ကျွန်တော်သည်ရုပ်ရှင်ကြည့်ရခြင်းကို အလွန်နှစ်သက်သူ ဖြစ်ပါသည်။ ကြည်ပြီး ကြိုက်မိသော ဇာတ်ကားများကို သူငယ်ချင်း၊ မိတ်ဆွေများအား မရမနေ ပေးကာ၊ ဇွတ်အတင်းပင် ကြည့်ခိုင်းတတ်ပါသေးသည်။ အနည်းဆုံးတော့ ကျွန်တော်တို့အားလုံး၏ ဆုံရပ်ဖြစ်သော လက်ဘက်ရည်ဆိုင်မှာ ဇာတ်က ဘယ်လို၊ ပါဝင်သော သရုပ်ဆောင်များက ဘယ်လောက်တော်ကြောင်း… စသည်ဖြင့် ပြောလိုက်ရမှ ကျေနပ်သည်။
ကျွန်တော်
မျှဝေသမျှ အစမှ အဆုံးထိ သည်းခံနားထောင်ပေးပြီး ကျွန်တော့်အား လက်ဘက်ရည်ပြန်တိုက်သွားတတ်သည့်
သူငယ်ချင်းများစွာထဲတွင် ရသကမ်းခြေမဂဇင်းကို အားထည့်လုပ်ဆောင်နေကြသော ကိုကြည်နိုင်နှင့်
သတိုးတို့နှစ်ယောက် ရှေ့ဆုံးက ပါဝင်ပါသည်။ ရသကမ်းခြေ အွန်လိုင်းမဂဇင်းကို သူတို့ပုံဖော်ကြမည်ဟု
တိုင်ပင်စဉ်ကပင် “ရုပ်ရှင်ခံစားမှု ဆောင်းပါး ရေးမယ်” ဟု နှုတ်ကျွံမိသွားခဲ့သည်။ သူတို့ကလည်း
ကျေကျေနပ်နပ် လက်ခံခဲ့ကြလေသည်။ (နားဒုက္ခအေးပြီဟု ကြိတ်ပြီး ၀မ်းသာနေကြသေးသလားတောင်
မသိ)
တကယ်က
ကျွန်တော် စာရေးဆရာတစ်ယောက်မဟုတ်ပါ။ ကျွန်တော် အသိ၊ ကျွန်တော့်ခံစားချက်နှင့် သိမီသလောက်
မျှဝေချင်ရုံ သက်သက်သာ။ ကျွန်တော့် အရေးအသားများက စာဖတ်သူ၏ ခံစားချက်နှင့် ဝေးလှမ်းလွဲချော်နေခဲ့ပါလျှင်လည်
ကြိုတင်တောင်းပန်ထားနှင့်ပါမည်။
လူတစ်ယောက်သည်
အခြားလူတစ်ယောက်နှင့်ဖြစ်စေ၊ နေရာဒေသတစ်ခုမှာဖြစ်စေ၊ သက်မဲ့ ရုပ်ဝတ္ထုပစ္စည်းများနှင့်ဖြစ်စေ
အချိန်ကြာမြင့်စွာ အတူတကွ နေထိုင်လာရသောအခါ သံယောဇဉ်ဆိုသော နှောင်ငင်တွယ်တာမှုတစ်ခု
အလိုလို ဖြစ်တည်လာတတ်ကြသည်။
ယခု
ကျွန်တော် ပြောပြလိုသည့် လူသုံးယောက်ကျပြန်တော့ အခြား၊ အခြားသော အရာများထက် ညှို့ချက်အားပြင်းလှစွာသော
၊ တိမ်းမူးဖွယ် ဖမ်းစားတတ်သေးသော၊ အနုမာယာထွေပြားလွန်းလှသော အနုပညာ၊ ရတနာ အမွေအနှစ်များစွာဖြင့်
နှစ်ပေါင်းအတော်ကြာကြာ အတူတကွ နေထိုင်ခွင့် ရခဲ့ကြလေသည်။ ထိုအခါ သူတို့၏ နှောင်ငင်တွယ်တာမှုသည်
အခြားသူတို့ထက် အဆပေါင်းများစွာ ပိုမိုသာလွန်လာခဲ့ပြီး စွဲလန်းမှု၊ ရူးသွပ်မှု၊ ပိုင်ဆိုင်လိုမှု
