STARTING OUR WEBSITE
Published at 1st. JANUARY. 2013
Showing posts with label နိုင်ငံတကာရုပ်ရှင်ခံစားမှု. Show all posts
Showing posts with label နိုင်ငံတကာရုပ်ရှင်ခံစားမှု. Show all posts
Saturday, March 9, 2013
Extremely Loud And Incredibly Close
          ကျွန်တော်တို့၏ ကိုယ်စီဘ၀တွင် မိမိ အထင်ကြီးလေးစားရသော၊ အပြန်အလှန် ယုံကြည်ရသော၊ ချစ်မြတ်နိုးတွယ်တာရသော၊ မိမိ၏ ဘ၀တွင် မရှိမဖြစ်ဟု ယုံကြည်သတ်မှတ်ထားရသည့်လူပုဂိုလ်တစ်ချို့ ရှိကြပါသည်။
            မိမိ ဘ၀အတွက် အလွန် အရေးပါလှသော ထိုတစ်စုံတစ်ယောက်သည် ဘယ်လိုမှ ကြိုတင်မျှော်လင့်မထားသော အချိန်တစ်ခုတွင် ရုတ်တရက် အနားမှ ပျောက်ကွယ်သွားသည့်အခါ၊ အထူးသဖြင့် ဘယ်တော့မှ ပြန်ရောက်မလာနိုင်တော့သည့် သေခြင်းတရားက ယူဆောင်ခေါ်ငင်သွားခြင်းကို ခံခဲ့ရသောအခါ ရင့်ကျက်တည်ငြိမ်သူများ၊ အသက်အရွယ် ကြီးရင့်သူများပင်ဖြစ်လင့်ကစား ဆောက်တည်ရာ မရနိုင်အောင် ကြေကွဲထိရှစွာ ခံစားရစမြဲဖြစ်သည်။
                တချို့ကတော့ အချိန်က ကုစားပေးပါလိမ့်မည်ဟု လွယ်လွယ်ပင် ပြောကြပေလိမ့်မည်။ မှန်သင့်သလောက်လည်း မှန်ကန်ပါလိမ့်မည်။
သို့သော် ထိုသို့ကုစားပေးနိုင့်မည့် အချိန်တစ်ခုကို ဖြတ်သန်းရသည်မှာ မည်မျှခက်ခဲပင်ပန်းကြောင်းကိုမူ ကာယကံရှင်များသာ အသိဆုံးဖြစ်ပါသည်။
 ....
           ယခု ကျွန်တော်တင်ပြမည့် ရုပ်ရှင်ဇာတ်ကားသည် အသက်(၁၀)နှစ် ၀န်ကျင်ခန့်သာ ရှိသေးသည့် လူမမည် ကလေးတစ်ယောက် သူ… အလွန်ချစ်မြတ်နိုးလှစွာသော ဖခင်နှင့် ရုတ်တရက် သေကွဲ ကွဲရသည့် အဖြစ်အပျက်ကို ဂရုဏာသက်စဖွယ် ဇာတ်လမ်းဖွဲ့ ရိုက်ကူးထားပါသည်။
          ဒါရိုက်တာနှင့် သရုပ်ဆောင်များ၏ ခံစားသက်ဝင် သရုပ်ဆောင်မှု ပီပြင်သက်ဝင်သောကြောင့် ရုပ်ရှင်ကြည့်နေရင်းမှာပင် ကလေးငယ်၏ သောကသည် ကျွန်တော်၏ သောကဖြစ်သွားခဲ့ရပါသည်။ ကလေးငယ်၏ မျှော်လင့်ချက်သည်လည်း ကျွန်တော်၏ မျှော်လင့်ချက်ပင် ဖြစ်လာခဲ့ရသည်။ နောက်ဆုံးတွင်တော့ ဘ၀မှာ ဆက်လက်ရှင်သန်နိုင်မည့်ခွန်အားကို ဒါရိုက်တာက ကလေးငယ်နှင့်အတူ ကျွန်တော်တို့အားလုံးကို ဝေမျှ ပေးနိုင်ခဲ့ပါသည်။
....
             JONATHAN SAFRAN ၏ ၀တ္ထုကို အခြေခံ၍ ELLEN LEWITS နှင့် METE NAGLER တို့၏ ဇာတ်ညွှန်းကို နာမည်ကျော် THE HOURS ဇာတ်ကားနှင့် အော်စကာဆုရခဲ့သော THE REAFER ဇာတ်ကားကို ရိုက်ကူးခဲ့သူ ဒါရိုက်တာSTEPHEN DALDRY က ၀ါရင့်သရုပ်ဆောင်များဖြစ်ကြသော TOM HANKS, SANDRA BULLOCK, VIOLA DAVIS, JOHN GOOD MAN စသူတို့ ၀န်းရံလျှက် ကလေးသရုပ်ဆောင်THOMAS HORN ကို အဓိကဇာတ်ကောင်နေရာမှထား၍ ရိုက်ကူးထားသော EXTREMELY LOUD AND INCREDIBLY CLOSE ရုပ်ရှင်ဇာတ်ကားပင် ဖြစ်ပါသည်။
....
