STARTING OUR WEBSITE
Published at 1st. JANUARY. 2013
Showing posts with label ရသစာတမ်း. Show all posts
Showing posts with label ရသစာတမ်း. Show all posts

Friday, August 23, 2013

စာအုပ်ဟောင်းလေးများအကြောင်း



စာအုပ်တွေ ရောက်လာပြီဆိုကတည်းက သူပျော်နေခဲ့ပါသည်။ စာပို့သမား လက်ထဲက
လက်ကမ်းယူလိုက်သော အထုပ်ကလေးသည် သူ့လက်ထဲမှာ စေးပိုင်စွာကျန်ရစ်သည်။
သူ့စိတ်ရွှင်လာပြီး လေလေးများပင် ချွန်လိုက်သေးသည်။ စာအုပ်ထုပ်ကို လက်ထဲမှာ
ချိန်ဆရင်း အိမ်ထဲဝင်လာခဲ့သည်။

ကလေးတစ်ယောက်လို သိချင်ဇောနှင့် အထုပ်ကို ဖွင့်နေမိသည်။ ရုတ်တရက်
အထုပ်ကို ဖွင့်ရန်အတွက် ကတ်ကြေးရှာမတွေ့သည်ကိုပဲ စိတ်တိုနေမိသေး၏။
တစ်နယ်တစ်ကျေးမှာ တစ်ယောက်တည်းနေသောသူ့ဆီ ဖေဖေနှင့်မေမေက
အစားအသောက်များ အပြင် သတိတရ အမြဲပို့သည်က မြန်မာစာအုပ်လေးများ ဖြစ်သည်။
အခုတစ်ခါမှာတော့ စာအုပ်အဟောင်းများ ပို့ပေးလိုက်သည်ဟု ဆိုသည်။

စာအုပ်အဟောင်းများ ဟူသော စကားလုံး၏ နောက်ကွယ်မှာ ရှားပါးခြင်း၊ တန်ဖိုးရှိခြင်း၊
ခေတ်တစ်ခုကို ဖြတ်သန်းခဲ့ခြင်း ဟူသော ဂုဏ်ပုဒ်များက အလိုလို ကပ်ပါလာပြီးသား
ဖြစ်သည်။ စာအုပ်အသစ်များနှင့် မတူသည်က စာအုပ်ဟောင်းတစ်အုပ်ချင်းသည်
ရေးသားထားသော အကြောင်းအရာ အပြင် သူ့ကိုယ်ပိုင် အကြောင်းအရာ၊
ဖြတ်သန်းမှုတစ်ခုဆီကို သယ်ဆောင်လာကြသည်။ စိတ်ကူးဥာဏ်၏ ကွန့်မြူးမှု အတိုင်း
ဇာတ်လမ်းတစ်ပုဒ်ဆီကို ဆောင်ကြဉ်းလာကြသည်။ ထို့ကြောင့် ၀တ္ထုချင်း အတူတူပင်ဖြစ်စေ
သူစာအုပ်အဟောင်းများကို ပို၍ နှစ်သက်တတ်သည်။

ပထမဆုံး စာအုပ်က သိပ္ပံမောင်ဝ၏ ၀တ္ထုတိုပေါင်းချုပ် ဖြစ်သည်။ ဂျာနယ်စာမျက်နှာ
ဖြစ်ဟန်တူသော စာရွက်တစ်ရွက်နှင့် စာအုပ်ကို သပ်သပ်ရပ်ရပ် ဖုံးထားသည်။ ဒါ မေမေ့
လက်ရာဖြစ်နိုင်သလို စာအုပ်ရောင်းသူ၊ အရင် စာအုပ်ပိုင်ရှင်၏ လက်ရာလည်း ဖြစ်နိုင်ပါသည်။
စာအုပ်၏ အတွင်းစာမျက်နှာမှာ မြင့်မြင့်စန်း ဟူသော နာမည်ထိုးထားသည်။ ရက်စွဲကတော့
သူမမွေးခင် အနှစ်နှစ်ဆယ် ခန့်က။ စာအုပ်အတွင်းက ၀တ္ထုတို တစ်ပုဒ်ဆီမှာ မှတ်ချက်များ၊
မျဉ်းသားထားသော စကားလုံး၊ စာကြောင်းများ၊ မေးခွန်းများ စနစ်တကျရှိနေကြသည်။
မောင်လူအေးနှင့် မောင်လူမွှေးတို့ နာမည်များက မင်နီတားလျက်သား။

မေမေခင်သန်းမြင့်ဟာ မောင်လူမွှေးညီမလေးကို ဆရာဝန်ခေါ်ပြီးမွေးရခြင်းမှာ အစားကြီးလို့ဆိုသည့်
နေရာတွင်တော့ “ဟိ ဟိ” ဟူသော မှတ်ချက်ပေးထားသေးသည်။ စာကလေးတွေ
ခြေထောက်အေးသည့် အကြောင်းကိုလဲ (ဒေါ်)မြင့်မြင့်စန်းတစ်ယောက် ရယ်ချင်
ရယ်နေပေလိမ့်မည်။ မေမေတို့ ခေတ်လောက်က ဒီစာအုပ်ကို ကျောင်းသုံး ဖတ်စာအုပ်အဖြစ်
သုံးသည်ဟု မေမေပြောတာ ကြားဖူးသည်။ မေမေ့စာအုပ်တောင်မှ ခြစာ ဖြစ်သွားသည်မို့ သူ
အမွေ မရခဲ့။ ဒီတော့ (ဒေါ်) မြင့်မြင့်စန်းသည် မေမေ့ အသက်လောက် ရှိရမည်။
ကျောင်းသူကောင်း တစ်ယောက်ဖြစ်ခဲ့ပုံ ရသည်။

စာအုပ်၏ တစ်နေရာမှာတော့ မိန်းကလေးပုံ ဆွဲလို့ ထားသည်။ ကျောင်းစာကို
ဘယ်လောက်ပင် စိတ်ဝင်စား ပါစေ၊ ဆယ်ကျော်သက် မိန်းကလေးတစ်ဦးရဲ့ အချို့
နေ့တွေမှာတော့ စိတ်ထင်ရာလုပ်ချင်သည့် စိတ်ကလေး ရှိမှာပဲ။ သူ့ မျက်စိထဲမှာ ကျောင်းစိမ်း
အဖြူအစိမ်းနှင့် အမျိုးသမီးငယ် တစ်ဦးပေါ်လာသည်။ အစန်းဟု သူငယ်ချင်းများက
ခေါ်ကြသော ထိုအမျိုးသမီးငယ်လေး မြင့်မြင့်စန်းသည် ထိုနေ့က ဆရာ စာသင်သည်ကို
စိတ်မ၀င်စားနိုင်ဘဲ ကျောင်းဆင်းချိန်ကိုသာ မျှော်နေမိသည်။ ထို့ကြောင့် ပျင်းပျင်းရှိသည်နှင့်
စာအုပ်ပေါ်တငွ် မိန်းကလေး အရုပ်ဆွဲမိသည်။ သို့ပေမယ့် ကျောင်းသူကောင်း
ဖြစ်သောကြောင့် သူပုံဆွဲမိသည်ကို စိတ်မကောင်း ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။


နောက်စာအုပ်တစ်အုပ် ကတော့ပိုလို့တောင် စိတ်ဝင်စားဖို့ ကာင်းနေသေး၏။
ဆရာဦးတင်မိုး၏ ကဗျာစာအုပ်ကလေး ဖြစ်သည်။ ကပ်ထူဖြင့်သေသပ်စွာဖုံးထားသော်လည်း
စာအုပ်ကလေးက နည်းနည်းတော့ အိုနေပြီ။ သူ့ကို စွဲဆောင်လိုက်သော
စာကြောင်းကလေးက ပထမစာမျက်နှာမှ သပ်ရပ်သော လက်ရေး။ ရေးထားသည်က


ကဗျာတွေရွတ်ခဲ့ကြတဲ့
ငါးနှစ်တာ ကာလ အမှတ်တရ နေ့များသို့

မေတ္တာဖြင့်….
နွယ်။


သူစာတမ်းလေးကို ဖတ်ပြီး ကြည်နူးသလို၊ ပြုံးချင်သလို။ စာအုပ်လေးကို
အရှေ့အနောက် လှန်လှော ကြည့်တော့ စာအုပ်ရဲ့ နောက်ကျောမှာ “ZT” ဟူသော
အတိုစာလုံးလေး နှစ်လုံး ထိုးထားသည်။ သူ့စိတ်ကူးနှင့်သူ စာအုပ်ရှင်ကို ဇော်သက် ဟု
အမည်ပေးလိုက်သည်။

နွယ်ဟူသော မိန်းကလေးတစ်ယောက်။ စာအုပ်ပိုင်ရှင် ကိုဇော်သက်က နွယ့် ချစ်သူ
ဖြစ်နိုင်သလို၊ နွယ်နှင့် စိတ်သဘောထားခြင်း တိုက်ဆိုင်သော ချစ်သူလောင်း ဖြစ်နိုင်သည်။
ငါးနှစ်တာ ဆိုသည်က သူတို့ရဲ့ ခင်မင်မှု သက်တမ်း သို့မဟုတ် ချစ်သူသက်တမ်းပေါ့။
အိမ်ထောင်သည်တွေ ဆိုရင်တော့ ငါးနှစ်ကြာသည် အထိ ဒီလောက် ကဗျာဆန်နိုင်ပါ့မလား။
သူ့အတွေးနှင့် သူရယ်လိုက်သည်။ ချစ်သူဖြစ်ဖို့ ရာခိုင်နှုန်းပိုများသည်ဟု ကိုယ့်ဟာကိုယ်
မဲဆွယ်ဖြစ်သည်။

ဘာလိုပဲ ဖြစ်ဖြစ် သေချာတာကတော့ နွယ်နှင့် ကိုဇော်သက်သည် ကဗျာသမား၊
စာသမားများ ဖြစ်ရမည်။ သူတို့နှစ်ဦး တက္ကသိုလ်တွင် ဆုံကြတာ ဖြစ်နိုင်သည်။ ထိုခေတ်က
တက္ကသိုလ်မဂ္ဂဇင်းတွင် ကဗျာရေး၊ စာရေးကြရင်း မိတ်ဆွေများက မိတ်ဆက်ပေးရင်း
ခင်မင်လာကြမည်။ သူတို့ပိုင်သော စာအုပ်များကို လဲဖတ်ရင်း ပိုရင်းနှီးလာကြရင်း
စိတ်တူကိုယ်တူ ၀ါသနာတူများအဖြစ် လက်တွဲဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်နိုင်သည်။

သည်လိုဖြင့်လျှင် နောက်ဆုံးတော့ ဒီစာအုပ်လေးက နောက်ဆုံး ဘယ်လိုကြောင့်
စာအုပ်အဟောင်းဆိုင်ကို ရောက်လာရပါသလဲဟူသော မေးခွန်းကို သူဆက်၍
စိတ်ကူးကြည့်သည်။ နွယ်တို့ အကြောင်းအမျိုးမျိုးကြောင့် မပေါင်းဖက်ကြရသည်လား။
ထိုသို့သော အခြေအနေမျိုးတွင်တောင် ကိုဇော်သက်သည် သူထင်သလို စာပေကို မြတ်နိုးသူ
ဆိုပါက ဦးတင်မိုး၏ ကဗျာစာအုပ်ကဲ့သို့သော အဖိုးတန်စာအုပ်မျိုးကို သိမ်းထားဖို့
ဖြစ်နိုင်ချေက များပါသည်။ အထူးသဖြင့် နွယ့်ကို ၀တ္ထုတွေထဲကလို တစ်သက်လုံး တသသ
ချစ်သွားသည် ဆိုရင်ပေါ့။

