STARTING OUR WEBSITE
Published at 1st. JANUARY. 2013
Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Tuesday, December 10, 2013

ဗြိစ္ဆာနှောင်းမှာ ကြွေတဲ့ကြယ်




ထိပ်ထားရေ
ဒီနေ့......... ကြယ်တွေ အတုန်းအရုံးနဲ့
တန်ဆောင်မုန်းက
ကျွန်တော့်ကို လှောင်ပြုံးပြုံးနေရဲ့။
လအပျိုမကတော့ ကြယ်တွေရံလို့
ကျွန်တော်ကတော့ ကာရန်တွေနဲ့ငိုနေရတယ်။

ကြားဖူးတာ တစ်ခုရှိတယ်
“အလွမ်းတွေထဲမှာ ပညာနဲ့ယှဉ်ပြီးလွမ်းရတာ အဆိုးရွားဆုံးပဲ” တဲ့
တကယ်ပါထိပ်ထားရယ်
တခါတခါ အရူးတစ်ယောက်လို့ ဟစ်ကြွေး
ထိပ်ထားအတွက် ချစ်တေးတွေ ဆိုချင်တယ်။

အလွမ်းတွေနင့်သီးနေအောင် အဆိပ်သင့်နေမှတော့
ဆေးပေါင်းခတဲ့ည ကလည်း ဘယ်ကယ်နိုင်ပါ့မလဲ။
ထိပ်ထားရယ်
နိယာမမှားတဲ့ပန်းက
နှလုံးသားမှာ မြေစမ်းပြီး
ခရမ်းပြာတေးသွားနဲ့ ကိုယ်ထင်ပြတယ်။
ဘယ်တော့မှလည်း မပွင့်ဘဲ
ဖူးရာက ပြန်ငုံ.......... ဒီပုံနဲ့ပဲ ကြွေသွားမှာပါ။

ထိပ်ထားကိုချစ်မိသွားတဲ့အချိန်မှာ
ကျွန်တော်က...........
ရာစုတစ်ထောင်မက နောက်ကျသွားခဲ့ပါပြီ။
ကိုယ့်ဘာသာ ချည်ခဲ့တဲ့နှောင်ကြိုးတွေ တသီကြီးနဲ့
ဟိုး.................
ကမ္ဘာဦးရဲ့နောက်ဆုံးနေ့မှာ ဖြူလျှမှိန်မှေး
တိမ်နဲ့ဝေးတဲ့ကောင်းကင်ပါ။

ထိပ်ထားကိုချစ်တယ်
ထိပ်ထားကိုချစ်တယ် လို့
ဘယ်တော့မှ ပြောမပြနိုင်တဲ့ဘ၀မှာ
ကိုယ်ရင့်ဘတ်ကိုယ်တွင်းတူး
အလွမ်းဖူးတွေပျိုးထားတယ်။



နွေရင့်


Thursday, September 12, 2013

အသားစများ



မသတီစရာတွေ တန်းစီလိုက်တော့
အားလုံးရဲ့ရှေ့မှာ ကိုယ့်ကိုယ်ကို
ပြန်တွေ့တယ်

ကျိုးကြေနေတဲ့ နေတစ်စင်းဟာ
ဖရိုဖရဲပွင့်အန်လို့
သူလိုကိုယ်လို ဖုတ်ပူမီးတိုက်ဘဝတွေ
ဥစ္စာရမလားလို့ နားထောင်ကြတဲ့သိုက်စာ
ရောဂါဖျောက်ချင်လွန်းလို့ နားထောင်မိတဲ့ဆေးစာ
ဘယ် TV လိုင်းကလွှင့်ခဲ့သလဲ

ရှင်ဘုရင်အိမ်က အကြွေးတွေရဲ့အကြောင်း
ရေပြီးရေ ထည့်ထားတဲ့ခန္ဓာနဲ့
ဘယ်ဝန်ကို ထမ်းရမတုန်း