စသည်ဖြင့် အဆင့်ဆင့်၊ တစ်ရစ်ပြီးတစ်ရစ် တိုးလို့လာတော့သည်ကို အခြေခံရုက်ကူးထားသော ဇာတ်ကားတစ်ကားအကြောင်း
ပြောပြပါရစေ။
ကျွန်တော်
မြင်သော အမြင်ကို ပြောရလျှင် အထက်ပါ စကားလုံးများထက် ပိုမိုလိုက်ဖက်သည်မှာ အလွန်အမင်းမြတ်နိုးခြင်းဟုသာ
ဆိုချင်တော့သည်။
တစ်ခုထူးခြားသည်မှာ
ထိုကဲသို့ မိမိမြတ်နိုးသော အရာများကို လက်ဝယ်ပိုင်ပိုင်ရရှိရန် ခက်ခဲပင်ပန်းစွာ၊ ကြမ်းတမ်းစွာ
ကြိုးစားကြသူများမှာ ပျိုရွယ်သန်မာသူ လူငယ်များမဟုတ်ပဲ ဇရာထောင်းနေခဲ့ပြီဖြစ်သော လူအိုမင်းကြီးများ
ဖြစ်နေကြခြင်းပင်။ ထိုအချက်ကြောင့်ပင် ရုပ်ရှင်ဇာတ်ကားမှာ ပိုမိုသက်ဝင်လာရသည်ဟု ကျွန်တော်ထင်ပါသည်။
MICHALE
LE SIEUR ၏ ဇာတ်ညွှန်းကို ဒါရိုက်တာ PETEHEWT ရိုက်ကူး၍ MORGAN FREEMAN,
CHRTSTOPHER WALKEN, WILLIAM H.MACY နှင့် MARCIA GAY HARDEN တို့ ဦးဆောင်ပါဝင်သည့် THE MAIDEN HEIST
ရုပ်ရှင်စစချင်း ကျွန်တော်တို့မြင်တွေ့ရသည်က မိန်းမငယ်တစ်ယောက် ရပ်လျှက် ပန်းချီကား (နောင်တွင်သိရသည်မှာ မာဆယ်ဒီရောဘတ်၏ လက်ရာ အထီးကျန်မိန်းမပျို ပန်းချီကား) ကို မျက်တောင်မခတ်ပဲ အာရုံစူးစိုက်လျှက် ကြည့်နေသော လူကြီးတစ်ယောက်၏ အနီးကပ်မျက်နှာပဲဖြစ်သည်။ သူသည် ပန်းချီကားအား ကြည့်နေရင်းမှာပင် ပြတိုက်အတွင်းသို့ လူဆိုးများဝင်ရောက်လာကြပုံ၊ ပန်းချီကားကို ဖျက်ဆီးပစ်ကြမည်ကိုစိုးသောကြောင့် ကိုယ်တိုင် အသက်စွန့်ကာကွယ်ပုံများကို ထင်ယောင်စိတ်ကူးဆန့် နေမိသေးတာဖြစ်သည်။ တိုးရစ်အဖွဲတစ်ဖွဲ့ ပြတိုက်အတွင်း ၀င်ရောက်လာသောကြောင့် သတိပြန်ဝင်ရသည်။ တိုးရစ်ဂိုက်ကလေးမက ပန်းချီကားနှင့်ပတ်သက်သော ရှင်းလင်းချက်များက လွဲမှားနေပြန်ရာ သူကပင် ၀င်ရောက်ကူညီကာ ရှင်းလင်းခံစား၊ ပြောပြလိုက်ရာ တိုးရစ်အဖွဲ့သားတွေ အတော်ပင် သဘောကျသွားကြသည်။
သူ့အမည်ကတော့
ရောဂျာဘာလို (ခရစ္စတင်း ၀ယ်ကင်) ဖြစ်သည်။ နယူးယောက်ရှိ ပန်းချီပန်းပုအနုပညာ ပြတိုက်တွင်