           အော်စကာရှဲလ်( THOMAS HORN) သည် ကျောက်မျက်ရတနာရောင်းဝယ်သူ ဖခင် သောာမတ်ရှဲလ်( TOM HANKS) နှင့် မိခင်(SANDRA BULLOCK)၊ အဖွားဖြစ်သူတို့နှင့်အတူ နယူယောက်မြို့တွင် ပျော်ရွှင်စွာနေထိုင်လျှက်ရှိသော ကျောင်းသားအရွယ် လူငယ်လေးတစ်ယောက် ဖြစ်ပါသည်။
            သောမတ်ရှဲလ်က သားအပေါ်အလွန်ချစ်သော သားတစ်ယောက်ဖြစ်ပြီး သားငယ်၏ လူစိမ်းများအပေါ် ဆက်ဆံရန် မ၀ံ့ရဲခြင်း၊ အဓိပ္ပါယ်မဲ့ ကြောက်လန့်တတ်ခြင်းတို့ကို လျော့ပါးပျောက်ကွယ်သွားစေရန် ပါးနပ်စွာ ထိန်းကျောင်းသွန်သင်ခဲ့ရုံမက သားဖြစ်သူ စဉ်းစားဥာဏ် ရင့်သန်စေဖို့လည်း သိမ်မွေ့စွာ သင်ပြပေးခဲ့သည်။
            သူတို့သားအဖ၏ ကစားနည်း အမျိုးမျိုးမှာ ဥာဏ်စမ်းပဟေဠိဝှက်ခြင်း၊ လေ့လာရေးခရီးထွက်ခြင်းဟု အမည်ပေးထားသော ကမ္ဘာ့မြေပုံကားချပ်ပေါ်ရှိ ဒေသအသီးသီးကို ရုပ်ပုံငယ်ကလေးများပြုလုပ်ကာ သွားလာခြင်း၊ ဆန့်ကျင်ဘက်စကားစုများတွဲစပ်ခြင်း (ဥပမာ- တစ်ယောက်က အလေးအနက် ပေါတဲ့လူ ဟုပြေလျှင် နောက်တစ်ယောက်က ရှင်းလင်းပြတ်သားစွာ နားမလည်ခြင်းဟု ပြန်ပြောရသော ကစားနည်း) …စသည်ဖြင့်။ ရှေးဟောင်းပစ္စည်း ရှာဖွေခြင်း ကစားနည်းတွင် သားဖြစ်သူကို ပြောပြခဲ့သည်မှာ  နယူယောက်မြို့ကြီးတွင် ယခင်က တိုင်းနယ်(၆)ခုရှိခဲ့သော်လည်း ရေတိုက်စားခြင်းကြောင့်             တိုင်းနယ်တစ်ခု ပျောက်ဆုံးသွားရကြောင်း ပြောပြကာ ထိုတိုင်းနယ်ကို နယူယောက်မြေပုံတွင် ပြန်ရှာဖွေခိုင်းသောကစားနည်းကို အော်စကာ အကြိုက်ဆုံးပင်ဖြစ်သည်။ ထိုသို့ရှာဖွေရာတွင် သဲလွန်စသည် နယူယောက်ပန်းခြံအတွင်းမှာရှိသည်ဟု ဆိုကာ သားနှင့်အတူ ပန်းခြံသို့ မကြာခဏ သွားယောက်လေ့ရှိသည်။
            တစ်ကြိမ်တွင် ပန်းခြံအတွင်းရှိ ဒန်းများထားရာ နေရာသို့ရောက်သောအခါ ရှေးခေတ်လူတို့သည် ဒန်းအောက်တွင် လျှို့ဝှက်ချက်များ ထားခဲ့တတ်ကြသည်ဟုပြောခဲ့ပြတ်သည်။ သူကတော့ ဒန်းတွေထဲမှာ အမြင့်ဆုံးဖြစ်သော နံပါတ်(၁၂)ကို သဘောကျကြောင်း ပြောကာ ကိုယ်တိုင်စီးပြခဲ့ပြီး အော်စကာ့ကိုလည်း စီးကြည့်ရန်ပြောရာ အော်စကာ မစီးရဲသဖြင့် စိတ်မကောင်းဖြစ်ခဲ့ရသည်။
              သို့ဖြင့် အော်စကာ၏ ဘ၀အား တဆစ်ချိုးပြောင်းလဲသွားစေမည့် နေ့တစ်နေ့သို့ ရောက်ရှိလာခဲ့ပါသည်။ ထို့နေ့က အရေးပေါ် ဖြစ်ရပ်တစ်ခုကြောင့် ကျောင်းမှ စောလွှတ်ခဲ့သဖြင့် အိမ်သို့ပြန်ရာ လမ်းတစ်လျှောက်တွင် အရေးပေါ်မီးသတ်ကားသံများ၊ ပြေးလွှားလှုပ်ရှားနေသောလူများ၊ပျံဝဲနေသော ရဟတ်ယာဉ်များကို တွေ့ခဲ့ရသည်။ ထို့နေ့သည် အမေရိကန်နိုင်ငံပင်မက တစ်ကမ္ဘာလုံး ထိတ်လန့်တုန်လှုပ်ခဲ့ရသော ၉/၁၁ အရေးအခင်းကြီး ဖြစ်ပွားခဲ့သော နေ့ပင်ဖြစ်သည်။
