စာအုပ်တွေ ရောက်လာပြီဆိုကတည်းက သူပျော်နေခဲ့ပါသည်။ စာပို့သမား လက်ထဲက
လက်ကမ်းယူလိုက်သော အထုပ်ကလေးသည် သူ့လက်ထဲမှာ စေးပိုင်စွာကျန်ရစ်သည်။
သူ့စိတ်ရွှင်လာပြီး လေလေးများပင် ချွန်လိုက်သေးသည်။ စာအုပ်ထုပ်ကို လက်ထဲမှာ
ချိန်ဆရင်း အိမ်ထဲဝင်လာခဲ့သည်။
ကလေးတစ်ယောက်လို သိချင်ဇောနှင့် အထုပ်ကို ဖွင့်နေမိသည်။ ရုတ်တရက်
အထုပ်ကို ဖွင့်ရန်အတွက် ကတ်ကြေးရှာမတွေ့သည်ကိုပဲ စိတ်တိုနေမိသေး၏။
တစ်နယ်တစ်ကျေးမှာ တစ်ယောက်တည်းနေသောသူ့ဆီ ဖေဖေနှင့်မေမေက
အစားအသောက်များ အပြင် သတိတရ အမြဲပို့သည်က မြန်မာစာအုပ်လေးများ ဖြစ်သည်။
အခုတစ်ခါမှာတော့ စာအုပ်အဟောင်းများ ပို့ပေးလိုက်သည်ဟု ဆိုသည်။
စာအုပ်အဟောင်းများ ဟူသော စကားလုံး၏ နောက်ကွယ်မှာ ရှားပါးခြင်း၊ တန်ဖိုးရှိခြင်း၊
ခေတ်တစ်ခုကို ဖြတ်သန်းခဲ့ခြင်း ဟူသော ဂုဏ်ပုဒ်များက အလိုလို ကပ်ပါလာပြီးသား
ဖြစ်သည်။ စာအုပ်အသစ်များနှင့် မတူသည်က စာအုပ်ဟောင်းတစ်အုပ်ချင်းသည်
ရေးသားထားသော အကြောင်းအရာ အပြင် သူ့ကိုယ်ပိုင် အကြောင်းအရာ၊
ဖြတ်သန်းမှုတစ်ခုဆီကို သယ်ဆောင်လာကြသည်။ စိတ်ကူးဥာဏ်၏ ကွန့်မြူးမှု အတိုင်း
ဇာတ်လမ်းတစ်ပုဒ်ဆီကို ဆောင်ကြဉ်းလာကြသည်။ ထို့ကြောင့် ၀တ္ထုချင်း အတူတူပင်ဖြစ်စေ
သူစာအုပ်အဟောင်းများကို ပို၍ နှစ်သက်တတ်သည်။
ပထမဆုံး စာအုပ်က သိပ္ပံမောင်ဝ၏ ၀တ္ထုတိုပေါင်းချုပ် ဖြစ်သည်။ ဂျာနယ်စာမျက်နှာ
ဖြစ်ဟန်တူသော စာရွက်တစ်ရွက်နှင့် စာအုပ်ကို သပ်သပ်ရပ်ရပ် ဖုံးထားသည်။ ဒါ မေမေ့
လက်ရာဖြစ်နိုင်သလို စာအုပ်ရောင်းသူ၊ အရင် စာအုပ်ပိုင်ရှင်၏ လက်ရာလည်း ဖြစ်နိုင်ပါသည်။
စာအုပ်၏ အတွင်းစာမျက်နှာမှာ မြင့်မြင့်စန်း ဟူသော နာမည်ထိုးထားသည်။ ရက်စွဲကတော့
သူမမွေးခင် အနှစ်နှစ်ဆယ် ခန့်က။ စာအုပ်အတွင်းက ၀တ္ထုတို တစ်ပုဒ်ဆီမှာ မှတ်ချက်များ၊
မျဉ်းသားထားသော စကားလုံး၊ စာကြောင်းများ၊ မေးခွန်းများ စနစ်တကျရှိနေကြသည်။