လန့်လန့်နိုးတိုင်း မယောင်တတ်တော့တဲ့ စိတ်ဟာ
သန္ဓေအားဖြင့် ရှေးဟောင်းမျိုးနွယ်ဖြစ်လာ
အနည်းစု အများစု အားလုံးကိုစုလိုက်လည်း
ပုစုခရုဟာ ပုစုခရုပဲ

လူကြီးနဲ့လူအို မခွဲတတ်တဲ့အသိ
ဗိုက်ပြည့်နေသူတွေမှာရှိတယ်

ထီးလှိုင်မင်းရဲ့ ဘယ်ညာလက်နှစ်ဘက် အပါအဝင်
ခံယူချက်များပူးဝင်ကပ်ငြိဖို့
ဆယ်စု ဘယ်နှစ်ခုလောက် ထပ်ကြာမှ
မွေးဖွား ကြီးပြင်း ကြီးကဲနိုင်မလဲ
အဓိပ္ပါယ်ပြည့်တဲ့ မျှော်လင့်ချက်တိုင်းအတွက်
ဂလိုဘယ်ကြီးထဲမှာ လူစစ်စစ်တွေလိုအပ်နေပြီ ။ ။

ဟိန်းစံ (ပဲခူး)

Saturday, August 17, 2013

ဒြပ်မဲ့ အသက်ဆက်ရန်တောင့်တခြင်း



စိတ်လောင်ပန်းတွေမို့လားပဲ
အရောင်ဟာ မွဲတာထက် ပိုခြောက်နေတယ်
ထွန်းထားတဲ့ ဇာတိလည်း ခတ်ဖျော့ဖျော့အလင်းနဲ့
မီးစာ အကူးခက်နေတုန်း
လက်က စ ပူခဲ့ပြီ
ပြီးတော့ ဗဟိဒ္ဓတစ်ကိုယ်လုံး
ဒီနေ့ပြာကျပြီး
နောက်နေ့ အငွေ့နဲ့ အသက်ဆက်ဖို့
လေထုရေ
ကျေးဇူးပြုပြီး ငါ့ကို သယ်ယူသွားပေးပါ .... ။



 ဟိန်းစံ ( ပဲခူး )

Thursday, July 25, 2013

ဘ၀တွေ Loading နှေးလွန်းတယ်


ဝ လုံးကလေး ၀ိုင်းအောင်ရေးဖို့ထက်
ပထမဆုကိုသာ အလေးပေးတဲ့ ခေတ်ကြီးမှာ
ဠ    နဲ့     ဌ   အလှည့်မှားတဲ့ ကလေးတွေနဲ့။

ဘိုလိုပြောတတ်မှ လူရာဝင်မယ့်ခေတ်ထဲမှာ
b  နဲ့  d  က သံလိုက်အိမ်မြှောင် လွဲနေတယ်။

အွန်လိုင်းသုံးဖို့
လိုင်းအားလုံး `အွန်´ ထားပေမယ့်
ကွန်နက်ရှင်ကတော့ နှေးကွေးနေဆဲပဲ။

ချို့ယွင်းမှုများအတွက် တောင်းပန်ထားတဲ့နောက်
ဘယ်နေရာမှာများ အကောင်းကျန်သေးလဲ။

 အပေါဆုံးက ပိုက်ဆံပါလို့
သူငယ်ချင်းတွေဆီက တစ်ဖွဖွကြားနေရလည်း
တစ်နပ်နဲ့ တစ်နပ်အကြား
ဧရိယာပြင်ပ ရောက်ရောက်နေတတ်တယ်။

ဥတုရာသီက တောကိုမှီသလို
ကုန်ဈေးနှုန်းက ဒီရေနဲ့ ဇာတ်တိုက်ထားတယ်။

ဒါပေမယ့်လည်း ... ...
ဒိုင်ခွက်ပြင်ပ ကျွံနေတဲ့ ဈေးနှုန်းများလို
ကိုယ်ကျင့်တရားတွေ
အသိဥာဏ်တွေ ဖွံ့ဖြိုးစေချင်တယ်။


ကိုထက်

Wednesday, July 24, 2013

မိုး



တိမ်တွေပြိုဆင်း


ဟေး.........