ဒီလိုမှမဟုတ် နွယ်တို့ဇာတ်လမ်းသည် ဇာတ်သိမ်းမလှသော အကျည်းတန်
ဇာတ်လမ်းမျိုးပေလား။ ဒီလို အခြေအနေမှာတော့ ကိုဇော်သက်က စိတ်နာစွာနှင့်
ဒီစာအုပ်ကလေးကို ရောင်းပစ်လိုက်သည်လား။ ဖြစ်နိုင်သော နောက်အခြေအနေ
တစ်မျိုးကတော့ ဒေါ်နွယ်နွယ်နှင့်ဦးဇော်သက်တို့ မင်္ဂလာသက်တမ်း
သုံးဆယ်ခန့်ကြာပြီးနောက် သားသမီးများက အဖေနှင့်အမေ၏ စာအုပ်စင်ကို ရှင်းရင်း
မတော်တဆပင်ဖြစ်စေ၊ စာပေကို တန်ဖိုးမထားတတ်၍ ဖြစ်စေ၊ စာပေကို
တန်ဖိုးထားသော်လည်း မလွှဲမရှောင်သာသော ငွေရေးကြေးရေး အခက်အခဲ တစ်ခုကြောင့်
ဖြစ်စေ အမေက အဖေ့ကို အမြတ်တနိုးပေးခဲ့သော စာအုပ်လေးကို
ရောင်းကောင်းရောင်းမိပေလိမ့်မည်။ သြော်…ဒီစာအုပ်ကလေး ဘာတွေများ
ဖြတ်သန်းကြုံတေ့ခွဲ့ရပါလိမ့်ဟု သူတွေးရင်းက နောက်စာအုပ်တစ်အုပ်ကို လက်လှမ်းမိသည်။


သူငယ်ချင်းလို့ပဲ ဆက်၍ ခေါ်မည်ခိုင် ..တ။ဲ့ နှစ်လွှာပေါင်းမှ တစ်ရွက်ဖြစ်သော
စွယ်တော်ရွက်ခေတ်ကို သူရောက်သွားရပြန်သည်။ ဒီဝတ္ထုကို သူဖတ်ဖူးသော်လည်း
ပြန်ဖတ်ချင်နေသည်မှာ ကြာပေပြီ။ တက္ကသိုလ်ဘုန်းနိုင်၏ ၀တ္ထုများ အဘယ်ကြောင့်
နာမည်ကြီး ရသည်ကို သူစပြီး သိရသော ၀တ္ထုတစ်ပုဒ်ဟု ဆိုရပေမည်။
စတုတ္ထအကြိမ်ပုံနှိပ်သော စာအုပ်ကို ဖေဖေတို့က ပို့လိုက်ခြင်းဖြစ်သည်။ တန်ဖိုးက
၆ကျပ်ဟုဆို၏။ အခုအချိန်မှာတော့ တော်တော်တန်ဖိုးကြီးပေမည်။ အဖုံးက
ခြေခင်းလက်ခင်းသာယာသော နေရာတစ်ခုတွင် ပျော်ရွှင်ကြည်နူးနေကြသော စုံတွဲတစ်တွဲ။
ဒီစာအုပ်တွင်တော့ ခပ်သော့သော့ လက်ရေးဖြင့် ရေးထိုးထားသော နာမည် တစ်လုံးသာ
ပါသည်။ လက်ရေးမှာ ဖတ်လို့ မရအောင်ပင် သော့လေတော့ မြန်မာလို ရေးထားသည်လား၊
အင်္ဂလိပ်လို ရေးထားသည်လားပင် မခွဲခြားတတ်။ သူကလည်း လက်ရေး ပါရဂူ
မဟုတ်လေတော့ မိန်းကလေး၊ ယောက်ျားလေး လက်ရေးဆိုသည်ကိုပင် မကွဲပြားပေ။
ဘယ်လိုလူမျိုး၏ စာအုပ်ဖြစ်လေမည်လဲ ဆိုသည်ကတော့ မှန်းရခက်ပေဦးမည်။
 
သို့ပေမယ့်လည်း သူကတော့ စိတ်ကူးယဉ်ကာ ဇာတ်လမ်းဆင်ကာဖြင့်
တွေးချင်သေး၏။ စာအုပ်ပိုင်ရှင်သည် မောင့်လို တည်ကြည်သော
ပညာတတ်တစ်ယောက်ပေလား။ ခိုင့်လို စိတ်ကူးယဉ်ပြီး တဇွတ်ထိုးလုပ်တတ်သော
မိန်းကလေးပေလား။ ငြိမ်းမောင်လို အားငယ်တတ်သော သူများလား။ ဒါမှမဟုတ်လျှင်
မောင့်လို လူစွမ်းကောင်း လုပ်ချင်ရှာသော ပညာရှိများလား။ ခိုင့်လို မေတ္တာငတ်သော
ကံခေရှာသည့် မိန်းကလေးလေများလား။ လှိုင့်လို လောကဓံ၏ အပုတ်အခတ်မှ
ကင်းဝေးလေသော၊ ပြင်းထန်သော စိတ်ခံစားမှုကို နားလည်စရာ မလိုလောက်အောင်
ကံကောင်းလေသော မိန်းကလေးများလား။ ကြိုင့်လို တစ်သက်လုံး မျိုသိပ်ရသူလေလား။

မြိုင့်လို ရဲရင့်၍ သည်းခံတတ်သော ချစ်ခြင်းကို ပိုင်ဆိုင်သူများလား။ သို့လော သို့လော
မေးခွန်းတွေကြားထဲမှ ဒီစာအုပ်ကို ဘယ်က၀ယ်သည်ကိုတော့ ဖေဖေ့ကို မေးဦးမှ ဟူ၍
စိတ်ထဲမှာ တေးထားလိုက်သည်။

နောက်တစ်နေ့ အိမ်ကို ဖုံးခေါ်တော့ ဖေဖေ့ကို မေးဖြစ်သည်။
 
“ဖေဖေ ပို့လိုက်တဲ့ စာအုပ်တွေရတယ်။ အဒဲီစာအုပ်တွေ အားလုံး ပန်းဆိုးတန်း
စာအုပ်အဟောင်းဆိုင်က ၀ယ်တာလား ဟင်။”

“ဖေဖေ အသိ စာအုပ်ဆိုင်လုပ်တဲ့ ဦးဥာဏ်ကို သမီးမှတ်မိလား။ ငယ်ငယ်က
သမီးအတွက် ပုံပြင်စာအုပ်တွေ ရွှေသွေးတွေ ယူလာပေးတတ်တယ်လေ။”

“မှတ်မိတယ် ဖေဖေ။ ဦးဥာဏ်လာရင် သမီးသိပ်ပျော်တာ။ ဦးဥာဏ်ပေးတဲ့
စာအုပ်တွေတောင် ရှိသေးလား ဖေဖေ။ နောက်တစ်ခါ ကြုံရင်ပို့ပေးလိုက်ပါဦး။”

“ဟော ပြောရင်းနဲ့ သူ့စာအုပ်အဟောင်းတွေကို သတိရသွားပြန်ပြီ။ ဖေဖေပြောနေတာ
ဘယ်ရောက်သွားပါလိမ့်။ သြော် .. အခု သမီးကို ပို့ပေးလိုက်တဲ့ စာအုပ်တွေကလဲ ကိုဥာဏ်က
သမီးအတွက် လက်ဆောင်ပေးလိုက်တာ။ တက္ကသိုလ်ဘုန်းနိုင် စာအုပ်ကလွဲလို့။”

သူချက်ချင်း ရင်ခုန်သံမြန်သွားသည်။

“ဟုတ်လား ဖေဖေ။ ဒါဆို တက္ကသိုလ်ဘုန်းနိုင်စာအုပ်က ဘယ်က ၀ယ်တာလဲဟင်။
ဦးဥာဏ်ကို ကျေးဇူးတင်ကြောင်းလဲ ပြောလိုက်ပါနော်။ နှစ်အုပ်လုံးကို သမီး ကြိုက်တယ် လို့လဲ
ပြောပေးပါ။”

“အမယ်…ငါ့သမီးက ဘာကြောင့် ဒီစာအုပ်ဘယ်က ရလဲလို့
ဒီလောက်စိတ်ဝင်စားနေရတာလဲ။”

“စာအုပ်ပိုင်ရှင်တွေက ဘယ်လိုလူမျိုးဖြစ်မလဲလို့ မှန်းကြည့်ချင်လို့ပါ။ ဘာရယ်
မဟုတ်ပါဘူး ဖေဖေ။”

“ကဲ ဒါဖြင့်ရင် စုံထောက်ကြီး ငါ့သမီးက တက္ကသိုလ်ဘုန်းနိုင်စာအုပ် ပိုင်ရှင်ဟာ
ဘယ်လိုလူမျိုး ဖြစ်မယ် ထင်သလဲ။ ပြောစမ်းပါဦး။”

“သမီးထင်တော့ အဲဒီ စာအုပ် ပိုင်ရှင်ဟာ မောင့်လို ချစ်တဲ့သူကို မရလို့
သူငယ်ချင်းလို့ပဲ ဆက်ပြီးခေါ်နေရလို့ စိတ်နာနာနဲ့ ဒီစာအုပ်ကို ရောင်းလိုက်တယ် ထင်တာပ။ဲ
မောင့်လို သတ္တိ မရှိတဲ့လူပေါ့။”

ဖေဖေ့ဘက်မှ လှုပ်လှုပ်ရှာရှားဖြစ်သွားသော အသံကို သူတစ်ချက်ကြားလိုက်ရသည်။
ပြီးတော့ သူမထင်မှတ်ထားသော တုံ့ပြန်မှုတစ်ခုကို ကြားရသည်။

“ငါ့လခွီး။ အဲဒီစာအုပ်ရဲ့ ပိုင်ရှင်က နင့် အဖေပဲ ငါ့သမီးရဲ့။”

ဖေဖေ့စကား အဆုံးမှာ သူဟက်ဟက်ပက်ပက် ရယ်မိသည်။ ပျော်ပျော်နေတတ်သော၊
တည်ငြိမ် စူးစိုက်သော်လည်း ခံစားမှုကို နက်နက်နဲနဲ ဦးစားမပေးတတ်သော၊
လက်တွေ့ဆန်သော ဖေဖေသည် “ခိုင်´´၏ စာအုပ်ပိုင်ရှင် ဆိုပါလား။ မေမေ့ကို
တက္ကသိုလ်ဘုန်းနိုင် ဖတ်လိမ့်မည်ဟု မှန်းဆကြည့်၍ ရသော်လည်း ဖေဖေ့ကိုတော့ “ခိုင်”
လိုဝတ္ထုမျိုးဖတ်လိမ့်မည်ရယ်လို့ စဉ်းစား၍ မရပေ။