မောင်လူအေးနှင့် မောင်လူမွှေးတို့ နာမည်များက မင်နီတားလျက်သား။
မေမေခင်သန်းမြင့်ဟာ မောင်လူမွှေးညီမလေးကို ဆရာဝန်ခေါ်ပြီးမွေးရခြင်းမှာ အစားကြီးလို့ဆိုသည့်
နေရာတွင်တော့ “ဟိ ဟိ” ဟူသော မှတ်ချက်ပေးထားသေးသည်။ စာကလေးတွေ
ခြေထောက်အေးသည့် အကြောင်းကိုလဲ (ဒေါ်)မြင့်မြင့်စန်းတစ်ယောက် ရယ်ချင်
ရယ်နေပေလိမ့်မည်။ မေမေတို့ ခေတ်လောက်က ဒီစာအုပ်ကို ကျောင်းသုံး ဖတ်စာအုပ်အဖြစ်
သုံးသည်ဟု မေမေပြောတာ ကြားဖူးသည်။ မေမေ့စာအုပ်တောင်မှ ခြစာ ဖြစ်သွားသည်မို့ သူ
အမွေ မရခဲ့။ ဒီတော့ (ဒေါ်) မြင့်မြင့်စန်းသည် မေမေ့ အသက်လောက် ရှိရမည်။
ကျောင်းသူကောင်း တစ်ယောက်ဖြစ်ခဲ့ပုံ ရသည်။
စာအုပ်၏ တစ်နေရာမှာတော့ မိန်းကလေးပုံ ဆွဲလို့ ထားသည်။ ကျောင်းစာကို
ဘယ်လောက်ပင် စိတ်ဝင်စား ပါစေ၊ ဆယ်ကျော်သက် မိန်းကလေးတစ်ဦးရဲ့ အချို့
နေ့တွေမှာတော့ စိတ်ထင်ရာလုပ်ချင်သည့် စိတ်ကလေး ရှိမှာပဲ။ သူ့ မျက်စိထဲမှာ ကျောင်းစိမ်း
အဖြူအစိမ်းနှင့် အမျိုးသမီးငယ် တစ်ဦးပေါ်လာသည်။ အစန်းဟု သူငယ်ချင်းများက
ခေါ်ကြသော ထိုအမျိုးသမီးငယ်လေး မြင့်မြင့်စန်းသည် ထိုနေ့က ဆရာ စာသင်သည်ကို
စိတ်မ၀င်စားနိုင်ဘဲ ကျောင်းဆင်းချိန်ကိုသာ မျှော်နေမိသည်။ ထို့ကြောင့် ပျင်းပျင်းရှိသည်နှင့်
စာအုပ်ပေါ်တငွ် မိန်းကလေး အရုပ်ဆွဲမိသည်။ သို့ပေမယ့် ကျောင်းသူကောင်း
ဖြစ်သောကြောင့် သူပုံဆွဲမိသည်ကို စိတ်မကောင်း ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။
နောက်စာအုပ်တစ်အုပ် ကတော့ပိုလို့တောင် စိတ်ဝင်စားဖို့ ကာင်းနေသေး၏။
ဆရာဦးတင်မိုး၏ ကဗျာစာအုပ်ကလေး ဖြစ်သည်။ ကပ်ထူဖြင့်သေသပ်စွာဖုံးထားသော်လည်း
စာအုပ်ကလေးက နည်းနည်းတော့ အိုနေပြီ။ သူ့ကို စွဲဆောင်လိုက်သော
စာကြောင်းကလေးက ပထမစာမျက်နှာမှ သပ်ရပ်သော လက်ရေး။ ရေးထားသည်က
ကဗျာတွေရွတ်ခဲ့ကြတဲ့
ငါးနှစ်တာ ကာလ အမှတ်တရ နေ့များသို့
မေတ္တာဖြင့်….