ပန်းချီကားများ ထိမ်းသိမ်းစောင့်ရှောက်ရသော အစောင့်အဖြစ်လုပ်ကိုင်ခဲ့သည်မှာ နှစ်ပေါင်း
သုံးဆယ်ကျော်ခဲ့ပြီ။ သူ အလွန်အမင်းမြတ်နိုးရသောပန်းချီကားကတော့ အထီးကျန်မိန်းမပျို
ပင်ဖြစ်၏။
သူ၏ဇနီးဖြစ်သူ
ရို့စ် ( မာစီယာဂေးဟာဒင်) ကတော့ လင်ယောက်ျားကို အလွန်စိုက်သူဖြစ်သည်။ မင်္ဂလာနှစ်ပတ်လည်နေ့မှာ
ဖလော်ရီဒါသို့ သွားရောက်အပမ်းဖြေရန် စိတ်ကူးယဉ်လျှက် သူ့အလုပ်မှ ရသမျှ ဘောက်ဆူးငွေများကို
စနစ်တကျ စုဆောင်းနေပြန်သည်။ ရော်ဂျာကတော့ သူ၏ အလုပ်ချိန်မှာ အချိန်တိုင်းနီးပါး အထီးကျန်မိန်းမပျို
ပန်ချီကားရှေ့မှာသာ ရောက်နေတတ်သည်ကများသည်။
နောက်တစ်ယောက်ကတော့
လုံခြုံရေးကင်မရာနေရာတွင် နှစ်ပေါင်းသုံးဆယ်ကျော် လုပ်သက်ရှိသော ချားလ်ပီတာဆင်( မော်ဂင်ဖရီးမင်း)။
သူကိုတော့ ရေးနွား၏ လက်ရာ (ကြောင်များနှင့် မိန်းကလေး) ပန်းချီကားရှေ့တွင် တွေ့ရပြန်လေသည်။
သူသည် ထိုပန်းချီကားကို ဘယ်လောက်များ မြတ်နိုးလွန်းသလဲဆိုလျှင် သူတစ်ဦးတည်းနေထိုင်ရာ
အခန်းငယ်ထဲမှာ ကြောင်များနှင့် မိန်းကလေးငယ်၏ ပုံကြမ်းများချည်းသာ။ အခန်းနံရံအနှံ့ရှိ
ထိုပန်းချီပုံများ အားလုံးကို သူကိုယ်တိုင် ပုံကြမ်းရေးခြစ်ထားခြင်းဖြစ်သည်။ သူမွေးထားသောကြောင်ကလေးကိုပင်
ရေနြွးဟု အမည်မှည့်ထားခဲ့သည် အထိဖြစ်သည်။
တစ်နေ့တွင်
သူတို့အလုပ်ရှင်က ပြတိုက်ရှိ အနုပညာလက်ရာများအားလုံးကို မကြာခင် ဒိန်းမတ်နိုင်ငံ ကိုပင်ဟောင်ရှိ
ပြတိုက်သို့ ပြောင်းရွှေ့ပြသတော့မည်ဖြစ်ကြောင်း သူတို့နှစ်ယောက်သိရှိသွားကြရာ ရင်ဘလောင်ဆူကာ
ခေါင်းချင်းရိုက်ကြရတော့သည်။
ချားလ်စ်က
ရောဂျာအား ပန်းချီကားများကို ခိုးယူကြရန် စည်းရုံးလာသည်။ ရော်ဂျာ စိတ်ဝင်စားမိသော်လည်း
ကြောက်လန့်ငြင်းဆန်နေသည်။ ချားလ်စက “တို့နှစ်ယောက်တည်းမဟုတ်ဘူး။ နောက်တစ်ယောက် ရှိသေးတယ်”
ဆိုကာ လုံခြုံရေးမှတ်တမ်း အခန်းထဲသို့ ခေါ်၍ ဗွီဒီယိုမှတ်တမ်းတစ်ခုပြလိုက်သည်။ နောက်ထပ်
မြတ်နိုးတတ်လွန်းသူတစ်ယောက်ကို ရော်ဂျာသိလိုက်ရပြန်ပြီ။
သူ့နာမည်က