“တကယ်…ဖေဖေက တက္ကသိုလ်ဘုန်းနိုင် ၀တ္ထုဖတ်တယ်။”

ရယ်သံတစ်ဝက်၊ မေးခွန်းတစ်ဝက်နှင့် စကားအဆုံးမှာ ဖေဖေက ပြန်ပြောသည်။

“အမယ်…ညည်းက ဖေဖေ တက္ကသိုလ်ဘုန်းနိုင် ဖတ်တာကို မယုံနိုင်ဘူး
ဖြစ်နေတာလား။ ဖေဖေလည်း ခံစားတတ်ပါတယ်ကွာ။ အထူးသဖြင့် လွန်ခဲ့တဲ့
အနှစ်လေးဆယ်တုန်းကပေါ့။ ခံစားမှုတွေ တိုက်ဆိုင်တာလဲ ပါတာပေါ့။”

အဆုံးသတ်မှာ အဖျားခတ်သွားသော လွမ်းရိပ်ကို ဖေဖေ အချိန်မီ
ဖုံးကွယ်လိုက်သော်လည်း သူကတော့ အမိအရ ဖမ်းမိလိုက်သေးသည်။ ဖေဖေ့အကြောင်း
အချို့ သူမသိသေးတာ ရှိသေးသည်ဟုလည်း မှတ်ယူရ၏။

“သြော် ..ဒါကြောင့် မို့လို့ လက်ရေးက ဖတ်လို့မရတာကိုး။ ဖေဖေ့လက်ရေးက
ဆိုးကဆိုးနဲ့။”

“ညည်းလက်ရေးကတော့ သိပ်လှတယ်ပေါ့။”

“ဒါနဲ့ ဖေဖေ့ လက်မှတ်ကို သမီးလည်း မမှတ်မိပါလား။ အခု ထိုးတဲ့ လက်မှတ်န့လဲ
မတူဘူး။”

“ငယ်ငယ်တုန်းက ထိုးတဲ့ လက်မှတ်ပါ။ လူကြီးဖြစ်လာပြီးတဲ့နောက်
သိပ်ကြည့်မကောင်းလို့ ပြောင်းလိုက်တာ။”

သူ့ရဲ့ရင်ထဲက ပုစ္ဆာ “ခိုင်´´ ကတော့ အဖြေထက် မေးခွန်းများကိုသာ
ထပ်ဆင့်ပွားနေပေတော့သည်။ စာအုပ်ဟောင်းလေး တစ်အုပ်တိုင်းမှာပင် ဇာတ်လမ်းရှိသည်
မဟုတ်၊ လူတိုင်းမှာလည်း နောက်ခံ အတိတ်ဟောင်းကိုယ်စီ ရှိနေကြသည်လား။ ဒီညတော့
သူ့အတွက် ဇာတ်လမ်းတစ်ပုဒ် ကျန်ရစ်ပေဦးတော့မည်။



ပုံရိပ်




Monday, June 10, 2013

တကယ်လေတိုက်ရင် တကယ်လည်တယ်


.
(၁)

ကတ္တရာလမ်းနက်နက်ရဲ့ ကျောပေါ်မှာ တံလျှပ်တို့ကို တနင့်တပိုးထမ်းပိုးထားရချိန်။ လမ်းမပေါ်မှာ လူမပြောနဲ့ ခွေးတစ်ကောင် ကြောင်တစ်မြီးတောင်မှ အထူးတလည်ကိစ္စမရှိပါပဲ ဖြတ်သန်းသွားလာဖို့ ဆန္ဒမရှိတဲ့အချိန်။ ပူပြင်းလှပေစွ။ လမ်းတလျှောက်မှာလည်း ကြီးကြီးမားမား အရိပ်ခိုစရာအပင်ဆိုလို့ နတ္ထိ။ ရှိစုမဲ့စု အပင်လေးတစ်ပင်တစ်လေတောင်မှ သူ့အရွက်တွေကို တအီအီခါချနေလိုက်တာ ရိုးတံနဲ့ငေါငေါ။ တဖြည်းဖြည်း မြို့ပြပိုဆန်ဆန်လာတဲ့ တောမြို့လေးဟာ အခြားမြို့ပြတွေလိုပဲ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို အောက်စီဂျင်နဲ့ အချိုးကျ ရောနှောရှူရှိုက်။ မြစ်ပြင်ကို ဖြတ်တိုက်လာရတဲ့ လေအေးအေးတွေလည်း ရရာမြေနေရာလေးပေါ် တစ်ထပ်ပြီးတစ်ထပ် တင်ဆောက်လာရတဲ့ မိုးတိုးမတ်တပ် အဆောက်အဦတွေကို မကျော်နိုင်တော့ မြစ်ပြင်ထဲကလေ မြစ်ပြင်ထဲမှာသာ အေးမြခွင့်ရနေတော့တယ်။ မြို့ကလေးပေါ်ထိ၊ လမ်းတွေပေါ်ထိ ခြေချခွင့်မရနိုင်တော့။ 

အရင်က ရှိခဲ့ဖူးတဲ့ လမ်းဘေးရေအိုးစင်လေးတွေသော်မှ အခုမရှိတော့။ အုန်းမှုတ်ခွက်ကို လက်ကိုင်ရိုးတပ်ထားတဲ့ ရေအိုးစင်လေးတွေအစား သံကြိုးတည်းနှောင်ထားခံရတဲ့ ပလတ်စတစ်ခွက်တွေ နေရာယူလာ၊ နောက် .. သောက်ရေအိုးကိုပါ တံခါးပိတ်၊ သော့ခတ် အကျဉ်းချထားရ။ နောက်တော့ … ရေအိုးစင်လေးတွေ ရှားပါး ပျောက်ကွယ်လာ။ ရာသီဥတု ဖေါက်ပြန်ပျက်ယွင်းခြင်း၊ လူတွေရဲ့ ဗြဟ္မစိုရ်တရား ခေါင်းပါးလာခြင်းဒဏ်တွေအောက် မြို့ကလေးဟာ ပြားပြားမှောက် ဖွံ့ဖြိုးနေဆဲ။ အမြီးနဲ့ ခေါင်း ကျက်တာအရင်စားမယ်ဆိုတဲ့ လူ့အန္ဓတွေ ပိုပိုများလာတဲ့မြို့လေး၊ ပရထက် အတ္တကို ပိုပိုပြီး မွေးမြူလာတဲ့ မြို့လေး။ အထဲမှာဗလာကျင်းနေတဲ့ ခေါင်းကိုမော့၊ နှလုံးသားမရှိတော့တဲ့ ရင်ဘတ်ကြီးကို ကော့ကော့ပြီး မြို့ကြီးပြကြီးဟန်ဆောင်နေပေမယ့် တစ်ချိန်တုန်းက သူ့ရဲ့ရိုးသားမှု၊ အေးဆေးမှု နဲ့ မြို့ပြမဆန်တဲ့ အလှအပတွေကို သူကိုယ်တိုင် ပြန်လွမ်းနေရတဲ့မြို့လေး။ 

အပူချိန်က တရိပ်ရိပ်နဲ့ တက်တက်လာပြီ။ နွေလယ်နေ့တစ်နေ့ရဲ့ အပူဆုံးအချိန်ကိုရောက်လာခဲ့ပြီ။ မကြာခင်မှာပဲ ဒီလမ်လေးပေါ်မှာ တံလျှပ်တွေအလိမ်းလိမ်းကြားမှာ တရွေ့ရွေ့လျှောက်လာတဲ့ သူ့ကို တွေ့ကြရတော့မယ်။ သေချာတယ် သူ စာသင်ကျောင်းတွေဖက်က ပြန်လာတာ။ အခုအချိန်ဆိုရင် စာသင်ကျောင်းတွေမှာ မုန့်စားလွှတ်ပြီးလို့ ကျောင်းပြန်ခေါ်နေပြီ။ ဆိုတော့ .. သူ့အလုပ်ဘာမှ မရှိတော့။ ကျောင်းပြန်ခေါ်ချိန်ရောက်ပြီ ဆိုတာနဲ့ လမ်းတကာပေါ် သူလျှောက်သွားနေပြီ။ ဘယ်လမ်းတကာကို ဘယ်လိုပဲ သူလျှောက်သွားသွား ခုလိုအချိန်ဆိုရင် ဒီလမ်းလေးကိုတော့ သူရောက်ရောက်လာမြဲ။ ဘာကြောင့် ဒီအချိန်တိုင်း ဒီလမ်းကလေးပေါ်ကို ရောက်ရောက်လာပါသလဲလို့ သူ့ကိုသွားမေးရင် “ဒီလမ်းလေးက ဆင်းရဲတယ်လေကွာ။ ငါ့အလုပ်နဲ့တော့ ကွက်တိပေါ့ကွ။ နောက် .. ငါ့မိတ်ဆွေလေးတွေက ဒီအချိန်ဆိုရင် လမ်းပေါ်ရောက်နေကြပြီ။ တခြားမှာဆိုရင် ဒီအချိန် လမ်းပေါ်လူမရှိဘူး။” လို့ အသေအချာဖြေလိမ့်မယ်။

မြို့လေးရဲ့ လမ်းတကာပေါ်မှာ သူ့ကိုတွေ့တွေ့နေရတယ် ဆိုပေမယ့်လို့ တိုက်မြင့်မြင့်ကြီးတွေရဲ့ အခန်းကျဉ်းလေးတွေထဲ အဲကွန်းသံတ၀ီဝီအောက် ကိုယ့်ဘာသာ အကျဉ်းကျနေတဲ့ “လူချမ်းသာ” ဆိုသူတွေသာနေတဲ့ မြို့လယ်လမ်းမကြီး တွေ ပေါ်မှာတော့ သူ့ကို တွေ့ရခဲတယ်။ တကယ်လို့သာ ဘာကြောင့် အဲဒီလမ်းတွေပေါ် အလာကျဲသလဲလို့ သူ့ကိုမေးကြည့်ရင် “ငါ့အလုပ်နဲ့ မကိုက်ဘူးလေကွာ။ သူတို့ ငါ့ကိုစိတ်ဝင်စားမှာ မဟုတ်ပါဘူး။” လို့ဖြေမှာပါပဲ။ သူ့အလုပ်ကလည်း အဲဒီလို။ သူ့မိတ်ဆွေဆိုသူတွေက သူ့ကိုစိတ်ဝင်စားပါမှ အဆင်ပြေမှာဆိုတော့ သူအဆင်မပြေတဲ့ လမ်းတွေဆိုရင် သိပ်မရောက်ဖြစ်။ လုံးဝမရောက်တာတော့လည်းမဟုတ် တစ်ခါတရံ အဆင်ပြေလိုပြေငြား ရောက်လာတဲ့အခါလည်း ရှိတယ်။ အဆင်ပြေသည်ဖြစ်စေ၊ မပြေသည်ဖြစ်စေ လမ်းတကာပေါ်မှာတော့ သူ့ကို မပျက်မကွက် တွေ့တွေ့နေရမှာပဲ။ “နေပူတယ် မိုးရွာတယ်ဆိုတာ သဘာဝတရားကြီးက လုပ်နေတာလေကွာ။ ငါမှ သဘာဝတရားကြီးကို မထိမ်းနိုင်တာ နေပူမိုးရွာ ဘယ်ရှောင်နိုင်ပါ့မတုန်း။ လမ်းပေါ်ထွက်မှ ဖြစ်မှာဆိုတော့ ထွက်ရတာပါပဲကွာ။ အဆင်ပြေလားဆိုတော့ … အင်း … အဆင်ပြေပါတယ်။ မြို့လေးမှာ ငါ့ကိုစိတ်ဝင်စားတဲ့၊ ငါ့ကို နေ့စဉ်မျှော်နေတဲ့ ငါ့မိတ်ဆွေတွေ အမြဲ ရှိတယ်လေကွာ။ အဆင်ပြေတယ် ဆိုပါတော့။” သူနဲ့ အေးအေးဆေးဆေး စကားထိုင်ပြောဖြစ်သူတိုင်းကို ဖြေနေကျ သူ့အဖြေ။