နွယ်။
သူစာတမ်းလေးကို ဖတ်ပြီး ကြည်နူးသလို၊ ပြုံးချင်သလို။ စာအုပ်လေးကို
အရှေ့အနောက် လှန်လှော ကြည့်တော့ စာအုပ်ရဲ့ နောက်ကျောမှာ “ZT” ဟူသော
အတိုစာလုံးလေး နှစ်လုံး ထိုးထားသည်။ သူ့စိတ်ကူးနှင့်သူ စာအုပ်ရှင်ကို ဇော်သက် ဟု
အမည်ပေးလိုက်သည်။
နွယ်ဟူသော မိန်းကလေးတစ်ယောက်။ စာအုပ်ပိုင်ရှင် ကိုဇော်သက်က နွယ့် ချစ်သူ
ဖြစ်နိုင်သလို၊ နွယ်နှင့် စိတ်သဘောထားခြင်း တိုက်ဆိုင်သော ချစ်သူလောင်း ဖြစ်နိုင်သည်။
ငါးနှစ်တာ ဆိုသည်က သူတို့ရဲ့ ခင်မင်မှု သက်တမ်း သို့မဟုတ် ချစ်သူသက်တမ်းပေါ့။
အိမ်ထောင်သည်တွေ ဆိုရင်တော့ ငါးနှစ်ကြာသည် အထိ ဒီလောက် ကဗျာဆန်နိုင်ပါ့မလား။
သူ့အတွေးနှင့် သူရယ်လိုက်သည်။ ချစ်သူဖြစ်ဖို့ ရာခိုင်နှုန်းပိုများသည်ဟု ကိုယ့်ဟာကိုယ်
မဲဆွယ်ဖြစ်သည်။
ဘာလိုပဲ ဖြစ်ဖြစ် သေချာတာကတော့ နွယ်နှင့် ကိုဇော်သက်သည် ကဗျာသမား၊
စာသမားများ ဖြစ်ရမည်။ သူတို့နှစ်ဦး တက္ကသိုလ်တွင် ဆုံကြတာ ဖြစ်နိုင်သည်။ ထိုခေတ်က
တက္ကသိုလ်မဂ္ဂဇင်းတွင် ကဗျာရေး၊ စာရေးကြရင်း မိတ်ဆွေများက မိတ်ဆက်ပေးရင်း
ခင်မင်လာကြမည်။ သူတို့ပိုင်သော စာအုပ်များကို လဲဖတ်ရင်း ပိုရင်းနှီးလာကြရင်း
စိတ်တူကိုယ်တူ ၀ါသနာတူများအဖြစ် လက်တွဲဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်နိုင်သည်။
သည်လိုဖြင့်လျှင် နောက်ဆုံးတော့ ဒီစာအုပ်လေးက နောက်ဆုံး ဘယ်လိုကြောင့်
စာအုပ်အဟောင်းဆိုင်ကို ရောက်လာရပါသလဲဟူသော မေးခွန်းကို သူဆက်၍
စိတ်ကူးကြည့်သည်။ နွယ်တို့ အကြောင်းအမျိုးမျိုးကြောင့် မပေါင်းဖက်ကြရသည်လား။
ထိုသို့သော အခြေအနေမျိုးတွင်တောင် ကိုဇော်သက်သည် သူထင်သလို စာပေကို မြတ်နိုးသူ
ဆိုပါက ဦးတင်မိုး၏ ကဗျာစာအုပ်ကဲ့သို့သော အဖိုးတန်စာအုပ်မျိုးကို သိမ်းထားဖို့
ဖြစ်နိုင်ချေက များပါသည်။ အထူးသဖြင့် နွယ့်ကို ၀တ္ထုတွေထဲကလို တစ်သက်လုံး တသသ
ချစ်သွားသည် ဆိုရင်ပေါ့။
ဒီလိုမှမဟုတ် နွယ်တို့ဇာတ်လမ်းသည် ဇာတ်သိမ်းမလှသော အကျည်းတန်
ဇာတ်လမ်းမျိုးပေလား။ ဒီလို အခြေအနေမှာတော့ ကိုဇော်သက်က စိတ်နာစွာနှင့်