             ဖခင်ဖြစ်သူမှာ ထိုအချိန်တွင် တိုက်ဆိုင်စွာ တိုက်ညီနောင်၏ အစည်းအဝေးခန်းမတစ်ခုသို့ ရောက်နေခဲ့ရာ သူမသေဆုံးမီ ရတတ်သမျှ အချိန်ကလေးတွင် ဇနီးဖြစ်သူထံ ဖုန်းဆက်ခြင်း၊ သားအတွက် ဖုန်း မက်ဆေ့ခ်ျများထားခဲ့ခြင်းတို့ကို ကြိုးစားလုပ်ဆောင်ခဲ့သည်။
              အော်စကာ့အတွက်တော့ ရွှေတောင်ကြီး ပြိုခဲ့ရသည်။ ဖခင်သည် သူ့အတွက် သူငယ်ချင်းလို၊ ညီအစ်ကိုလို၊ ဆရာလို.. ဖြစ်ခဲ့သလို အရာအားလုံးကို ဖြည့်ဆည်းပေးခဲ့သူလည်း ဖြစ်သည် မဟုတ်လား။ အဖြစ်ဆိုးကြီး ဖြစ်ပွားခဲ့ပြီး တစ်နှစ်ခန့်ကြာသည်အထိ အော်စကာသည် အထီးကျန်လှစွာ တုန်းလှုပ်ခြောက်ခြားလျှက် ဖြတ်သန်းခဲ့ရသည်။
              တစ်နေ့တွင် ဖခင်ဖြစ်သူအား အထီးကျန်လွမ်းဆွတ်လှသဖြင့် တစ်နှစ်ပတ်လုံး တံခါးပိတ်ထားခဲ့သော ဖခင်၏ ခန်းထဲသို့ ၀င်ရောက်ခဲ့ရာ ‘ဘယ်တော့မှ လက်မလျှော့နဲ့’ ဆိုသည့် စကားလုံးကို မင်နီဝိုင်းထားသော သတင်းစာ ဖြတ်ပိုင်းတစ်ခုကို တွေ့ခဲ့ရသည်။ အမြင့်တစ်နေရာတွင် တင်ထားသော ကင်မရာကို မမီမကမ်း လှမ်းအယူတွင် ပန်းအိုးတစ်လုံးကို ထိတိုက်မိသဖြင့် ကျကွဲသွားကာ အတွင်းမှာ စာအိတ်တစ်လုံးအတွင်းမှ သော့တံကလေးတစ်ချောင်းကို တွေ့ရှိခဲ့ပြန်သည်။
                အော်စကာ့စိတ်ထဲတွင် ဖခင်ဖြစ်သူက သူ့အတွက်ထားရှိခဲ့သော လျှို့ဝှက်ချက် တစ်စုံတရာ ဖြစ်နိုင်မည်ဟု ယူဆကာ သော့ပြင်ဆရာထံ သွားပြသောအခါ စာအိပ်ပေါ်မှ ဘလက်ခ် ဟူသော အမည်ပိုင်ရှင်အား စုံစမ်းရန် သော့ပြင်ဆရာက အကြံပေးလိုက်သည်။
                 အော်စကားသည် လျှို့ဝှက်စွာဖြင့် တယ်လီဖုန်းစာအုပ်များ၊ မြေပုံများကို အသုံးပြုကာ ဘလက်ခ်အမည်ရှိ လူများကို စာရင်းပြုစုရာ စုစုပေါင်း (၄၇၂) ဦးနှင့် လိပ်စာ (၂၁၆) ခုရရှိခဲ့သည်။ ထိုသို့ဖြင့် တနင်္ဂနွေကျောင်းပိတ်ရက်တိုင်း မိခင်အားလိမ်ညာကာ အိမ်မှထွက်ပြီး ဘလက်ခ် အမည်ပါသူများထံသို့ သွားရောက်တွေ့ဆုံ၍ သူ့ဖခင်၏ အကြောင်း၊ သော့တံကလေး၏ အကြောင်းများကို စုံစမ်းပါတော့သည်။
                  အော်စကာ့ အတွေးစကားလေးတစ်ခုမှာ အကယ်၍ နေမင်းကြီး ပေါက်ကွဲပျက်စီးသွားခဲ့လျှင် လူသားတို့သည် ရနေကျ နေ၏ အလင်းရောင်နှင့် နွေးထွေးမှုကို ၈ မိနစ်ခန့် ရနိုင်ဦးမှာ ဖြစ်သလို သူ့ဖခင် သေဆုံးခဲ့ပြီဖြစ်သော်လည်း ဖခင်၏ ၈ မိနစ်တာကာလကို သူလည်း ပိုင်ဆိုင်ခွင့်ရနိုင်နေသေးသည်။ သော့တံကလေး၏ လျှို့ဝှက်ချက်ကိုသာ ရှာတွေ့နိုင်လျှင် ထို ၈ မိနစ်ကို တစ်သက်လုံးအထိ ဆွဲဆန့်ထားနိုင်မည် ဟူ၍ ဖြစ်သည်။