(၂)

လျှပ်စစ်စကားပြောခွက်ကို ခါးမှာချိတ်ချိတ်ပြီး ဟိတ်ဟန်ထုတ်တတ်တဲ့မြို့လေးဟာ အရင်တုန်းက မြို့လေးကို လွမ်းသတဲ့။ သူ့ကမ်းပါးတလျှောက် ဘာပင်မှ ဟုတ်ဟုတ်ငြားငြား မရှိတော့တဲ့ ၀တ်လစ်စလစ်မြစ်ကလည်း အရင်တုန်းက မြို့လေးကို လွမ်းသတဲ့။ မြို့လေးရဲ့ ရှေ့မီနောက်မီ ပုဂ္ဂိုလ်များကလည်း အရင်တုန်းက မြို့လေးကို လွမ်းသတဲ့။ ဘယ်သူတွေဘယ်လိုပဲ နောက်ကြောင်းပြန်လွမ်းလွမ်း ဖလင်တစ်ချပ်ပေါ်က ဇာတ်ကွက်တစ်ခု မဟုတ်တော့လည်း ရုပ်ရှင်ကားတွေလို အဖြူအမည်းနဲ့ နောက်ကြောင်းပြန် ပြလို့မရတော့တဲ့မြို့လေး။ ဘာပဲဖြစ်ဖြစ် နဂိုရည်ပျက်ခဲ့ပေမယ့် အပျိုစင်တစ်ယောက်လို စတိုင်ထွားနေဆဲမြို့လေး။ ဒီမြို့လေးမှာ တဖြည်းဖြည်း များများလာတာက လူ့မလိုင်ရေပေါ်ဆီများ။ တဖြည်းဖြည်း ရှားရှားလာတာက ဗြဟ္မစိုရ်တရားနဲ့ ငါးပါးသီလ။ တဖြည်းဖြည်း ထွားထွားလာတာက လျှင်သူစားစတမ်းဓလေ့။

သူဟာ ဒီမြို့သားစစ်စစ်ပါလို့ အမြဲပြောလေ့ရှိတယ်။ မြို့လေးရဲ့အပြောင်းအလဲကိုလည်း သိပ်စိတ်ဝင်စားပုံမရ။ သူသိတာက ဒီမြို့လေးရဲ့ လမ်းတစ်ချို့မှာ သူ့ကိုနေ့စဉ်မျှော်နေတဲ့ သူ့မိတ်ဆွေတွေရှိတယ်။ ဆိုက္ကားဂိတ်၊ ကားဂိတ်တွေမှာ သူ့အလုပ် ခဏတာနားတုန်း စကားလက်ဆုံကျမယ့် သူ့အသိတွေရှိတယ်။ ညနေအလုပ်သိမ်းချိန် သူပြန်စရာ မြို့လေးနဲ့ အောက်ဖက်ရွာတွေ ဆက်သွယ်ထားတဲ့ မြေသားတာဘောင်ဘေးက ၀ါးတဲလေးရှိတယ်။ (အိမ်သူ နဲ့ သားသမီးတွေတော့ မရှိဘူးလို့ သူ့အပြောအရသိရတယ်။) ဒီလောက်နဲ့တင်ပဲ ဒီမြို့လေးက သူ့အတွက် နေချင့်စဖွယ်ဖြစ်နေတော့ပုံ။ “ငါလား .. ဒီမြို့လေးကို ချစ်တာပေါ့။ ငါ့မြို့လေးပဲ။ အဲ … မြို့လေးကတော့ ငါ့ကို အရင်ကလောက် မချစ်တော့ဘူးထင်ပါရဲ့။ နည်းနည်းများ စိမ်းလာသလားလို့”  ဆိုက္ကားဆရာတွေ၊ ကားသမားတွေနဲ့ စကားထိုင်ပြောဖြစ်တဲ့ တစ်ခါတရံမှာတော့ သူ့ဆီက စိတ်မကောင်းသံလား၊ သံဝေဂသံလား စွက်နေတဲ့ ဒီစကားကို မကြာခဏ ကြားရလေ့ရှိတယ်။

တစ်ခါတစ်ခါ စိတ်လိုလက်ရရှိနေချိန်တွေမှာတော့ “တို့ငယ်ငယ်တုန်းကများဆိုရင် ဒီမြို့လေးဟာ … ” အစချီတဲ့ နောက်ကြောင်းပြန်အလွမ်းတွေက ဖြတ်ကနဲ ပြိုဆင်းလာတတ်တယ်။ အဲဒီလို ..  မြို့လေးရဲ့တစ်ခါက အခင်းအကျင်းကို ပြန်ပြန်ပြောတိုင်း သူပြောလေ့ရှိတာက “အခုနောက်ပိုင်းတွေမှာ တို့မြို့လေးလည်း ဘာတွေဖြစ်လာတယ် မသိပါဘူးကွာ။ လူတွေက တဖြည်းဖြည်း ကဏန်းတွေနဲ့ ပိုတူလာတယ်။ ကဏန်းတွေကို ပုံးထဲထည့်ထားသလိုပေါ့။ တစ်ကောင်က သူ့လွတ်မြောက်လမ်းအတွက် တွယ်တက်သွားလိုက်၊ နောက်တစ်ကောင်က အောက်ကနေ ဆွဲချလိုက်။ ဒီလိုနဲ့ ဘယ်ကဏန်းမှ မလွတ်မြောက်တော့ဘူး။ ဒီကလူတွေလည်း အဲဒီလိုဖြစ်နေတယ် ထင်တာပဲ။”  

နောက် သူ့ဘ၀တလျှောက်လုံး ပင်ပင်ပန်းပန်းနဲ့ ဆင်းတောင့်ဆင်းရဲ ရှာဖွေစားသောက်လာရတာဆိုပေမယ့် သူ့ကိုယ်သူတော့ ဂုဏ်ယူတယ်ဆိုပဲ။ “ငါ .. ဒါလေးတွေလုပ်တတ်တယ်။ ဒါလေးတွေကို ရောင်းပြီး ၀မ်းရေးဖြေရှင်းတယ်။ တစ်ခါမှ ဖြတ်စား၊ ခုတ်စား၊ လိမ်ညာစားတဲ့အလုပ် ငါမလုပ်ခဲ့ဖူးဘူး။ ငါကျိန်ပြောရဲပါတယ် .. ခုအသက်အရွယ်ထိ ငါစားခဲ့တဲ့ ထမင်းလုတ်တိုင်းအတွက် ငါ့လိပ်ပြာ ငါလုံတယ်။” ဆိုတာကို တရှိုက်မက်မက် သူပြောခဲ့ဖူးတယ်။ သူပြောချင်တာတွေပြော၊ သူ့ခံစားချက်တွေဖွင့်ထုတ်၊ သူ့ရဲ့ မြို့လွမ်းချင်းတွေ ချပြပြီးရင်တော့ သူ့လုပ်ငန်းခွင်ရှိရာ နေပူပူအောက်၊ သို့မဟုတ် မိုးစိုစိုအောက် တရွေ့ရွေ့ ထွက်ခွာသွားမြဲ။ သူထွက်ခွာသွားပြီဆိုတာနဲ့ …

 “ဓါတ်ခဲမလို၊ လျှပ်စစ်မလို၊ ဘက်ထရီအိုး မလိုဘူးနော် .. တကယ်လေတိုက်ရင် တကယ်လည်တယ်။ … …. တကယ်လေတိုက်ရင် တကယ်လည်တယ် …      တကယ်လေတိုက်ရင် ….   ….       …. ”
ဆိုတဲ့ သူ့အသံက သူ့နောက်ပါးမှာ ဝေ့ကာဝဲကာ ကျန်ခဲ့မြဲ။

ရောင်စုံစက္ကူလေးတွေကို စင်္ကြာလေးတွေချိုးပြီး အဲဒီစက္ကူစင်္ကြာလေးတွေကို ငှက်ပျောတုံးတစ်တုံးမှာထိုးစိုက်၊ပြီးတော့ ပုခုံးပေါ်ထမ်း၊ တစ်လမ်းဝင် တစ်လမ်းထွက်နဲ့ ကလေးကစားစရာစင်္ကြာလေးတွေကို နှုတ်ရွှင်ရွှင် အာသွက်သွက်နဲ့ လိုက်လံရောင်းချနေတဲ့ အဖိုးအိုရဲ့ အသံကြားတိုင်း “တကယ်လေတိုက်လို့ တကယ်လည်သွားရတာက ကျုပ်ပါဗျာ။ ခင်ဗျားကတော့ တစ်ဘ၀လုံး မုန်တိုင်းမိလာတာတောင်မှ လိပ်ပြာလှနေတုန်းပါ။ ကျုပ်မှာသာ …” ဆိုတဲ့အတွေးနဲ့ ကိုယ့်လိပ်ပြာ ကိုယ်မလုံတဲ့  မြို့လေးက အဖိုးအိုနဲ့ သူ့ရဲ့ တဖျပ်ဖျပ်လည်နေတဲ့ စင်္ကြာလေးတွေကို ရှက်ဝဲ၀ဲ ငုံ့ကိုင်းကြည့်နေမြဲ။

.
.
.
ကိုကြည်နိုင်

Friday, March 29, 2013

ချယ်ရီတို့ အုံးအုံးကြွကြွ ပွင့်လန်းကြလေပြီ



ဒီနှစ် ၂၀၁၃ခုနှစ် မတ်လ ၂၃ ရက်နေ့က ဂျပန်မှာ ဆကုရ(sakura)ပန်းတွေ သူ့ထက်ငါအပြိုင် အုံးအုံးကြွကြွနှင့် ပွင့်ကြလေသည်။ ပုံမှန်အားဖြင့် ဒီလ၊ ဒီအချိန်ဟာ ဆကုရ (sakura) ပန်းတွေ ပွင့်ဖို့ အဖူးလေးတွေ အငုံလေးတွေနဲ့ ဧပြီလဆန်းပိုင်းကို မျှော်လင့်စောင့်ဆိုင်းပြီးမှ ပွင့်ကြတာဖြစ်ကြပေမယ့် ဒီနှစ်မှာတော့ ပွင့်ချိန်တန်ချိန်ထက်စောစီးစွာ ပွင့်ကြတာပါ။ အစောဆုံး ၃လပိုင်း နောက်ဆုံးပတ်လောက် ကတည်းက ပွင့်ကြသည့် ဆကုရပန်းများလည်း ရှိကြပေမယ့် ယခုနှစ်လို တစ်ပြိုင်တည်း အကုန်ပွင့်ကြတာတော့ မရှိသလောက်ပါ။ ဆကုရ (sakura) ပန်းတွေ ပွင့်ပြီဆိုတော့ အချိန်မနှောင်းခင် အပြေးအလွှားနဲ့ ရုံးပိတ်ရက် မတ်လ ၂၃ ရက်(စနေနေ့)မှာ ဆကုရ ပန်းတွေကို ဓာတ်ပုံသွားရိုက်ဖြစ်မိရင်း ဂျပန်လူမျိုးတွေရဲ့ နှလုံးဘ၀င်ကိုငြိတွယ်စေတဲ့ ဆကုရပန်းအကြောင်းကို မျှဝေပေးလိုက်ပါတယ်။