ဂျော့မက်လန်ဒန် (၀ီလီယံ အိပ်ခ်ျမာစီ) ။ လုပ်သက် ဆယ့်နှစ်နှစ်ရှိ လုံခြုံရေး အစောင့်
ဝန်ထမ်းဖြစ်ပြီး ပြတိုက်ပိတ်ချိန်တွေမှာ သူအလွန်အမင်းမြတ်နိုးမိသော အမည်မသိလက်ရာ အ၀တ်မဲ့
(ကြေးနီးရောင် စစ်သည်တော်) ပန်းပုရုပ်ဆီသွားကာ ကိုယ်ခန္ဒာဗလာကျင်းလျှက် ကြေးနီပန်းပုရုပ်ကိုယ်ဟန်အတိုင်း
နေရသည်ကို ကျေနပ်သူ ဖြစ်ပြန်သည်။
ထိုသို့ဖြင့်
လူအိုကြီး သုံးယောက် ပူးပေါင်မိသွားကာ ကိုယ်စီမြတ်နိုးသော ပန်းချီကားနှင့် ပန်းပုရုပ်တို့ကို
ခိုးယူရန် လျှို့ဝှက်လေ့ကျင့်ကြပုံမှာ ရယ်မောစရာ၊ ရင်မောစရာ၊ ကရုဏာသက်စရာပင် ဖြစ်ပါသည်။
အခြားသော
ဖောက်ထွင်းရေးကားများကဲ့သို့ ရောင်ခြည်တန်းများ၊ လက်နက်ဆန်းကိုင် အစောင့်များ၊ စက်သီးများဖြင့်
ဆင်းသက်ခြင်းများ လုံးဝမပါဝင်ပါ။ သို့သော် ရင်တမမဖြစ်ရအောင် ၀ါရင့်သရုပ်ဆောင်ကြီးများက
လုပ်ပြသွား ခဲ့သည်။
ဤသို့ဖြင့် အခက်အခဲများစွာ၊ လွဲချော်မှုများစွာ၊ အန္တရာယ်များစွာ
ကြုံတွေ့ရပြီးနောက် သူတို့ မြတ်နိုးစွဲလန်းသည့် အရာများကို ရရှိပိုင်ဆိုင်သွားခဲ့ကြပါသည်။
ထိုပန်းချီ၊
ပန်းပုလက်ရာများသည် ဒေါ်လာသိန်းသန်းချီ၍ တန်ဘိုးရှိသည်မှာ သေချာသလောက်ပါပင်။ သို့သော်
သူတို့ သုံးဦးသား ပြောသွားသည့် စကားအားလုံးတွင် ငွေကြေးတန်ဘိုးအကြောင်း တစ်လုံးတစ်လေမှ မပါဝင်ခဲ့ပါ။ သူတို့ လုံးဝ စိတ်ဝင်းစားကြပုံလည်း မပေါ်ပါ။
နောက်ဆုံးတွင်တော့
သီးသန့်နေရာလေးတစ်ခုပြုလုပ်၍ မိမိနှစ်သက်မြတ်နိုးရာ အနုပညာလက်ရာများကို ကြည်နူးကျေနပ်စွာ
တစိမ့်စိမ့်ခံစားနေပုံကြပုံနှင့် ဇာတ်သိမ်းထားပါသည်။
ထိုဇာတ်ကားကို
ကြည့်ပြီးသောအခါ ကျွန်တော့်ရင်ထဲတွင် တစ်စုံတစ်ရာအပေါ် မြတ်နိုးစွဲလန်းခွင့် ရချင်မိတော့သလို၊ ထိုမြတ်နိုးစွဲလန်မိသောအရာကို လက်ဝယ်ပိုင်ပိုင်ရရှိရန်
ဆောင်ရွက်နိုင်စွမ်းသော လူတစ်ယောက်အဖြစ် စိတ်ကူးယဉ်ခဲ့မိသည်ကို
ဝန်ခံပါသည်။ ။
လူသားပီသသူသာလျှင် အနုပညာနှင့်ထိုက်တန်ကြောင်း ပေါ်လွင်စေခဲ့တယ်လို့ ထင်မြင်မိပါတယ် ...
ReplyDeleteအဲဒီကားလေး ကြည့်ချင်လိုက်တာဗျာ
ReplyDelete