ဒီစာအုပ်ကလေးကို ရောင်းပစ်လိုက်သည်လား။ ဖြစ်နိုင်သော နောက်အခြေအနေ
တစ်မျိုးကတော့ ဒေါ်နွယ်နွယ်နှင့်ဦးဇော်သက်တို့ မင်္ဂလာသက်တမ်း
သုံးဆယ်ခန့်ကြာပြီးနောက် သားသမီးများက အဖေနှင့်အမေ၏ စာအုပ်စင်ကို ရှင်းရင်း
မတော်တဆပင်ဖြစ်စေ၊ စာပေကို တန်ဖိုးမထားတတ်၍ ဖြစ်စေ၊ စာပေကို
တန်ဖိုးထားသော်လည်း မလွှဲမရှောင်သာသော ငွေရေးကြေးရေး အခက်အခဲ တစ်ခုကြောင့်
ဖြစ်စေ အမေက အဖေ့ကို အမြတ်တနိုးပေးခဲ့သော စာအုပ်လေးကို
ရောင်းကောင်းရောင်းမိပေလိမ့်မည်။ သြော်…ဒီစာအုပ်ကလေး ဘာတွေများ
ဖြတ်သန်းကြုံတေ့ခွဲ့ရပါလိမ့်ဟု သူတွေးရင်းက နောက်စာအုပ်တစ်အုပ်ကို လက်လှမ်းမိသည်။
သူငယ်ချင်းလို့ပဲ ဆက်၍ ခေါ်မည်ခိုင် ..တ။ဲ့ နှစ်လွှာပေါင်းမှ တစ်ရွက်ဖြစ်သော
စွယ်တော်ရွက်ခေတ်ကို သူရောက်သွားရပြန်သည်။ ဒီဝတ္ထုကို သူဖတ်ဖူးသော်လည်း
ပြန်ဖတ်ချင်နေသည်မှာ ကြာပေပြီ။ တက္ကသိုလ်ဘုန်းနိုင်၏ ၀တ္ထုများ အဘယ်ကြောင့်
နာမည်ကြီး ရသည်ကို သူစပြီး သိရသော ၀တ္ထုတစ်ပုဒ်ဟု ဆိုရပေမည်။
စတုတ္ထအကြိမ်ပုံနှိပ်သော စာအုပ်ကို ဖေဖေတို့က ပို့လိုက်ခြင်းဖြစ်သည်။ တန်ဖိုးက
၆ကျပ်ဟုဆို၏။ အခုအချိန်မှာတော့ တော်တော်တန်ဖိုးကြီးပေမည်။ အဖုံးက
ခြေခင်းလက်ခင်းသာယာသော နေရာတစ်ခုတွင် ပျော်ရွှင်ကြည်နူးနေကြသော စုံတွဲတစ်တွဲ။
ဒီစာအုပ်တွင်တော့ ခပ်သော့သော့ လက်ရေးဖြင့် ရေးထိုးထားသော နာမည် တစ်လုံးသာ
ပါသည်။ လက်ရေးမှာ ဖတ်လို့ မရအောင်ပင် သော့လေတော့ မြန်မာလို ရေးထားသည်လား၊
အင်္ဂလိပ်လို ရေးထားသည်လားပင် မခွဲခြားတတ်။ သူကလည်း လက်ရေး ပါရဂူ
မဟုတ်လေတော့ မိန်းကလေး၊ ယောက်ျားလေး လက်ရေးဆိုသည်ကိုပင် မကွဲပြားပေ။
ဘယ်လိုလူမျိုး၏ စာအုပ်ဖြစ်လေမည်လဲ ဆိုသည်ကတော့ မှန်းရခက်ပေဦးမည်။
သို့ပေမယ့်လည်း သူကတော့ စိတ်ကူးယဉ်ကာ ဇာတ်လမ်းဆင်ကာဖြင့်
တွေးချင်သေး၏။ စာအုပ်ပိုင်ရှင်သည် မောင့်လို တည်ကြည်သော
ပညာတတ်တစ်ယောက်ပေလား။ ခိုင့်လို စိတ်ကူးယဉ်ပြီး တဇွတ်ထိုးလုပ်တတ်သော
မိန်းကလေးပေလား။ ငြိမ်းမောင်လို အားငယ်တတ်သော သူများလား။ ဒါမှမဟုတ်လျှင်