ငါ့အခန်းကျဉ်းလေးကအလင်းတွေ ဘယ်မတုန်း။




အသင်၊


အနောက်တောင်လေကိုဇက်ကြိုးတပ်စီး


ကောင်းကင်သီးတွေခြွေ။


သစ်ရွက်တွေ ဘယ်ညာယိမ်း


စိမ်းလန်းခြင်းတမန်တော်


လာပြီ။

                    

                                              ဒြပ်စင်

Monday, July 22, 2013

ကမ္ဘာလုံးထဲ ဆိုင်ကယ်စီးခြင်း


မက်လို့မဆုံးနိုင်တော့တဲ့
အိပ်မက်ရှည်များစွာ
ငါ့ကိုယ်ငါ .. အားနာလိုက်တာ

အသီးဖျင်း အပွင့်နာ
အပင်တွေသာ များလာတော့
မဆိုင်တဲ့မြေကြီး
အပြစ်ချည်းတင်ပစ်လိုက်တယ်

ောတင်ပံတွေတော့ ရှိပါရဲ့
ပျံရဲတဲ့သတ္တိ မရှိရှာ
အဲဒါ … ငါပေါ့

သုညနဲ့ဗလာ ဘယ်သူက ပိုသာသလဲ
ပြိုင်ကြမယ့်ပွဲမှာ
ဝလုံးက ဗိုလ်ဝင်စွဲသွားတယ်

ကောင်းကင်နဲ့ မြေကြီးကြား
ညပ်ညပ်သွားတဲ့
ငါ့ရဲ့စိတ်ကူးလေးတွေရေ

သေသေမွဲမွဲ
နှလုံးသားကို ချမရောင်းဘူးဟေ့ .. လို့
ခပ်မာမာကြွေးကြော်ရင်း

ဒီလိုနဲ့
            ဒီလိုနဲ့ပဲ
                        ဓာတ်ဆီကတော့ ကုန်လုပြီ …။

                                                                              မြတ်စိုး

Wednesday, July 10, 2013

တို့ဘ၀ဟာ


တို့ဘဝဟာ … ပြေးလမ်းပေါ်က ပြိုင်ဘီးတွေပါ။
လိမ့်ထား …လိမ့်ထား… မရပ်စေနဲ့ လိမ့်ထား။
လိမ့်တာရပ်ရင် လဲလိမ့်မယ်…
သက်လုံကောင်းဖို့လိုတယ်… ဇွဲရှိဖို့လိုတယ်…။
ပန်းတိုင်ရောက်မှ လိမ့်တာရပ်လို့
တို့ လဲလိုက်ကြစို့။

တို့ဘဝဟာ … လေပြင်းထဲက ဖြတ်စွန်တွေပါ။
လျှော့ထား…လျှော့ထား… ပြန်မရစ်နဲ့ လျှော့ထား။
လျှော့ကြိုးကုန်ရင် ပြတ်လိမ့်မယ်…
ကြိုးရှည်ရှည်ရှိဖို့လိုတယ်… စိတ်ရှည်ရှည်ရှိဖို့လိုတယ်…။
လျှော့ကြိုးကုန်မှ လျှော့တာရပ်လို့
တို့ ပြတ်လိုက်ကြစို့။

တို့ဘဝဟာ … ဖယောင်းတိုင်တွေရဲ့ မီးတောက်တွေပါ။
လောင်ထား… မြိုက်ထား… မငြိမ်းစေနဲ့ လောင်မြိုက်ထား။   
လောင်တာရပ်ရင် ငြိမ်းလိမ့်မယ်…
လောင်မြိုက်ရဲဖို့လိုတယ်…လင်းလက်ရဲဖို့လိုတယ်…။
လောင်စာကုန်မှ လောင်တာရပ်လို့
တို့ ငြိမ်းလိုက်ကြစို့။         ။