ချမ်းအေးတဲ့ ဆောင်းရာသီက ကုန်လွန်လို့ နွေဦးပေါက်ရာသီကို ၀င်ပြီဆိုလျှင်ဘဲ လှပသည့် ဆကုရပန်းကလေးများ ပွင့်သည့် ရာသီကို ရောက်လာတော့မည်ဖြစ်သည်။ ဆကုရပန်း(၀ါ) ချယ်ရီပန်းကလေးများဟာ အပင်ပေါ်မှာ ပွင့်ပြီး မကြာမီမှာဘဲ အပင်ပေါ်မှကြွေလင့်သွားတာမြန်တဲ့ ပန်းအမျိုးအစားဖြစ်ပြီး ပွင့်ပြီဆိုလျှင်လည်း တပင်လုံး ထိန်နေအောင်ပွင့်တတ်သည်။ ဆကုရပန်းဟာ ဂျပန်လူမျိုးတွေရဲ့ နှလုံးဘ၀င်ကို ထိငြိစေတဲ့ ပန်းအဖြစ် ရှေးခေတ်ကာလအခါကတည်းက သတ်မှတ်ခဲ့ကြတာပါ။



ဆကုရပန်းပွင့်ပြီဆိုလျှင် (Hanami) ဟနမိဟုခေါ်သည့် ပန်းကြည့်ပွဲကိုလုပ်တတ်ကြသည်။ ယင်းပန်းကြည့်ပွဲကို အဲဒိုခေတ် အချိန်ကာလရောက်မှ လူတန်းစားမရွေး လုပ်နိုင်ကြတာဖြစ်ပြီး အဲဒီမတိုင်မီကတော့ မင်းမျီုးမင်းနွယ်နဲ့ အထက်တန်းစားလူတန်းစားတွေသာ လုပ်ခွင့်ရကြတာပါ။ ဆကုရပန်းပွင့်ပြီဆိုလျှင် ဆကုရပန်းတွေပွင့်နေသည့် အပင်တွေအောက်မှာ မိမိချစ်သူ၊ ဆွေမျိုး ညီအကိုမောင်နှမ၊ သူငယ်ချင်းအပေါင်းအဖော်များနှင့် အလုပ်ထဲမှ မိတ်ဆွေများနှင့် ၀ိုင်းဖွဲ့၍ စားကြသောက်ကြပြီး ဆကုရပန်းအလှကို ရည်ညွန်းဖွဲ့ဆိုထားသည့် သီချင်းဆိုခြင်းတို့ကို တပျော်တပါး ပြုလုပ်ကြသည်မှာလည်း ဂျပန်ရဲ့ ယဉ်ကျေးမူတခုဖြစ်လာသည်အထိ ကျယ်ပြန့်လာခဲ့ပါတယ်။

 

ဖူးရာမှာငုံ၊ ငုံရာမှာပွင့်လာတော့မည့် ဆကုရ ပန်းဖူးလေးများ ဂျပန်မှာ ဆကုရပန်း အမျိုးအစား လေးမျိုး လေးစားရှိပြီး စိုမဲအီ ယိုရှိနို(Somei Yoshino)၊ ယမဇကုရ(yamazakura) ယအဲဇကုရ(yaezakura)နှင့် ရှိဒရေးဇကုရ(shidarezakura)ဆိုပြီး ခွဲခြားထားပါတယ်၊  စိုမဲအီ ယိုရှိနိုဆကုရ ပန်းကတော့ အဖြူရောင်ဖြစ်ပြီး၊ ယမဇကုရ (yamazakura) ပန်းကတော့  တောတောင်တွေထဲမှာဘဲ ပေါက်ပါတယ်။ ယအဲဇကုရ(yaezakura) ပန်းကတော့ ပုံမှန်ဆကုရပန်းတွေထက် အပွင့်နည်းနည်းကြီးပါတယ်။ ပုံမှန်ကတော့ ဆကုရပန်းတွေမှာ အဖြူရောင်နဲ့
ပန်းရောင်နှစ်မျီုး ရှိတတ်ပါတယ်။ အဖြူရောင်ဟာ အင်္ဂလန်နှင့်တစ်ခြား အနောက်နိုင်ငံတွေ မှာလည်း မြင်တွေ့နိုင်ပေမယ့် ပန်းရောင်ကတော့ ဂျပန်မှာပဲ အများဆုံးမြင်တွေ့နိုင်တဲ့ ပန်းဖြစ်သလို အဖြူရောင်ထက် ပိုပြီး လှပတာမို့ လူကြိုက်များလှပါတယ်။



ဆကုရပန်းပွင့်တဲ့ ရာသီရောက်ပြီ ဆိုလျှင်တော့ ဂျပန်ရိုးရာဆိုင်လေးတွေမှာ ဆကုရထမင်းလုံး၊ ဆကုရ ကောက်ညှင်းထုတ်နဲ့ ဆကုရချလို့ ခေါ်တဲ့ (sakura cha) ဆကုရ  ရေနွေးတွေကို ရောင်းချတတ်ကြပြီး ဆကုရချကတော့ ဆကုရပန်း အဖူးအငုံလေးတွေကို အခြောက်ခံပြီး ဆားနဲ့သိပ်ထားပြီးမှ အထုတ်ကလေးတွေနဲ့ေ၇ာင်းချတတတ်ပြီး သောက်မယ့်အခါကျမှ ရေနွေးအပူထဲ အဲ့ဒီဆကုရချလေးတွေကို ခပ်ပြီးသောက်ရတာမျိုးပါ။ ဆကုရကောက်ညှင်းကတော့ ဆကုရပန်းအရောင်မှုန့်ကို ကောင်ညှင်းနဲ့နယ်ထားပြီးမှ အထဲမှာ ပဲအချိုထည့်ပြီး အပေါ်က ဆားစိမ်ထားတဲ့ ယအဲဇကုရ အရွက်နဲ့လိပ်ပတ်ပြီး ထုတ်လုပ်ရောင်းချတဲ့ အစားအစာဖြစ်ပြီး ဂျပန်လူမျိုးတွေက ခုံမင်နှစ်သက်စွာ စားသောက်ကြတဲ့ ရိုးရာအစားအစာတခု အဖြစ်နာမည်ကြီးပါတယ်၊

ဂျပန်လူမျီုးတွေက သူတို့နှစ်သက်ခုံမင်တဲ့ အရာတွေမှာ တမြတ်တနိုး တန်ဖိုးထားထိမ်းသိမ်းတတ်ကြတဲ့ ဓလေ့ကြောင့် ဆကုရအပင်တွေကို ဘုရားကျောင်း၊ ပန်းခြံတွေနဲ့ မြစ်ချောင်းဘေးတစ်လျှောက်မှာ စနစ်တကျနဲ့ စိုက်ပျိုးတတ်ထားတတ်ကြတာမို့ ပန်းပွင့်တဲ့ ရာသီမှာဆို ဆကုရပန်းတွေနဲ့ ပြည့်နှက်ဖုံးလွမ်းလို့သာ နေတတ်ကြပြီး ဂျပန်ယန်းငွေ ၁၀၀စေ့ နောက်ကျောက
ပုံလေးမှာလည်း ဆကုရပန်းပုံကို တမြတ်တနိုး ထည့်သွင်းထားတာတွေဟာ အမျီုးသားယဉ်ကျေးမူ တရပ်ကို ထိမ်းသိမ်းစောင့်ရှောက် ရာရောက်တာမို့ အတုယူလေးစားစရာပါဘဲ၊ ဂျပန်က ဆကုရပန်းတွေဟာ အပင်မှာပေါ်မှာဘဲ ပွင့်ပြီး အပင်ပေါ်ကနေဘဲ ဂုဏ်သိက္ခာရှိရှိနဲ့ ကြွေလွင့်သွားကြတာကို မြင်ယောင်ရင်း
ကျနော်တို့ မြန်မာပြည်က ပိတောက်ဟာလည်း မြန်မာတွေရဲ့အသည်းစွဲ ရိုးရာပန်းအဖြစ် နှစ်သက်ခုံမင်ကြတာမို့ ပိတောက်ပန်းတွေကို မခူးမခုတ်ဘဲ ပန်းအလှကို ဂုဏ်သိက္ခာရှိရှိလေး ခံစားတတ်ကြမယ်၊ ထိမ်းသိမ်းတတ်ကြမယ်ဆိုလျှင်ဖြင့် ................ ။

 

စဆိုရီ
=====================================================
ဆရာ စဆိုရီရဲ့ ဓါတ်ပုံအက်ဆေး ဖြစ်ပါတယ်။ ဓါတ်ပုံများကို မူရင်းပုံဆိုဒ်အတိုင်း ရယူရန် ပုံပေါ်ကိုကလစ်နှိပ်ပါ။