               ဖခင်သေဆုံးခဲ့ရသည့် ဖြစ်ရပ်ကို အိပ်မက်တစ်ခုသာ ဖြစ်စေချင်သည့် အတွေးနှင့် နေ့စဉ်နှင့်အမျှ သူ့ကိုယ်သူ ဆွဲဆိတ်ထားခဲ့သည်မှာ ၀မ်းဗိုက်နှင့် ခါးတစ်လျှောက် နီရဲရောင်ယမ်းနေသည့် ပြကွက်မှာ ဂရုဏာသက်စရာပင် ဖြစ်သည်။
              သူ သွားရောက်တွေ့ဆုံခဲ့သည့် ဘလက်ခ် အမည်ပါလူအများစုသည် သော့အကြောင်းကို မသိရှိကြသော်လည်း သူ့အား ကိုယ်ချင်းစာနာစွာ နှစ်သိမ့်ပေးခဲ့ကြလေသည်။ ထိုလူများ၏ ဘ၀ထွေထွေကို လေ့လာရင်း အော်စကာ၏ လူကြောက်သော စိတ်များ တဖြည်းဖြည်း လျော့ပါးခဲ့ရသည်။ ထိုသူများအားလုံးကို သူ့ဖခင်၏ ကင်မရာဖြင့် ဓါတ်ပုံများ ရိုက်ယူခဲ့လေသည်။ တစ်ညတွင်တော့ သော့အကြောင်းစုံစမ်း၍ မရနိုင်သေးသောကြောင့် စိတ်ပျက်လက်ပျက်ဖြစ်နေသော အော်စကာသည် အိပ်ပျော်နေသော မိခင်အားနှိုးလျှက် မေမေဟာ အားမကိုးရ၊ သုံးစားမရသော မိဘသာ ဖြစ်ကြောင်း၊ သေသွားသင့်သူဟာ ဖေဖေ မဟုတ်ပဲ မေမေသာ ဖြစ်သင့်ကြောင်း ရိုင်းစိုင်းစွာ ပေါက်ကွဲစွတ်စွဲခဲ့မိပြန်သည်။
                 ပြီး.. မိမိ၏ စကားတွေ လွန်သွား၊ မှားသွားကြောင်း ချက်ချင်းနားလည်လာပြန်ကာ တောင်းပန်မိပြန်ရာ မိခင်က နားလည်စွာ ခွင့်လွှတ်ပေးခဲ့ပါသည်။
               သူ့ဖခင်သေဆုံးပြီးနောက် အဖွား၏ အိမ်တွင် ရောက်ရှိနေထိုင်လာသော စကားလုံးဝမပြောပဲ စာရေးကဒ်ပြားများသာ အသုံးပြုနေသည့် အဘိုးအိုနှင့်အတူ ဘလက်အမည်ပါလူများထံသို့ ဆက်လက်သွားရောက် တွေ့ဆုံခဲ့ပြန်သည်။ (စိတ်ထဲမှာတော့ သူ့အဖိုးဟု သိနေပါသည်။)  သူ့အဖိုးသည်လည်း မကြာခင်မှာပင် အိမ်မှ ထွက်သွားသဖြင့် အော်စကာ စိတ်မကောင်းဖြစ်ခဲ့ရပြန်သည်။
                တွေ့ဆုံရမည့်သူများ ကုန်သည်အထိ လျှု့ဝှက်ချက်ကို ရှာမတွေ့နိုင်တော့သည့်အခါ စိတ်ပန်း၊ လူပန်းလျှက် ဖခင်၏ အခန်းထဲမှ သတင်းစာဖြတ်ပိုင်းကို သေချာစွာ ကြည့်ရှုမိရာ မင်နီဝိုင်းထားသော နောက်ထပ် ဖုန်းနံပါတ်တစ်ခုကို တွေ့ရပြန်သည်။ ထိုဖုန်းနံပါတ်ကို ဆက်သွယ်ကြည့်ရာ သူ ပထမဆုံး တွေ့ဆုံခဲ့ဖူးသော အက်ဘီဘလက်ခ်ဆိုသော အမျိုးသမီး၏ ဖုန်းနံပါတ် ဖြစ်နေသည်။ထိုအမျိုးသမီးကပင် သော့အကြောင်းကို သူမ၏ ခင်ပွန်းသိနိုင်လောက်ပါသည်ဟု ပြောကာ တွေ့ပေးခဲ့သည်။
            မျှော်လင့်ချက်ကြီးစွာ ရှာဖွေခဲ့ရသော သော့ကလေးနှင့် ပတ်သက်သမျှမှာ မိမိနှင့်ရော၊ ဖခင်နှင့်ပါ လုံးဝမသက်ဆိုင်မှန်း သိရသောအခါ သော့တံအား ပိုင်ရှင်အစစ်ထံ ပြန်ပေးခဲ့ပြီးနောက် ဆောက်တည်ရာမဲ့ တုန်လှုပ်စွာ အိမ်သို့ပြန်ခဲ့တော့သည်။
             အိမ်သို့ရောက်လျှင် မိမိရှာဖွေပြုစုခဲ့သော စာရင်းများ၊ ပစ္စည်းများကို ပေါက်ကွဲစွာ ဖျက်ဆီးပြီး စိတ်ဓါတ်ကျစွာ ငိုကျွေးမိစဉ် မိခင်ဖြစ်သူ ရောက်လာခဲ့သည်။
