတွက်လည်းနှမျောတသ နေမိပါတယ်။ ဒီအင်ဒီအားတွေသာ အလုပ်ခွင်မှာ
ငြိမ်းချမ်းစွာအားထုတ်ခွင့်ရမယ်ဆိုရင် သစ်ပုတ်ပင်ကြီးလည်းအထူးလော၊ တက်တိမ်လော၊ နေရောင်လောလို့ တင်စားခံနေရမှာ အသေအချာ။

အချိန်တွေဆိုတာ ပြောင်းလဲတတ်ခြင်းသဘောမှာ အခြေခံနေတာကြောင့် သစ်ပုတ်ပင်ကြီးလည်းခြအုံလည်းဖြစ်၊ ဓားထစ်လည်းခံစစ်ရောက်စခန်း ပြဆိုညွှန်းဆိုသလို မဖွယ်မရာ ကြုံနေခဲ့ရတာတွေဟာ ဇွဲလုံ့လနဲ့
တိုးထွက်မှုတွေအောက်မှာ တဖြည်းဖြည်းလျှော့ပါးလာပါတော့တယ်။ တီကောင်လေးလည်း အိပ်မက်ဆိုးတွေ မက်နေတာလျှော့ကျသွားပါတယ်။ ၀န်းကျင်ကငြိမ်းချမ်းလာသလို အများသူငါအတွက် သာယာမှုတွေ မျှဝေနိုင်တာကြောင့် စည်ပင်မှုတွေ ပိုပိုလာပါတော့တယ်။ ပြုံးပျော်နေတဲ့ အသံတွေ၊
မျှော်လင့်ကြိုဆိုကြတဲ့အသံတွေ၊ အားပါးတရ လက်ဆုပ်ဖြေကြတဲ့ အသံတွေဟာ ကြိုကြားကြိုကြားကနေ တဖြည်းဖြည်း ပဲ့တင်လာတာတွေကို နားဆင်ရင်း တီကောင်လေးရင်ထဲမှာ စိမ့်ထွက်လာတဲ့ ကြည်နူးသွေးတွေဟာ
လှည့်ပတ်လို့နေပါတော့တယ်။ ပျော်ပါတယ် မေမေရယ်... လို့ စကားသံတွေ ထွက်လာတဲ့အထိ ရင်ခုန်ဝမ်းသာနေမိပါတယ်။ အိပ်မက်လေလားလို့လည်း ထင်မိပါရဲ့။ ချောက်အိပ်မက်တွေဝေးရာ သစ်ပုတ်ပင်ကြီး အရိပ်မှာ နားနားနေနေ နေခွင့်ရချင်ခဲ့ပါပြီ။

တီကောင်တစ်ကောင်အတွက်တော့ ငြိမ်းချမ်းသာယာတဲ့ အလင်းရောင်အောက်မှာ ပန်းမျိုးစုံပွင့်လန်းနေကြတာကို မြင်ချင်နေပါပြီ။ တီကောင်လေးတတ်နိုင်သရွေ့ ပန်းပင်ကလေးတွေ လေ၀င်လေထွက်ကောင်းစေဖို့ မြေသားတွေကို ပွပွလေးဖြစ်အောင် လုပ်ပေးပါ့မယ်။ ဒီလိုဆိုခဲ့တဲ့ တီကောင်လေးဟာ အခုအချိန်မှာတော့ ညင်သာနုရွတဲ့ ခြေလှမ်းတွေအတွက် ညစ်ပေမှုတွေ မရှိရအောင် ကြိုးစားနေရင်း  အဲဒီသစ်ပုတ်ပင်ကြီးအောက်မှာ အပြုံးတွေ
တဝေေ၀နဲ့ ကများတောင် ကနေလေမလားလို့ ...








 ငြိမ်းစိုးဦး
သိတတ်လို့ တတ်သိပြီး သတ္တိတွေတိုးကာ
ငြိမ်းချမ်းမှုများ စိုးမိုးလျက် ပညာဖြင့် ဦးဆောင်နိုင်ကြပါစေ ...
( 28 ; 6 ; 2013 )

0 comments:

Post a Comment

Comment လေးတစ်ကြောင်းဟာ စာရေးသူအတွက်အားဆေးပါ .. ကျေးဇူးပြုပြီး အခု Post နဲ့ပတ်သက်လို့ စာဖတ်သူရဲ့ အမြင်ကိုလည်း မျှဝေခဲ့ပါဦး ...



Flag Counter