မောင့်လို လူစွမ်းကောင်း လုပ်ချင်ရှာသော ပညာရှိများလား။ ခိုင့်လို မေတ္တာငတ်သော
ကံခေရှာသည့် မိန်းကလေးလေများလား။ လှိုင့်လို လောကဓံ၏ အပုတ်အခတ်မှ
ကင်းဝေးလေသော၊ ပြင်းထန်သော စိတ်ခံစားမှုကို နားလည်စရာ မလိုလောက်အောင်
ကံကောင်းလေသော မိန်းကလေးများလား။ ကြိုင့်လို တစ်သက်လုံး မျိုသိပ်ရသူလေလား။
မြိုင့်လို ရဲရင့်၍ သည်းခံတတ်သော ချစ်ခြင်းကို ပိုင်ဆိုင်သူများလား။ သို့လော သို့လော
မေးခွန်းတွေကြားထဲမှ ဒီစာအုပ်ကို ဘယ်က၀ယ်သည်ကိုတော့ ဖေဖေ့ကို မေးဦးမှ ဟူ၍
စိတ်ထဲမှာ တေးထားလိုက်သည်။
နောက်တစ်နေ့ အိမ်ကို ဖုံးခေါ်တော့ ဖေဖေ့ကို မေးဖြစ်သည်။
“ဖေဖေ ပို့လိုက်တဲ့ စာအုပ်တွေရတယ်။ အဒဲီစာအုပ်တွေ အားလုံး ပန်းဆိုးတန်း
စာအုပ်အဟောင်းဆိုင်က ၀ယ်တာလား ဟင်။”
“ဖေဖေ အသိ စာအုပ်ဆိုင်လုပ်တဲ့ ဦးဥာဏ်ကို သမီးမှတ်မိလား။ ငယ်ငယ်က
သမီးအတွက် ပုံပြင်စာအုပ်တွေ ရွှေသွေးတွေ ယူလာပေးတတ်တယ်လေ။”
“မှတ်မိတယ် ဖေဖေ။ ဦးဥာဏ်လာရင် သမီးသိပ်ပျော်တာ။ ဦးဥာဏ်ပေးတဲ့
စာအုပ်တွေတောင် ရှိသေးလား ဖေဖေ။ နောက်တစ်ခါ ကြုံရင်ပို့ပေးလိုက်ပါဦး။”
“ဟော ပြောရင်းနဲ့ သူ့စာအုပ်အဟောင်းတွေကို သတိရသွားပြန်ပြီ။ ဖေဖေပြောနေတာ
ဘယ်ရောက်သွားပါလိမ့်။ သြော် .. အခု သမီးကို ပို့ပေးလိုက်တဲ့ စာအုပ်တွေကလဲ ကိုဥာဏ်က
သမီးအတွက် လက်ဆောင်ပေးလိုက်တာ။ တက္ကသိုလ်ဘုန်းနိုင် စာအုပ်ကလွဲလို့။”
သူချက်ချင်း ရင်ခုန်သံမြန်သွားသည်။
“ဟုတ်လား ဖေဖေ။ ဒါဆို တက္ကသိုလ်ဘုန်းနိုင်စာအုပ်က ဘယ်က ၀ယ်တာလဲဟင်။
ဦးဥာဏ်ကို ကျေးဇူးတင်ကြောင်းလဲ ပြောလိုက်ပါနော်။ နှစ်အုပ်လုံးကို သမီး ကြိုက်တယ် လို့လဲ
ပြောပေးပါ။”
“အမယ်…ငါ့သမီးက ဘာကြောင့် ဒီစာအုပ်ဘယ်က ရလဲလို့
ဒီလောက်စိတ်ဝင်စားနေရတာလဲ။”
“စာအုပ်ပိုင်ရှင်တွေက ဘယ်လိုလူမျိုးဖြစ်မလဲလို့ မှန်းကြည့်ချင်လို့ပါ။ ဘာရယ်
မဟုတ်ပါဘူး ဖေဖေ။”
“ကဲ ဒါဖြင့်ရင် စုံထောက်ကြီး ငါ့သမီးက တက္ကသိုလ်ဘုန်းနိုင်စာအုပ် ပိုင်ရှင်ဟာ
ဘယ်လိုလူမျိုး ဖြစ်မယ် ထင်သလဲ။ ပြောစမ်းပါဦး။”
“သမီးထင်တော့ အဲဒီ စာအုပ် ပိုင်ရှင်ဟာ မောင့်လို ချစ်တဲ့သူကို မရလို့