            မိခင်အပေါ် အထင်လွဲနေခဲ့သော အော်စကာက သား ကြိုးစားခဲ့ရတာတွေကို အမေ ဘာမှ မသိပါဘူးပြောရာ မိခင်က အမေအားလုံးသိပါတယ်ကွယ်။ သား လက်မလျော့ခဲ့တာအတွက်လည်း အဖေက ဂုဏ်ယူမှာပါ ဟု ပြောသည်တွင် အော်စကာ အံ့သြခဲ့ရတော့သည်။
              ထို့နောက် သားဖြစ်သူ ဖုန်းစာအုပ် ယူသွားကတည်းက သား ဘာတွေ လုပ်နေသည်ကို သိအောင်ကြိုးစားခဲ့ပုံ၊ သားပြုလုပ်ထားသော ဘလက်ခ် အမည်စာရင်းပါ လူများအား သား မတွေ့ရသေးခင် ကြိုတင်သွားရောက် တွေ့ဆုံထားနှင့်ကာ သား၏ ခံစားချက်ကို နားလည်စာနာနိုင်ကြဖို့၊ ဖေးမနှစ်သိမ့်ပေးကြဖို့ တောင်းပန်ခဲ့ကြောင်းတွေ ပြန်ပြောပြခဲ့ရာ အော်စကာတစ်ယောက် ၀မ်းနည်းဝမ်းသာ ကြည်နူးကျေနပ်ခဲ့ရသည်။ သားက အဖေတစ်ယောက်ပဲ သားလို တွေးတတ်မယ်လို့ ထင်နေတာဟု ကျေနပ်ပျော်ရွှင်စွာ အမေ့ကို ပြောလိုက်မိသေးသည်။
                 တကယ်တော့ အော်စကာသည် ရုတ်တရက်ပျောက်ဆုံးသွားခဲ့သော နေမင်းကြီး၏ အလင်းရောင်ကို အငန်းမရ လိုက်လံရှာဖွေနေရင်း ဖြူစင်ဝင်းပစွာ အနီးကပ် နေပေးနေခဲ့သော လမင်းကြီး၏ အလင်းရောင်ကို သတိမထားမိခဲ့ခြင်းပင် ဖြစ်တော့သည်။
                 ထို့နောက်တွင်တော့ သူတို့ တွေ့ဆုံခဲ့ရသော ဘလက်ခ်များ၏ အကြောင်းကို သားအမိ နှစ်ဦးသား အလုအယက် ဖောက်သည်ပြန်ချနေဖြစ်ကြရင်း ၊ ဖခင်၏ အမှတ်ရဖွယ် အကြောင်းများကို လွမ်းဆွတ်စွာ ရင်ဖွင့်ကြရင်းဖြင့် သားအမိနှစ်ဦးစလုံး၏ နှလုံးသားတွေလည်း တစစ၊ နီးကပ်နွေးထွေးလာခဲ့ကြတော့ပြီ။
                အော်စကာသည် သူတွေ့ဆုံခဲ့သော ဘလက်ခ်များအားလုံးထံသို့ ကျေးဇူးတင် ကြောင်းနှင့်၊ အဖြစ်အပျက်အားလုံးကို စာရေးပေးပို့လိုက်တော့သည်။ အဖွားထံမှရသော လိပ်စာဖြင့် အဖိုးအား သွားရောက်ခေါ်ယူခဲ့သည်။
               နောက်ဆုံးတွင် ပန်းခြံအတွင်းရှိ ဒန်းများထားရာနေရာသို့ သွားရောက်ကာ အဖေအကြိုက်ဆုံး ဒန်းနံပါတ် (၁၂) ကို အမှတ်မထင် လှန်လှောကြည့်မိရာ ဖခင်ဖြစ်သူ သူ့အတွက်ထားခဲ့သော စာတစ်စောင်ကို တွေ့လိုက်ရသည်။ ဖခင်၏ စာတွင်…
              သား၏ လေ့လာရေးခရီးသည် အောင်မြင်ခဲ့ပြီ ဖြစ်ကြောင်း၊ သားအတွက် အလွန် ဂုဏ်ယူပါကြောင်း၊ တိုင်းနယ် အမှတ်(၆)မှ လူများကလည်း သားအတွက် ဂုဏ်ယူနေကြမှာဖြစ်ကြောင်း…
             အော်စကာသည် ကြည်နူးပီတိဖြင့် ဒန်းပေါ်တွင်ထိုင်ကာ မထမတွင် ဖြည်းညင်းစွာ၊ ထို့နောက် တဖြည်းဖြည်း အရှိန်မြှင့်ကာ၊ နောက်ဆုံးတွင် အော်စကာ၏ ခြေချောင်းအစုံသည် မိုးယံသို့ ထွင်းဖောက်သွားတော့မည့်အလား….။       ။
         **** ရုပ်ရှင် (DVD) အခွေပေးကြည့်ခဲ့သော ဆရာ ရဲရင့်ဦးအား အထူးကျေးဇူးတင်ပါသည်။
  .                                                                   
 .
 .