                                                 ဖိုးရွှေညီမှိုင်း
                                                 (၂၀၁၃၊ ဇွန် ၁၅)

Thursday, July 4, 2013

ဝါးခုတ်ထွက်ချင်ပြီ


(၁)

ဟိုးအရင်……က

ငြိမ်းချမ်းနေတဲ့……တောင်တန်း

ငါတို့ ဘုရားကျောင်းရဲ့

ဓမ္မတေးသံတွေနဲ့ ပွင့်ပွင့်လန်းလန်းပါပဲ။


‘လောပန်လောင်း’ သီချင်းနဲ့

ရွှင်လန်းနေတဲ့ ရတနာမြေ၊

မြစ်ဆုံအလှနဲ့ မနောအက…..

ငါတို့ပြည်နယ်ကို စည်ပင်စေခဲ့တယ်။


အခုတော့

စည်းလုံးညွှတ်မှု ပျောက်

ပြည်တွင်းစစ်ဆိုတဲ့ ခေါင်းစဉ်အောက်

ပြည်သူတွေ ဒုက္ခရောက်ရုံမျှ မက

ဧရာဝတီရေလည်း နောက်ညစ်ခဲ့ပြီ။


သေနတ်လွယ်ထားတဲ့ စစ်သား

လွယ်အိတ်လွယ်ထားတဲ့ ကျောင်းသား

အားလုံးရဲ့ နှလုံးသားဆိုတာ

ထိလွယ်ရှလွယ် ခံစားလွယ်မှာပါပဲလေ။


‘မျက်စောင်းတစ်ချက်မှာတောင်……

ခံစားချက်ဆိုတာ ပါရင်…နာတယ်’

သေနတ်ဖောက်လို့ စိတ်နှလုံးသားပေါက်

သူ….တို့….အိမ်အပြန်လမ်းတွေ ပျောက်ခဲ့ရပြီ။


ကျွဲနှစ်ကောင်ခတ် လို့

မြေစာပင် နာတာလောက်ဆိုရင်

ငါတို့ အရေးမလုပ်ပါဘူး။


အခုတော့

တစ်တောလုံး ကြွှေ

တစ်တောင်လုံး   ပြုန်း

ငါတို့ နှလုံးသားမှာ

ယမ်းမီးပေါက်တွေ ဟုန်းဟုန်းတောက်ခဲ့ရ။


စစ်ပွဲဆိုတာ…….

စစ်သားတွေ သေသလို

ပြည်သူတွေရဲ့ နှလုံးသားတွေလည်း  ကြေတာပါပဲ။

နေ့စဉ်ဖတ်နေရတဲ့ ‘‘ခရစ်တော်၌ အိပ်ပျော်ခြင်း’’

နေ့စဉ်ကြားနေရတဲ့ ‘‘ အမျှဝေသံ….’’ ဟာ

မိခင်များရဲ့ နှလုံးသားကို

ဗုံးဆံစ၀င်ရောက်သလို ထွင်းဖောက်

မျက်ရည်ပေါက်တွေ ကျရောက်စေတယ်။


(၂)

ငြိမ်းချမ်းရေး ပျက်ကပ်မှာ လူဖြစ်

မျိုးဆက်သစ်တွေရဲ့

အိပ်မက်ဆိုတာ

လမ်းခုလတ်မှာ ကျည်သင့်

ပြည်တွင်းစစ်ထဲ ကျ….ဆုံး….ခဲ့….ရ….ပြီ။



အသက်သေခြင်းနဲ့ ဘ၀သေခြင်းသာ ကွာမယ်

ကျည်တစ်တောင့် ဟာ

အနည်းဆုံး…လူနှစ်ယောက်ကို မှန်တယ်။


စိတ်နှလုံးမှိုင်းမှိုင်းနဲ့

ဓမ္မတေးသွားတွေ သီဆိုရွတ်ရင်း

ကောင်းကင်ကို မျှော်ကြည့်လည်း

ချိုးဖြူငှက်က ငြိမ်းချမ်းရေး သံလွင့်ခက်ကို ကိုက်ချီမလာသေးဘူး


နားထောင်ကြည့်ပါ….