Saturday, March 2, 2013

ချဉ်ခြင်း

.
.                            
လူတစ်ကိုယ် အကြိုက်တစ်မျိုး မို့လားဗျာ။ တချို့က ဗိုလ်ချုပ်ကြီးတွေ၊ သမ္မတကြီးတွေ ဖြစ်ချင်ကြ။ တချို့ကြတော့လည်း သန်းကြွယ်သူဋ္ဌေးကြီးတွေ၊ ကမ္ဘာကျော်သိပ္ပံပညာရှင်ကြီးတွေ၊ ထင်ရှားတဲ့ အနုပညာရှင်တွေ ဖြစ်ဖို့ အိပ်မက် မက်ကြ။ သူ့အတွေးနဲ့ သူပေါ့လေ။
.
အဲ.. ရူးတယ်ပဲ ဆိုဆိုဗျာ။ ကျုပ်ကတော့ နောက်ဘ၀ဆိုတာ ရှိခဲ့ရင် တကယ့်အနုပညာရှင်တစ်ယောက်က ဖန်ဆင်းထားတဲ့ စာအုပ်ကလေးတစ်အုပ်ပဲ ဖြစ်ချင်တယ်။ ဒီလောက်ပါပဲ။ သိပ်လည်း လောဘမတက်ပါဘူး။
.
ဘာ.. ။ ကျုပ်ကို စိတ်မမှန်သလိုတော့ မပြောပါနဲ့ဗျ။ ခင်ဗျားပဲ စဉ်းစားကြည့်စမ်းပါ။ ကျုပ်သာ စာအုပ်ကလေးတစ်အုပ် ဖြစ်နေပြီး ကျုပ်ကို ဘာသာစကားအမျိုးမျိုးနဲ့ ပြန်ဆို၊ ကမ္ဘာအနှံ့ထုတ်ဝေထားတယ်လို့ လေ။ စာအုပ်စာပေ လူ့မိတ်ဆွေဆိုပြီး ကမ္ဘာ့လူသားတွေရဲ့ ဖတ်ရှုတာကို ခံရမယ့် အဖြစ်ကိုတွေးပြီး ရင်တွေခုန်လိုက်တာ။ ခေါင်းအုံးအောက်မှာ၊ ရင်ဘတ်ပေါ်မှာ၊ စားပွဲဘေးမှာ… ကျုပ်ကိုထားကြပြီး ကျုပ်ဆီကရမယ့် အတွေးအခေါ်တွေ၊ ဗဟုသုတတွေ၊ မျှော်လင့်ချက်တွေ၊ အကြံအစည်စိတ်ကူးတွေနဲ့ စာဖတ်သူတွေ အသိအမြင် လင်းပွင့်သွားမယ်လို့ ခင်ဗျား တွေးကြည့်လိုက်စမ်းပါ။
.
ကျုပ်အတွက် ခင်ဗျားတို့ အော်အော်နေတဲ့ GREEN EFFECT ဆိုတာကြီးလည်း မစိုးရိမ်ရတော့ဘူး။ မီး ခဏ ခဏ ပျက်မှာလည်း မပူရတော့ဘူး။ တွေ့ရာပုဒ်မနဲ့ ထောင်သွင်းခံရမှာလည်း မကြောက်ရတော့ဘူး။ စိတ်ဖိစီးမှုတွေကို ခံစားနေစရာလည်း မလိုဘူး။ ပဋိပက္ခတွေအတွက် ရင်တုန်နေစရာလည်း မလိုတော့ဘူး။ အစုလိုက်၊ အပြုံလိုက် သတ်ပွဲတွေ၊ ခရစ်စမတ်မီးရောင်တွေအစား ဗုံးဆံ၊ ကျည်ဆံတွေ၊ ရထားလမ်းတွေ၊ တံတားတွေ မိုင်းခွဲဖျက်ဆီးကြတဲ့ အနိဋ္ဌာရုံတွေကို ကျုပ် မကြည့်ရက်ရက် မျက်နှာလွှဲစရာလည်း မလိုတော့ဘူး။ အဲဒါတွေနဲ့တင် ကျုပ်အတွေးကို ကျုပ် ကြိုက်နေပြီ။
.
ဒီမှာကိုယ့်လူ။ သွေးညှိနံ့တွေ၊ ရန်လိုမှုတွေ၊ တယူသန်စိတ်တွေ၊ အာဃာတတွေ၊ ခြစားမှုတွေနဲ့ ရှုပ်ထွေးပွေလီလှတဲ့ လောကကြီးမှာ လူပြန်ဖြစ်ရမယ့်အစား စစ်မှန်တဲ့ အနုပညာရှင်တစ်ယောက်ရဲ့ ရင်ကဖြစ်တဲ့ စာအုပ်ကလေးအဖြစ် ကြီးပျင်းရတာကိုပဲ ပိုပြီး ဘ၀င်ကျမိတယ်။ ဘာလို့ဆို  အနည်းဆုံးတော့ ကျုပ်ရဲ့ကိုယ်ပွားတစ်ယောက်ဟာ ကမ္ဘာ့တစ်နေရာက စာအုပ်စင်မှာ၊ စာကြည့်တိုက်မှာ၊ ဒါမှမဟုတ်… စာဖတ်သူထံမှာ ထာဝရ ရှင်သန်နေမှာမို့လေ။ အဲဒါ ကျုပ်ရဲ့ အာသီသနဲ့ ဆန္ဒပါပဲ။ လွတ်လပ်စွာ သဘောကွဲလွဲခွင့်ရှိပါတယ် မိတ်ဆွေကြီး။ ကဲ… ခင်ဗျားကရော…။  



                                                                           ဗိုရဲ

ကြားနာနိုင်သော နှလုံးသား ဖြင့်သာလျှင်....


ဖုန်းသံ မြည်လာတယ်။

ဒါပေမယ့် ကျွန်တော် မကိုင်ရဲခဲ့ဘူး။

ဖုန်းက ဆက်တိုက် မြည်နေတယ်။

ကျွန်တော် ကိုင်ချင်တယ်။ ဒါပေမယ့် မကိုင်နိုင်ခဲ့ဘူး။

မက်ဆေ့ခ်ျ ၀င်သွားတယ်။

အဖေ့အသံ ဆက်တိုက် ကြားနေရတယ်။

သား ရှိလား။

သား ရှိလား။

သား ရှိလား။

……….

……….

အဖေက ကျွန်တော့်ကို လိုအပ်နေချိန်မှာ ကျွန်တော်က ဖုန်းတောင် မကိုင်ရဲခဲ့ဘူး။

အရမ်းကို ကြောက်နေခဲ့တာ။

သား ရှိလားတဲ့။

အဖေက.. ကိုးကြိမ်တောင် မေးခဲ့တယ်။ ကျွန်တော် သေချာ ရေတွက်ထားတယ်။

                        အဖေက ဘာလို့ တစ်ယောက်ယောက် ရှိလားလို့ မမေးတာလဲ။ ကျွန်တော် တစ်ယောက်တည်းကိုပဲ ရည်ညွှန်းနေတာ…။ ကျွန်တော် ဖုန်းနားမှာ ရှိနေမှန်း အဖေသိနေလို့ ဖြစ်မယ်။ ကျွန်တော် ဖုန်းကိုင်နိုင်ဖို့ သတ္တိရှိလာတဲ့အထိ စောင့်နေတာ ဖြစ်မယ်။ တတိယ အကြိမ်နဲ့ စတုတ္ထအကြိမ် ဖုန်းခေါ်သံကြားမှာ ၁၅ စက္ကန့် ကြာတယ်။