 ကေရီ
Saturday, December 29, 2012
THE MAIDEN HEIST
ကျွန်တော်သည်ရုပ်ရှင်ကြည့်ရခြင်းကို အလွန်နှစ်သက်သူ ဖြစ်ပါသည်။ ကြည်ပြီး ကြိုက်မိသော ဇာတ်ကားများကို သူငယ်ချင်း၊ မိတ်ဆွေများအား မရမနေ ပေးကာ၊ ဇွတ်အတင်းပင် ကြည့်ခိုင်းတတ်ပါသေးသည်။ အနည်းဆုံးတော့ ကျွန်တော်တို့အားလုံး၏ ဆုံရပ်ဖြစ်သော လက်ဘက်ရည်ဆိုင်မှာ ဇာတ်က ဘယ်လို၊ ပါဝင်သော သရုပ်ဆောင်များက ဘယ်လောက်တော်ကြောင်း… စသည်ဖြင့် ပြောလိုက်ရမှ ကျေနပ်သည်။
                        ကျွန်တော် မျှဝေသမျှ အစမှ အဆုံးထိ သည်းခံနားထောင်ပေးပြီး ကျွန်တော့်အား လက်ဘက်ရည်ပြန်တိုက်သွားတတ်သည့် သူငယ်ချင်းများစွာထဲတွင် ရသကမ်းခြေမဂဇင်းကို အားထည့်လုပ်ဆောင်နေကြသော ကိုကြည်နိုင်နှင့် သတိုးတို့နှစ်ယောက် ရှေ့ဆုံးက ပါဝင်ပါသည်။ ရသကမ်းခြေ အွန်လိုင်းမဂဇင်းကို သူတို့ပုံဖော်ကြမည်ဟု တိုင်ပင်စဉ်ကပင် “ရုပ်ရှင်ခံစားမှု ဆောင်းပါး ရေးမယ်” ဟု နှုတ်ကျွံမိသွားခဲ့သည်။ သူတို့ကလည်း ကျေကျေနပ်နပ် လက်ခံခဲ့ကြလေသည်။ (နားဒုက္ခအေးပြီဟု ကြိတ်ပြီး ၀မ်းသာနေကြသေးသလားတောင် မသိ)
                        တကယ်က ကျွန်တော် စာရေးဆရာတစ်ယောက်မဟုတ်ပါ။ ကျွန်တော် အသိ၊ ကျွန်တော့်ခံစားချက်နှင့် သိမီသလောက် မျှဝေချင်ရုံ သက်သက်သာ။ ကျွန်တော့် အရေးအသားများက စာဖတ်သူ၏ ခံစားချက်နှင့် ဝေးလှမ်းလွဲချော်နေခဲ့ပါလျှင်လည် ကြိုတင်တောင်းပန်ထားနှင့်ပါမည်။ 
                        လူတစ်ယောက်သည် အခြားလူတစ်ယောက်နှင့်ဖြစ်စေ၊ နေရာဒေသတစ်ခုမှာဖြစ်စေ၊ သက်မဲ့ ရုပ်ဝတ္ထုပစ္စည်းများနှင့်ဖြစ်စေ အချိန်ကြာမြင့်စွာ အတူတကွ နေထိုင်လာရသောအခါ သံယောဇဉ်ဆိုသော နှောင်ငင်တွယ်တာမှုတစ်ခု အလိုလို ဖြစ်တည်လာတတ်ကြသည်။
                        ယခု ကျွန်တော် ပြောပြလိုသည့် လူသုံးယောက်ကျပြန်တော့ အခြား၊ အခြားသော အရာများထက် ညှို့ချက်အားပြင်းလှစွာသော ၊ တိမ်းမူးဖွယ် ဖမ်းစားတတ်သေးသော၊ အနုမာယာထွေပြားလွန်းလှသော အနုပညာ၊ ရတနာ အမွေအနှစ်များစွာဖြင့် နှစ်ပေါင်းအတော်ကြာကြာ အတူတကွ နေထိုင်ခွင့် ရခဲ့ကြလေသည်။ ထိုအခါ သူတို့၏ နှောင်ငင်တွယ်တာမှုသည် အခြားသူတို့ထက် အဆပေါင်းများစွာ ပိုမိုသာလွန်လာခဲ့ပြီး စွဲလန်းမှု၊ ရူးသွပ်မှု၊ ပိုင်ဆိုင်လိုမှု စသည်ဖြင့် အဆင့်ဆင့်၊ တစ်ရစ်ပြီးတစ်ရစ် တိုးလို့လာတော့သည်ကို အခြေခံရုက်ကူးထားသော ဇာတ်ကားတစ်ကားအကြောင်း ပြောပြပါရစေ။
                        ကျွန်တော် မြင်သော အမြင်ကို ပြောရလျှင် အထက်ပါ စကားလုံးများထက် ပိုမိုလိုက်ဖက်သည်မှာ အလွန်အမင်းမြတ်နိုးခြင်းဟုသာ ဆိုချင်တော့သည်။
                        တစ်ခုထူးခြားသည်မှာ ထိုကဲသို့ မိမိမြတ်နိုးသော အရာများကို လက်ဝယ်ပိုင်ပိုင်ရရှိရန် ခက်ခဲပင်ပန်းစွာ၊ ကြမ်းတမ်းစွာ ကြိုးစားကြသူများမှာ ပျိုရွယ်သန်မာသူ လူငယ်များမဟုတ်ပဲ ဇရာထောင်းနေခဲ့ပြီဖြစ်သော လူအိုမင်းကြီးများ ဖြစ်နေကြခြင်းပင်။ ထိုအချက်ကြောင့်ပင် ရုပ်ရှင်ဇာတ်ကားမှာ ပိုမိုသက်ဝင်လာရသည်ဟု ကျွန်တော်ထင်ပါသည်။