သူငယ်ချင်းလို့ပဲ ဆက်ပြီးခေါ်နေရလို့ စိတ်နာနာနဲ့ ဒီစာအုပ်ကို ရောင်းလိုက်တယ် ထင်တာပ။ဲ
မောင့်လို သတ္တိ မရှိတဲ့လူပေါ့။”
ဖေဖေ့ဘက်မှ လှုပ်လှုပ်ရှာရှားဖြစ်သွားသော အသံကို သူတစ်ချက်ကြားလိုက်ရသည်။
ပြီးတော့ သူမထင်မှတ်ထားသော တုံ့ပြန်မှုတစ်ခုကို ကြားရသည်။
“ငါ့လခွီး။ အဲဒီစာအုပ်ရဲ့ ပိုင်ရှင်က နင့် အဖေပဲ ငါ့သမီးရဲ့။”
ဖေဖေ့စကား အဆုံးမှာ သူဟက်ဟက်ပက်ပက် ရယ်မိသည်။ ပျော်ပျော်နေတတ်သော၊
တည်ငြိမ် စူးစိုက်သော်လည်း ခံစားမှုကို နက်နက်နဲနဲ ဦးစားမပေးတတ်သော၊
လက်တွေ့ဆန်သော ဖေဖေသည် “ခိုင်´´၏ စာအုပ်ပိုင်ရှင် ဆိုပါလား။ မေမေ့ကို
တက္ကသိုလ်ဘုန်းနိုင် ဖတ်လိမ့်မည်ဟု မှန်းဆကြည့်၍ ရသော်လည်း ဖေဖေ့ကိုတော့ “ခိုင်”
လိုဝတ္ထုမျိုးဖတ်လိမ့်မည်ရယ်လို့ စဉ်းစား၍ မရပေ။
“တကယ်…ဖေဖေက တက္ကသိုလ်ဘုန်းနိုင် ၀တ္ထုဖတ်တယ်။”
ရယ်သံတစ်ဝက်၊ မေးခွန်းတစ်ဝက်နှင့် စကားအဆုံးမှာ ဖေဖေက ပြန်ပြောသည်။
“အမယ်…ညည်းက ဖေဖေ တက္ကသိုလ်ဘုန်းနိုင် ဖတ်တာကို မယုံနိုင်ဘူး
ဖြစ်နေတာလား။ ဖေဖေလည်း ခံစားတတ်ပါတယ်ကွာ။ အထူးသဖြင့် လွန်ခဲ့တဲ့
အနှစ်လေးဆယ်တုန်းကပေါ့။ ခံစားမှုတွေ တိုက်ဆိုင်တာလဲ ပါတာပေါ့။”
အဆုံးသတ်မှာ အဖျားခတ်သွားသော လွမ်းရိပ်ကို ဖေဖေ အချိန်မီ
ဖုံးကွယ်လိုက်သော်လည်း သူကတော့ အမိအရ ဖမ်းမိလိုက်သေးသည်။ ဖေဖေ့အကြောင်း
အချို့ သူမသိသေးတာ ရှိသေးသည်ဟုလည်း မှတ်ယူရ၏။
“သြော် ..ဒါကြောင့် မို့လို့ လက်ရေးက ဖတ်လို့မရတာကိုး။ ဖေဖေ့လက်ရေးက
ဆိုးကဆိုးနဲ့။”
“ညည်းလက်ရေးကတော့ သိပ်လှတယ်ပေါ့။”
“ဒါနဲ့ ဖေဖေ့ လက်မှတ်ကို သမီးလည်း မမှတ်မိပါလား။ အခု ထိုးတဲ့ လက်မှတ်န့လဲ
မတူဘူး။”
“ငယ်ငယ်တုန်းက ထိုးတဲ့ လက်မှတ်ပါ။ လူကြီးဖြစ်လာပြီးတဲ့နောက်
သိပ်ကြည့်မကောင်းလို့ ပြောင်းလိုက်တာ။”
သူ့ရဲ့ရင်ထဲက ပုစ္ဆာ “ခိုင်´´ ကတော့ အဖြေထက် မေးခွန်းများကိုသာ
ထပ်ဆင့်ပွားနေပေတော့သည်။ စာအုပ်ဟောင်းလေး တစ်အုပ်တိုင်းမှာပင် ဇာတ်လမ်းရှိသည်
မဟုတ်၊ လူတိုင်းမှာလည်း နောက်ခံ အတိတ်ဟောင်းကိုယ်စီ ရှိနေကြသည်လား။ ဒီညတော့
သူ့အတွက် ဇာတ်လမ်းတစ်ပုဒ် ကျန်ရစ်ပေဦးတော့မည်။
ပုံရိပ်