                        သားရှိလား..။

                        နောက်မှာ လူတွေ အော်နေတာ ကြားရတယ်။

                        သား ရှိလား။

                        နောက်မှာ ရဟတ်ယာဉ်သံတွေလည်း ကြားရတယ်။

                        သားရှိလား..။

                        မှန်ကွဲသံ ကြားရတယ်။

                        သားရှိလား။ သား ရှိ…။

                        လိုင်းပြတ်သွားတယ်။

************
                        ဆယ်နှစ်သား ကလေးငယ်တစ်ယောက်ရဲ့ ယူကြုံးမရနောင်တနဲ့ နာနာကျင်ကျင်ညည်းငြူသံက ကိုယ့်ရင်ထဲမှာပါ တုန်ခါပြီး ပဲ့တင်ရိုက်ခတ်နေခဲ့တော့တာ။ နာရီပေါင်းများစွာ တိုးတိတ်ပျောက်ကွယ် မသွားတော့ဘူး။ ပြီး.. နေ့ရက်ပေါင်းများစွာ…။
                        သားကြီးလား…။
                        မင်း လိမ္မာစေချင်တယ်။ သိတတ်ရမယ်…ကြားလား ဟေ့ယောင်။
`          မေ့ပျောက်သလောက်ရှိနေခဲ့တဲ့ အဲဒီ စကားသံတွေရော… ဘယ်က ရောက်လာသလဲ။ ဘုရားရေ…။ ဆယ်စုနှစ် သုံးခုနီးပါး မသုံးနှုန်းခဲ့ဖူးတဲ့ အခေါ်အဝေါ်တစ်ခုကို ကိုယ် ကိုယ်တိုင်ရဲ့ နှုတ်က ငတ်ငတ်မွတ်မွတ် ခေါ်ရွတ်နေမိပြန်တော့ သတဲ့။
             အဖေ…။
************
                        အဖေနဲ့ပတ်သက်ရင် ကိုယ် မှတ်မိနေတတ်ခဲ့တာက ပြင်းထန်ပြောင်မြောက်လှတဲ့ ရိုက်ချက်ခပ်ကြမ်းကြမ်းတွေကိုပဲ။ အဖေမို့ ရိုက်ပြီလားဆို အရိုက်ခံရတဲ့ ကာယကံရှင် ကိုယ် ကိုယ်တိုင်သာမက အမေပါ ရောနှောငိုရလေ့ရှိတတ်ခဲ့တယ်။ တစ်ချက်ပြီး တစ်ချက် အားကုန်ဆင့်ရိုက်တတ်တဲ့ အဖေက သူ့တုတ်ကို ရှောင်ရင် မကြိုက်ဘူး။ လူးလွန့်ရုန်းပြန်ရင်လည်း သီးမခံတတ်ဘူး။ တိုင်ဖက်ပေးထားပြီး အသံတိတ် ကြိတ်ရှိုက်နေရတော့တာ။ ဘယ်သူမှလည်း ၀င်ဆွဲတာ လက်မခံတတ်ဘူး။ အဖေ့ဒေါသအောက်မှာ တဆတ်ဆတ်တုန်နေလို့လည်း သနားညှာတာရကောင်းမှန်း အဖေ အသိမ၀င်ဘူး။ အော်ငိုမိရင် အဖေ့တုတ်ချက်က ပိုပြင်းထန်လာတတ်ပြန်တာ…။
                        အဖေရိုက်တာ တစ်ခါခံရပြီးရင် သလုံးသားမှာ ထပ်နေတဲ့ အရှိုးရာတွေက ယောင်းရမ်းညိုမဲနေတတ်ပြီး နေ့ရက်များစွာကြာအောင် လှုပ်မရ၊ လှည့်မရနဲ့ တဆစ်ဆစ် နာကျင်ကိုက်ခဲနေတတ်တယ်။ ရင်ထဲမှာ တရိရိ ၀မ်းနည်းနာကျင်ရှိုက်ငင်နေခဲ့ရတာကတော့ လနဲ့ချီလို့တောင် ကြာတတ်ပြန်သေးတယ်။
                        အရပ်ထဲမှာတော့ အဖေ့ကို ခင်မင်ကြသားပဲ။ အဖေက အပေါင်းအသင်းလည်း ဆန့်တယ်။ သူတို့ အပေါ်မှာ အနွံတာလည်း ခံတတ်သူလို့ ဆိုကြပြန်တော့ အ့သြမိသေးရဲ့။ သူထံ အကူညီ တောင်းလာရင် ဘယ်တော့မှ လက်မနှေးတတ်တဲ့ အဖေက ချို့တဲ့နွမ်းပါးသူဆိုရင်လည်း ကိုယ်ပေါ်က အ၀တ်အစားကအစ ရက်ရောတတ်ပြန်သူ။ မတရားတာမြင်ရင်လည်း ဆိုင်ဆိုင်၊ မဆိုင်ဆိုင် အားနည်းတဲ့သူဘက်က ၀င်ရပ်တည်ချင်၊ ကာကွယ်ပေးချင်တတ်သေးသူဆိုတော့ အဖေ့ကိုဆို အားလုံးက အားကိုတကြီး ရှိတတ်ကြပြန်တာ။
                        ဒါပေမယ့် ကိုယ်ကတော့ အဖေ့ကို တုန်နေအောင်ကို ကြောက်ရတယ်။ အထူးသဖြင့် အဖေ အရက်မူးနေရင် အဖေ့အနားကို အဖေ မခေါ်ပဲ မကပ်ရဲဘူး။ ဒါပေမယ့် အဖေက အရက်ကို အချိန်အခါမရွေး၊ နေရာမရွေးပဲ သောက်မြဲသောက်နေတတ်သူ။ အဖေ့ရဲ့ နေ့ရက်များစွာမှာလည်း မူးယစ်လျှက်သာ မြင်တွေ့နေရပြန်တာမို့ အဖေ့ အရိပ်ကိုတောင် မျက်ဝန်းတစ်ဝင့်နဲ့ လှမ်းမကြည့်ရဲဘူး။ အဖေက မူးလာရင် အပေါင်းအသင်း၊ ပတ်ဝန်းကျင်အပေါ် လည်း တော်တန်ရုံမျှသာ သွေးဆိုးတတ်သူ။ ကိုယ်တို့ သားအမိ အပေါ်မှာတော့ ဘာကြောင့်မှန်းကိုမသိပဲ နိုင်စားချင်တတ်ခဲ့ပြန်တာ။  ပြစ်မရှိပြစ်ရှာပြီး ရက်စက်တတ်ပြန်သူအဖြစ် မုန်းချင်မိသလိုတောင် ခံစားခဲ့ရဖူးတယ်။
                        အဖေက အိမ်မှာ နေရချိန် နည်းလို့ တော်တော့တယ်။ မိုးလင်းကတည်းက အိမ်ကထွက်၊ အပေါင်းအသင်းစုံနဲ့ လောင်းကစားဝိုင်းတကာမှာ၊ အရက်ဆိုင်တွေမှာ နေကုန်နေခမ်း အချိန်ဖြုန်းနေတတ်သူ။ အချိန်လွန်လေမှ ရေချိန်လွန်၊ သိုင်းကွက်နင်းလို့ အိမ်ပြန်ရန် သတိရတတ်ပြန်သူ။ ဒါပေမယ့် အဖေက အိမ်ရှေ့ရောက်တာနဲ့…
“သားကြီးရေ…”
                        ကိုယ့်ကိုပဲ တမ်းတမ်းတတ ခေါ်ပြီး အိမ် တံခါးခေါက်လာတော့တာပဲ။ အဖေပြန်လာချိန်ကို အိပ်ချင်ယောင်ဆောင်ပြီး စောင့်တတ်တဲ့ ကိုယ့်ခမျာ စောင် ခေါင်းမြီးခြုံအောက်မှာ ချွေးပြန်နေရတော့တာ..။ အဖေက သူ့လက်ဖ၀ါးကြီးနဲ့ တင်ပါးကို ဖျန်းခနဲတစ်ချက် ရိုက်ချလိုက်ပြီး ကိုယ့်ကို အိပ်ယာက နှိုးလေ့ရှိတာ မဟုတ်လား။
“ဘုရား ရှိခိုးပြီးပြီလား”
                        ခုထိ မှတ်မိစွဲမြဲနေသေးတဲ့ ဘုရားစာတွေအားလုံးဟာ အဖေ ဟိန်းဟောက်ရင်း သင်ကြားပေးသွားတာချည်းပဲ။ ဘုရား ၀တ်မတက်ပဲလည်း ကိုယ် အိပ်မပျော်တတ်ခဲ့တာ အသက်နဲ့အမျှပေ။ အဖေ လေ့ကျင့်ပေးခဲ့တာပေါ့။
“ဘုရားရှိခိုးပြီးရင် အဖေနဲ့ အမေကို ကန်တော့ရမယ်”
                        လက်၊ခြေ၊နဖူး၊ တံတောင်၊ဒူး ငါးဦးညီညွတ်စေလို့ အဖေက အထပ်ထပ် သင်ပေးခဲ့ဖူးတာ။
“ဒီနေ့ ကျောင်းမှာ အဆင်ပြေရဲ့လား။ အိမ်စာတွေ လုပ်ပြီးပြီလား”
                        မေးခွန်းပေါင်းစုံနဲ့လည်း တရားခံတစ်ယောက်လို စစ်ဆေးမဆုံးတော့ပြန်။ ခါတရံ ကိုယ့်မှတ်စု စာအုပ်တွေကို စစ်ဆေးတတ်သေးတယ်။ ကိုယ့်လက်ရေးမလှရင်၊ စာမျက်နှာတွေ ညစ်ပတ်၊ တွန့်ခေါက်နေရင် ကိုယ် ရိုက်ခံထိဦးမယ်။ စိတ်လိုလက်ရရှိတဲ့အခါ ရေးပြလေ့ရှိတဲ့ အဖေ့လက်ရေးတွေက တော်တော်သေသပ်လှပတာလို့ ခုထိ မှတ်မိနေသေးတယ်။
                        အဖေက စိတ်လိုလက်ရရှိချိန်ထွေမှာ ထွေးဖက်နမ်းရှုပ်ချင်တတ်ပေမယ့် ချွေးနံ့နဲ့ အရက်နံ့ရောနှောနေတဲ့ အဖေ့ကိုယ်နံ့က အော်ဂလီဆန်ချင်စရာမို့ အသက်ကို အောင့်ထားရတတ်တယ်။ နဖူးနဲ့ ပါးပြင်နုဆီမှာ အဖေ နမ်းမွှေးလိုက်တဲ့ အထိအတွေ့က နူးညံ့နွေးထွေးမှုထက် အဖေ့နှုတ်ခမ်းမွှေး ကြမ်းကြမ်းကြီးတွေက စူးအောင့်နာကျင်မှုကိုသာ ဖြစ်စေတတ်ပြန်တာ။ ဒါပေမယ့် မရုန်းရဲပါဘူး။ အဖေက အကောင်းသားကနေ စိတ်တိုင်းမကျရာ တွေ့လာရင် စိတ်လက်တစ်ဆစ်က တိုနှင့်ပြီး ဒေါသချောင်းချာင်းထွက်ချင် ထွက်လာတတ်သေးတာ မဟုတ်လား။
                        အဖေ၀ယ်လာတဲ့ မုန့်တွေကို ဗိုက်မဆာလည်းပဲ မငြင်းဆန်ရဲပဲ ဇွတ်မြိုချနေရပြန်တာပဲ။ သူဝယ်လာတဲ့မုန့်ကို မစားရင် သူ့ကို အာခံဆန္ဒပြနေတာလို့ အဖေက ယူဆသတ်မှတ်မှာ။ ဒဏ်ပေးဦးမှာ။ ဒီ့ထက်ပိုလို့ စိတ်ဆိုးလာရင် ရိုက်တော့မှာ…။ အရက်ခိုးတွေဝေနေတဲ့ မျက်ထောင့်နီကြီးနဲ့ အဖေ့ရှေ့မှာ စိတ်ကျဉ်းကြပ် အနေခက်လွန်းလို့ အသက်ရှူရတာတောင် မ၀ဘူး။ မွန်းကြပ်မောပန်းလွန်းလှတယ်။ ခန္ဒာကိုယ်လေးကို သေးကြုံ့ ပုဝင်သွားတော့မတတ် သတိမပြတ်ထားလည်းပဲ အရိုက်နှက်ခံရခြင်းက လွတ်ချင်မှ လွတ်တတ်တာ။ ပြီး.. အဖေက သူ ရိုက်လို့ ငိုရင်လည်း မကြိုက်ပြန်ဘူးတဲ့။
“ယောကျားဆိုတာ မငိုရဘူးကွ”
                        ကိုယ် ဘယ်လိုနေနေ အဖေ စိတ်တိုင်းမကျတတ်ခဲ့သလို အဖေ စိတ်တိုင်းကျအောင်လည်း ကိုယ်က မနေတတ်ခဲ့သေးတာ အဲဒီအချိန်က ကိုယ့်အသက်ဟာ ငယ်နုလွန်းလှသေးလို့သာ။ အဖေ ဆုံးတော့တောင် ကိုယ့်အသက်က ကိုးနှစ်ပဲ ရှိသေးတာ မဟုတ်လား။  
                        ************
                        အမှန်အတိုင်း ၀န်မခံရဲပေမယ့် အဖေ့ကို မမုန်းသာရုံကလေးထက်ပိုလို့ ချစ်လည်း မချစ်ခင်ဝံ့ခဲ့ဘူး။
                        အဖေဆုံးပြီးစနေ့ရက်တွေတုန်းကဆို ငိုကျွေးခြင်းသာ ပြုတတ်ခဲ့ရုံပေမယ့် နှမျောတသ ဆုံးရှုံးပူဆွေးရတာမျိုးလည်း မရှိခဲ့စဖူး။ အဖေဆုံးပါးခဲ့ပြီး နှစ်ပေါင်းများစွာကြာမြင့်ခဲ့ပြီးမှ လွမ်းရကောင်းမှန်း တစစသိတတ်ခဲ့တော့တာ။ ဘ၀မှာ ဖြေရှင်းရင်ဆိုင်ဖို့ ခက်ခဲတဲ့ ပြဿနာမျိုးစုံနဲ့ အခက်ကြုံ၊ ပင်ပန်းလို့  အသက်ရှူကျပ်ရတဲ့အခါ အဖေရှိရင် ဘယ်လိုများ လမ်းပြကူညီမှာလေလည်းလို့ မ၀ံ့တ၀ံ့ တွေးလာမိခဲ့ပြန်တာ။ ဒါပေမယ့် ထိုအတွေမျိုးမှာတောင် အဖေ့အပေါ် သံသယငွေ့ငွေ့နဲ့  ယုံကြည်အားကိုးရန်မရဲ။
                        အဖေ ဆေးရုံကို ဒုတိယအကြိမ် ရောက်ရချိန်အထိ စိတ်ရှုပ်မိပေမယ့် ပူပန်ဝမ်းနည်း မနေခဲ့မိဘူး။ အဖေ့ရောဂါက စိုးရိမ်ရလောက်အောင် ဆိုးရွားပြင်းထန်နေလိမ့်မယ်လို့လည်း မစာနာတတ်ခဲ့သေးဘူး။
                        လူတွေအများကြီးထဲကနေ အဖေက …
“သားကြီးရော..”
                        ကိုယ်ကတော့ အဖေမေးလေမှ အမေ့နောက်ကျောမှာ ပုဝင်ပုန်းကွယ်ပစ်လိုက်မိတာ။ အဖေက လူထူထူကြားမှာ ဆူပူမောင်းမဲနေပြန်ရော။
                        ဧည့်တွေ့ချိန်ကုန်လျှင်တော့ အဖေ့အနားမှာ အမေနဲ့ ကိုယ်ပဲ ကျန်ရစ်ရတော့ ပိုလို့ ခြောက်ခြားကြောက်ရွံ့နေမိခဲ့။ အဖေကတော့ သူ့ဘ၀ရဲ့ နားဖျားမကျန်း အသည်းအသန်အချိန်မှာတောင် ခြေဆုတ်လက်နယ်ပြုရကောင်းမှန်း၊ ပြာယာပူပန်ရမှန်းမသိတတ်သူဆိုပြီး ကြိမ်းမောင်း မဆုံးတတ်ပြန်။
                        အဖေမို့ တစ်ခုခု ခိုင်းလာလျှင် ကြောက်ရွံ့စိတ်နဲ့ ထူပူပြီး အလွဲလွဲ၊ အမှားမှားဖြစ်ရပြန်တာမို့ အဖေ့အဖို့ ပိုလို့စိတ်တို ငြိုငြင်စရာ ပြန်ရပြန်တော့တာ။
                        အဖေ့ရဲ့ နောက်ဆုံးအချိန်တွေမှာ သတိမရတစ်ချက်၊ ရတစ်ချက် သေငယ်ဇောငင်နေရင်းဖြင့်ပင်…
“သားကြီး။ မင်း.. အဖေ့အနားမှာနေနော်”
“မင်း လိမ္မာရမယ်ကွ။ မင်းအမေကိုလည်း စောင့်ရှောက်ရမယ်”
                        အဖေက ကယောင်ကတန်း ဟစ်အော်တုန်း။ ကိုယ်ကတော့ အဖေ့အနားမျှ မသီရဲခဲ့ပဲ အဖေ့အသံကြားလေ တုန်လှုပ်ကြောက်ရွံ့ရလေ ဖြစ်တုန်းပင်။
“မင်းအဖေက အဝေးကြီးကို သွားတော့မှာ သားလေးရဲ့။ အနားတိုးသွားလိုက်ပါ”
                        ဟင့်အင်း။  အဖေက အနားသွားရင် ထရိုက်မှာလားမသိ။ ခုတောင် အော်ဟစ်မန်မဲချင်နေသေးတာ မဟုတ်လား။ ခြေဖျားကလေးထောက်ကာ အဖေ့အား မ၀ံ့တ၀ံ့ လှမ်းကြည့်မိတော့ ပိုလို့ ကြောက်ရွံ့မိတော့ပြန်။ အဖေ့မျက်နှာက ဖြူဖျော့ ကြုံလှီလို့။ မျက်ကွင်းတွေ ညိုမှောင် ချိုင့်ခွက်။ ပါးရိုးတွေ ငေါထွက်နေကြ။ အဖေ့မျက်လုံးတွေက ဝေဒနာဖိစီးမှုဒဏ်ဖြင့် နွမ်းဖျော့ညှိုးရီနေကြ။ တစ်ချက် တစ်ချက်မှာ သတိမျှ မကပ်ချင်တော့သလို မှေးမှိတ်လျှက်က ယမ်းယောင်အော်ဟစ်နေပြန်။ တဖြည်းဖြည်း စကားသံတွေက နှေးဖျော့တိုးတိတ်လာကာ ပလုံးပထွေး မပီသချင်တော့။ ဒါပေမယ့် …
“သားကြီး…”
                        ..လို့တော့ နောက်ဆုံးထွက်သက်အထိ အဖေ တမ်းတ ခေါ်ငင်နိုင်ခဲ့သေးတယ် မဟုတ်လား။ 
**************
ဖုန်းသံ မြည်လာတယ်။