                        MICHALE LE SIEUR ၏ ဇာတ်ညွှန်းကို ဒါရိုက်တာ PETEHEWT ရိုက်ကူး၍ MORGAN FREEMAN, CHRTSTOPHER WALKEN, WILLIAM H.MACY နှင့် MARCIA GAY HARDEN တို့ ဦးဆောင်ပါဝင်သည့်  THE MAIDEN HEIST
ရုပ်ရှင်ပင် ဖြစ်သည်။ 
        ရုပ်ရှင်စစချင်း ကျွန်တော်တို့မြင်တွေ့ရသည်က မိန်းမငယ်တစ်ယောက် ရပ်လျှက် ပန်းချီကား (နောင်တွင်သိရသည်မှာ မာဆယ်ဒီရောဘတ်၏ လက်ရာ အထီးကျန်မိန်းမပျို ပန်းချီကား) ကို မျက်တောင်မခတ်ပဲ အာရုံစူးစိုက်လျှက် ကြည့်နေသော လူကြီးတစ်ယောက်၏ အနီးကပ်မျက်နှာပဲဖြစ်သည်။ သူသည် ပန်းချီကားအား ကြည့်နေရင်းမှာပင် ပြတိုက်အတွင်းသို့ လူဆိုးများဝင်ရောက်လာကြပုံ၊ ပန်းချီကားကို ဖျက်ဆီးပစ်ကြမည်ကိုစိုးသောကြောင့် ကိုယ်တိုင် အသက်စွန့်ကာကွယ်ပုံများကို ထင်ယောင်စိတ်ကူးဆန့် နေမိသေးတာဖြစ်သည်။ တိုးရစ်အဖွဲတစ်ဖွဲ့ ပြတိုက်အတွင်း ၀င်ရောက်လာသောကြောင့်  သတိပြန်ဝင်ရသည်။ တိုးရစ်ဂိုက်ကလေးမက ပန်းချီကားနှင့်ပတ်သက်သော ရှင်းလင်းချက်များက   လွဲမှားနေပြန်ရာ သူကပင် ၀င်ရောက်ကူညီကာ ရှင်းလင်းခံစား၊ ပြောပြလိုက်ရာ တိုးရစ်အဖွဲ့သားတွေ အတော်ပင် သဘောကျသွားကြသည်။
                        သူ့အမည်ကတော့ ရောဂျာဘာလို (ခရစ္စတင်း ၀ယ်ကင်) ဖြစ်သည်။ နယူးယောက်ရှိ ပန်းချီပန်းပုအနုပညာ ပြတိုက်တွင် ပန်းချီကားများ ထိမ်းသိမ်းစောင့်ရှောက်ရသော အစောင့်အဖြစ်လုပ်ကိုင်ခဲ့သည်မှာ နှစ်ပေါင်း သုံးဆယ်ကျော်ခဲ့ပြီ။ သူ အလွန်အမင်းမြတ်နိုးရသောပန်းချီကားကတော့ အထီးကျန်မိန်းမပျို ပင်ဖြစ်၏။
                        သူ၏ဇနီးဖြစ်သူ ရို့စ် ( မာစီယာဂေးဟာဒင်) ကတော့ လင်ယောက်ျားကို အလွန်စိုက်သူဖြစ်သည်။ မင်္ဂလာနှစ်ပတ်လည်နေ့မှာ ဖလော်ရီဒါသို့ သွားရောက်အပမ်းဖြေရန် စိတ်ကူးယဉ်လျှက် သူ့အလုပ်မှ ရသမျှ ဘောက်ဆူးငွေများကို စနစ်တကျ စုဆောင်းနေပြန်သည်။ ရော်ဂျာကတော့ သူ၏ အလုပ်ချိန်မှာ အချိန်တိုင်းနီးပါး အထီးကျန်မိန်းမပျို ပန်ချီကားရှေ့မှာသာ ရောက်နေတတ်သည်ကများသည်။
                        နောက်တစ်ယောက်ကတော့ လုံခြုံရေးကင်မရာနေရာတွင် နှစ်ပေါင်းသုံးဆယ်ကျော် လုပ်သက်ရှိသော ချားလ်ပီတာဆင်( မော်ဂင်ဖရီးမင်း)။ သူကိုတော့ ရေးနွား၏ လက်ရာ (ကြောင်များနှင့် မိန်းကလေး) ပန်းချီကားရှေ့တွင် တွေ့ရပြန်လေသည်။ သူသည် ထိုပန်းချီကားကို ဘယ်လောက်များ မြတ်နိုးလွန်းသလဲဆိုလျှင် သူတစ်ဦးတည်းနေထိုင်ရာ အခန်းငယ်ထဲမှာ ကြောင်များနှင့် မိန်းကလေးငယ်၏ ပုံကြမ်းများချည်းသာ။ အခန်းနံရံအနှံ့ရှိ ထိုပန်းချီပုံများ အားလုံးကို သူကိုယ်တိုင် ပုံကြမ်းရေးခြစ်ထားခြင်းဖြစ်သည်။ သူမွေးထားသောကြောင်ကလေးကိုပင် ရေနြွးဟု အမည်မှည့်ထားခဲ့သည် အထိဖြစ်သည်။