နားထောင်ကြည့်ပါ…..

စိတ်နှလုံးသားဖွင့်ပြီး…..

နားထောင်မှုတွေ ဖြန့်ထုတ်ကြည့်ပါ

မြန်မာပြည်ဆို တဲ့

မြေပုံအက်အက်မှာ ငိုညည်းသံတွေ ဆူပွက်နေပြီ

စာသင်ခွင့်မဲ့နေတဲ့ မျိုးဆက်သစ်……

လယ်ယာပျောက်တဲ့ တောင်သူ……

အိမ်ယာမဲ့သွားတဲ့ ပြည်သူ…….

အိမ်ပြန်ချင်တဲ့ စစ်သားများနဲ့ အတူ

ငါတို့  တောင်ပေါ်သားတွေလည်း

ငြိမ်းချမ်းရေး အလံ လွင့်ထူဖို့

ဝါးခုတ်ထွက်….ချင်………ပါ……….ပြီ။



                                                (မိုးတိုက်တိမ်)

                                                 ၁.၁.၂၀၁၃

Saturday, June 29, 2013

ဒီလိုပါပဲလေ ...



ဒီလိုပါပဲ ..
လှည့်ထွက်ခဲ့ရုံလေး
ငွေတွေ၊ ဂုဏ်တွေ ကတဲ့ပွဲမှာ
မေတ္တာနဲ့သာ ဖျော်ဖြေချင်သူ ငါ ဖြစ်နေတာကိုး ။

ပြောကြပါစေ ...
ဂျပိုး ကို လိပ်ဖြစ်အောင် လုပ်နိုင်တဲ့ခေတ်ကြီးမှာ
ငါကတော့ ဒေါင်းယောင်ဆောင်တဲ့ ကျီး မဖြစ်အောင် နေတတ်သူမို့ပါ ။

ဖြေရှင်းချက် မပေးတာမဟုတ်ခဲ့ပါဘူး..
အချိန်ဆိုတာ ကျော်ဖြတ်ပြီးသွားရင်
အားလုံးကို သိရှိသွားကြမှာလေ ..
ဒီ့အတွက် ငါ တကူးတက လုံ့လမစိုက်ခဲ့တာပါ ။

ကိုယ်ကျင့်တရားကို မြတ်နိုးတာ၊ တန်ဖိုးထားတယ်ဆိုတာ
ငါ့အတွက် ပါးစပ်ဖျားမဟုတ်ခဲ့တော့လည်း
ငါ ယုံကြည်ရာ ငါ့ နှလုံးသားမှာပဲပေါ့လေ ။

ဒီလိုပါပဲ .. ငါကတော့
မေတ္တာကို မိုး .. စေတနာကို စီး ပြီး
ငါ့လမ်း ငါ ဆက်လျှောက်သွားရုံလေးပါ ။


ထရီဆာ (Teresa)


Sunday, June 23, 2013

ငါ ... ငါ ... ငါ


မသေခင်မှာ

ဟောဒီ “ငါ”

ကဗျာတစ်ပုဒ် ရေးခဲ့မယ်။


ရေးပြန်တော့ အတွေးကျယ်

အတွေးနယ်မှာ တကယ်ဆွေး။


မပြီးမီ

ခရီးရှည် ချီတက်ရဦးမယ်

(ကွယ် ... )