ဒါပေမယ့် ကျွန်တော် မကိုင်ရဲခဲ့ဘူး။

ဖုန်းက ဆက်တိုက် မြည်နေတယ်။

ကျွန်တော် ကိုင်ချင်တယ်။ ဒါပေမယ့် မကိုင်နိုင်ခဲ့ဘူး။

မက်ဆေ့ခ်ျ ၀င်သွားတယ်။

အဖေ့အသံ ဆက်တိုက် ကြားနေရတယ်။

သား ရှိလား။

သား ရှိလား။

သား ရှိလား။

……….

……….
                        ၉/၁၁ အရေးအခင်းတုန်းက ကမ္ဘာကျော် မျှော်စင်ညီနောင်ရဲ့ အထပ်မြင့်တစ်နေရာမှာ အစည်းအဝေးတက်ရောက်နေခဲ့တဲ့ ဖခင်ထံမှ ဖုန်းကို လက်ခံပြောချင်လှပေမယ့် သတင်းဆိုးကို မကြားသိရဲစွာ ဖုန်းမကိုင်ရဲခဲ့ရှာတဲ့ ကလေးငယ်လေးဟာ ဖခင်သေဆုံးပြီး တစ်နှစ်ကျော်ကြာပြီးချိန်အထိ နောင်တနှင့်ပူပန်လျှက် ယူကြုံးမရ ကြေကွဲပူဆွေးနေခဲ့ရတာ…။
                        ESTREMELY LOUD AND INCREDIBLY CLOSE ဇာတ်ကားထဲမှ ကလေးသရုပ်ဆောင် THOMAS HORN ၏ အဖြစ်ကို ဖန်သားပြင်မှာ စာနာရင်နင့်လျှက် တသက်သက် နောက်တနှင့် ပူပန်ပင်ပန်းခဲ့ရပြန်။  ဇာတ်ကောင်နှင့်ထပ်တူ ယူကြုံးမရနိုင်ခဲ့ပြန်။
                        ဒါပေမယ့် သူ့ဖခင်ကတော့ ကိုယ့်အဖေလိုမျိုး မဟုတ်ပါပဲ။ တကယ့်ကို ဖခင်ကောင်းပီပီ တာဝန်ကျေပြွန်စွာ၊ သားအပေါ် ချစ်မြတ်အားထားစွာ၊ လမ်းညွှန်ပဲ့ပြင်နိုင်ခဲ့လေတာ။ ဖခင်လိုသာမက သူငယ်ချင်းနှယ်ပါ အရေးထားချစ်ခင်ရသူလေ။
                        သူ့ဖခင်က သိပ္ပံပညာရှင် ဖြစ်ချင်လျှက် ရတနာကုန်သည် ဖြစ်လာရသူ။ ကိုယ့်အဖေကတော့ ဘာဖြစ်ချင်ခဲ့သလဲမသိခဲ့ရ။ အညတရလောင်းကစားသမား၊ ပတ်ဝန်းကျင်အလယ်မှာ သဘောမနော ကောင်းမွန်သလောက် မိသားစုအပေါ် မူးယစ်ရမ်းကားတတ်သူ တစ်ယောက်သာ ဖြစ်ခွင့်သာခဲ့လေတာ။
                        ရုတ်တရက်တိုက်ခိုက်ခံလိုက်ရတဲ့ မျှော်စင်ညီနောင်မှာ သူ့ဖခင်က ပိတ်မိနေကာ သွေးပျက်ထိန့်လန့်နေကြသူတွေ၊ ဆောက်တည်ရာမဲ့ ပြေးလွှားဟစ်အော်နေကြသူတွေကြားမှာ သူ မသေသေးကြောင်း သားငယ်ကို သိစေချင်နေခဲ့တာ။ နောက်ဆုံးအချိန်အထိ မျှော်လင့်ချက်များစွာဖြင့် လွတ်လမ်းကို ရှာဖွေနေဆဲဖြစ်ကြောင်း သားငယ်ကို အားတက်စဖွယ် နှစ်သိမ့်မှု ပေးချင်နေခဲ့သေးတာ ထင်ရဲ့။
                        ကိုယ့်အဖေကတော့ သူ့ဘ၀ရဲ့ နောက်ဆုံးအချိန်မှာ သားဖြစ်သူ ကိုယ့်အား ဘာတွေ ပြောချင်နေခဲ့ပါလိမ့်။ အဖေတိုင်းက သားတွေကို တစ်ဘ၀လုံး ပြောမဆုံးသော မှာတမ်းချွေစကားတွေ ဆိုချင်နေခဲ့ကြပါသလား။ သူ့ဘ၀ရဲ့ မျှော်လင့်ခဲ့မှုများ၊ ဆန္ဒများ၊ လုပ်ချင်လျှက် မလုပ်နိုင်ခဲ့သည်များကို အဖေလည်း ပြောချင်နေခဲ့မလား။
                        သူ့အဖေဆုံးပြီး တစ်နှစ်အတွင်းမှာ  သားငယ်လေးကတော့ သူ့ဖခင်၏ အသံကို ကြားနာသိမြင်နိုင်စွမ်းရှိခဲ့ပေမယ့် ကိုယ်ကတော့ လူ့ဘ၀သက်တမ်း ထက်ဝက်ကျိုးလေမှ သတိတရ ဆန်းစစ်ရကောင်းမှန်းသိခဲ့တာ အဖေသာ သိလျှင် ငယ်ငယ်ကလို ရိုက်နှက်ဒဏ်ပေးဦးမှာလားမသိ။ ခုချိန်မှာတော့ အဖေ ရိုက်မည်ဆိုလျှင်တောင် ကျေနပ်စွာ ခံယူကာ အဖေပြောချင်မည့်စကားများကို နားထောင်ချင်မိပြန်ပေါ့။ အဖေ့ရင်တွင်းကို နားလည်ကြည့်မြင်နိုင်ခွင့်ရမည်ဆိုလျှင် ကိုယ့်အဖို့ အသားနာရုံမျှမက ရင်တစ်ခုလုံးနုံးချိနာကျင်ရလျှင်လည်း ခံနိုင်ရည် ရှိခဲ့ပါပြီ။ ဒါပေမယ့် အဖေ မရှိတော့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ။
***********
                        ကိုယ်တို့တတွေရဲ့ ရပ်တည်ရှင်သန်ရာ ဘ၀ တစ်လျှောက်လုံးမှာ အဖေ သို့မဟုတ် အမေ သို့မဟုတ် ကိုယ်ကချစ်မြတ်ကြင်နာရမည့်သူ၊ ကိုယ့်ကို အားကိုးခင်တွယ်သူများစွာတို့ရဲ့ တမ်းတခေါ်ငင်သံကိုလည်း ကြုံဖူးနေကျ မဟုတ်လား။ ကိုယ်တို့တတွေ ထိုခေါ်သံများကို ဘယ်နှစ်ကြိမ် ဂရုပြုမိကြပါလဲ။ ဘယ်သူတွေကရော ကြောက်ရွံ့စိတ်နဲ့ တုန်လှုပ်တတ်စွာ၊ ပြီးတော့ .. သူရဲဘောနည်းစွာ (လျစ်လျှူမရှုဖြစ်သည့်တိုင်)  တွေတွေဝေေ၀ မတုန့်မပြန် နေခဲ့မိကြပါသလဲ။ ကလေးသရုပ်ဆောင် THOMAS HORN က တော့…..
အဖေက ဘာလို့ တစ်ယောက်ယောက် ရှိလားလို့ မမေးတာလဲ။ ကျွန်တော် တစ်ယောက်တည်းကိုပဲ ရည်ညွှန်းနေတာ…။ ကျွန်တော် ဖုန်းနားမှာ ရှိနေမှန်း အဖေသိနေလို့ ဖြစ်မယ်။ ကျွန်တော် ဖုန်းကိုင်နိုင်ဖို့ သတ္တိရှိလာတဲ့အထိ စောင့်နေတာ ဖြစ်မယ်။ တတိယ အကြိမ်နဲ့ စတုတ္ထအကြိမ် ဖုန်းခေါ်သံကြားမှာ ၁၅ စက္ကန့် ကြာတယ်။

                        သားရှိလား..။
                         တချို့သော တမ်းတခေါ်ငင်သံများစွာအတွက် ကိုယ်တိုင်၊ အချိန်မီတုန့်ပြန်နိုင်ပါမှ ဘ၀မှာ ပူပန်နောင်တ ကင်းစွာ လိပ်ပြာလှနိုင်ပေမှာ…။

သတိုး



Flag Counter