                        တစ်နေ့တွင် သူတို့အလုပ်ရှင်က ပြတိုက်ရှိ အနုပညာလက်ရာများအားလုံးကို မကြာခင် ဒိန်းမတ်နိုင်ငံ ကိုပင်ဟောင်ရှိ ပြတိုက်သို့ ပြောင်းရွှေ့ပြသတော့မည်ဖြစ်ကြောင်း သူတို့နှစ်ယောက်သိရှိသွားကြရာ ရင်ဘလောင်ဆူကာ ခေါင်းချင်းရိုက်ကြရတော့သည်။
                        ချားလ်စ်က ရောဂျာအား ပန်းချီကားများကို ခိုးယူကြရန် စည်းရုံးလာသည်။ ရော်ဂျာ စိတ်ဝင်စားမိသော်လည်း ကြောက်လန့်ငြင်းဆန်နေသည်။ ချားလ်စက “တို့နှစ်ယောက်တည်းမဟုတ်ဘူး။ နောက်တစ်ယောက် ရှိသေးတယ်” ဆိုကာ လုံခြုံရေးမှတ်တမ်း အခန်းထဲသို့ ခေါ်၍ ဗွီဒီယိုမှတ်တမ်းတစ်ခုပြလိုက်သည်။ နောက်ထပ် မြတ်နိုးတတ်လွန်းသူတစ်ယောက်ကို ရော်ဂျာသိလိုက်ရပြန်ပြီ။
                        သူ့နာမည်က ဂျော့မက်လန်ဒန် (၀ီလီယံ အိပ်ခ်ျမာစီ) ။ လုပ်သက် ဆယ့်နှစ်နှစ်ရှိ လုံခြုံရေး အစောင့် ၀န်ထမ်းဖြစ်ပြီး ပြတိုက်ပိတ်ချိန်တွေမှာ သူအလွန်အမင်းမြတ်နိုးမိသော အမည်မသိလက်ရာ အ၀တ်မဲ့ (ကြေးနီးရောင် စစ်သည်တော်) ပန်းပုရုပ်ဆီသွားကာ ကိုယ်ခန္ဒာဗလာကျင်းလျှက် ကြေးနီပန်းပုရုပ်ကိုယ်ဟန်အတိုင်း နေရသည်ကို ကျေနပ်သူ ဖြစ်ပြန်သည်။
                        ထိုသို့ဖြင့် လူအိုကြီး သုံးယောက် ပူးပေါင်မိသွားကာ ကိုယ်စီမြတ်နိုးသော ပန်းချီကားနှင့် ပန်းပုရုပ်တို့ကို ခိုးယူရန် လျှို့ဝှက်လေ့ကျင့်ကြပုံမှာ ရယ်မောစရာ၊ ရင်မောစရာ၊ ကရုဏာသက်စရာပင် ဖြစ်ပါသည်။
                        အခြားသော ဖောက်ထွင်းရေးကားများကဲ့သို့ ရောင်ခြည်တန်းများ၊ လက်နက်ဆန်းကိုင် အစောင့်များ၊ စက်သီးများဖြင့် ဆင်းသက်ခြင်းများ လုံးဝမပါဝင်ပါ။ သို့သော် ရင်တမမဖြစ်ရအောင် ၀ါရင့်သရုပ်ဆောင်ကြီးများက လုပ်ပြသွား ခဲ့သည်။
                         ဤသို့ဖြင့် အခက်အခဲများစွာ၊ လွဲချော်မှုများစွာ၊ အန္တရာယ်များစွာ ကြုံတွေ့ရပြီးနောက် သူတို့ မြတ်နိုးစွဲလန်းသည့် အရာများကို ရရှိပိုင်ဆိုင်သွားခဲ့ကြပါသည်။
                        ထိုပန်းချီ၊ ပန်းပုလက်ရာများသည် ဒေါ်လာသိန်းသန်းချီ၍ တန်ဘိုးရှိသည်မှာ သေချာသလောက်ပါပင်။ သို့သော် သူတို့ သုံးဦးသား ပြောသွားသည့် စကားအားလုံးတွင် ငွေကြေးတန်ဘိုးအကြောင်း  တစ်လုံးတစ်လေမှ မပါဝင်ခဲ့ပါ။ သူတို့ လုံးဝ  စိတ်ဝင်းစားကြပုံလည်း မပေါ်ပါ။
                        နောက်ဆုံးတွင်တော့ သီးသန့်နေရာလေးတစ်ခုပြုလုပ်၍ မိမိနှစ်သက်မြတ်နိုးရာ အနုပညာလက်ရာများကို ကြည်နူးကျေနပ်စွာ တစိမ့်စိမ့်ခံစားနေပုံကြပုံနှင့် ဇာတ်သိမ်းထားပါသည်။
                        ထိုဇာတ်ကားကို ကြည့်ပြီးသောအခါ ကျွန်တော့်ရင်ထဲတွင် တစ်စုံတစ်ရာအပေါ် မြတ်နိုးစွဲလန်းခွင့် ရချင်မိတော့သလို၊  ထိုမြတ်နိုးစွဲလန်မိသောအရာကို လက်ဝယ်ပိုင်ပိုင်ရရှိရန် ဆောင်ရွက်နိုင်စွမ်းသော  လူတစ်ယောက်အဖြစ် စိတ်ကူးယဉ်ခဲ့မိသည်ကို ၀န်ခံပါသည်။      
                                                                                                                         ကေရီ
Flag Counter