အဆုံးကဝေး။             ။




ဖိုးရွှေညီမှိုင်း

Saturday, June 22, 2013

ဒဏ်ရာပြပွဲ




နှင်းတွေဝေနေပြန်တယ်။



ပင်လယ်ကဗွီးပင်အောက်

တစ်ခါက

ပြိုလဲကျခဲ့ဖူးတယ်။



အခုအခါမှာ

ဆူးများခြံရံပြီး

ဒဏ်ရာတစ်စုံတစ်ရာ ရရှိထားသော နှင်းဆီထက်

မိုးရေတွေအောက်

လဲကျနေသော စံပယ်တစ်ပွင့်သာ ဖြစ်ပါရစေတော့။



အင်္ဂတေ အုတ်တန်းလျားတွေ မရှိပါပဲ

မင်းနဲ့ငါ

မြို့တစ်မြို့ထဲ

တစ်ယောက် တစ်ကမ္ဘာ …. ။



တစ်ခါတုန်းကလိုပါပဲ

ဘ၀ရဲ့ အဓိပ္ပါယ်တွေအပေါ်

ခြေတော်တင်တုန်းပဲလား။



မမေ့ဘူး …

မမေ့သေးဘူး …

သံယောဇဉ်ဆိုတာ

ဈာပနမရှိကောင်းဘူးလေ။





ရီဇော်ဟိန်း

-------------------------------------------------------------------------


၂၀၁၃ခုနှစ်၊ဧပြီလထုတ်၊ လှိုင်းသစ်- စာပေ၊ အနုပညာနှင့် အတွေးအခေါ်မဂ္ဂဇင်း၊ အမှတ်(၁၈)၊

Friday, June 21, 2013

တစ်ခြမ်းသေ

















.
.
.
.
.
.
ဘာအခုမှ ခေါ်ခေါ်ပြောပြောလဲ

ဘ၀တစ်ခုလုံးနဲ့ ဆိုင်တဲ့အရာဆိုလို့

အိုက်တင်ကောက်ကြောင်းတွေ ဖွေးဖွေးလှုပ်

စေတနာတွေ ရေစီးကမ်းပြိုလိုက်

ကျစ်ကျစ်ဆုပ်ထားတဲ့ လက်သီးထဲမှာ

ပဉ္စလက်ဆန်မှုတွေကိုကြည့်ပြီး ကြောက်နေရ

သေချာတယ်

တစ်ဆင့်နားနဲ့ တစ်ဆင့်စကား

နှိပ်ကွပ်လိုက် အခန်းဆက်က

မှန်တဲ့သူက မှန်ကုန်ပြီ။




ချောမွှေး

2013 ခုနှစ်၊ ဇွန်လ၊ ကလျာမဂ္ဂဇင်း

Thursday, June 6, 2013

ချန်ထားခဲ့တဲ့ ကဗျာ

ကဗျာဆရာ ရီဇော်ဟိန်းရဲ့ ရေးပြီးခဲ့သော၊ ရေးလက်စ .. စာမူအဟောင်းတွေထဲက တစ်ပုဒ်ပါ။ လွန်ခဲ့တဲ့ (၂) နှစ်က သူရေးခဲ့တာလေးကို ပြန်ရှာတွေ့လို့ လက်ရေးမူနဲ့တကွ တင်ပေးလိုက်ပါတယ်။
.
 
.

ဖုန်း

ဟကောင် သူရနီ
ငါပါကွ
မင်းနဲ့ လူကြုံထည့်ပေးလိုက်တဲ့
ငါ့ကဗျာတွေ
မဂ္ဂဇင်းတိုက်တွေဆီ ပို့ပြီးပြီလား
.....    ......
ဘာ !! စန်းယု  ဟုတ်လား
အဲဒီ့ကောင် ကမ်းဝေးနေတယ်
ကမ်းနီးအောင် ဘာလုပ်မလဲတော့ မသိဘူး
.....    .....
 သြော် .. သတိုးလုလင်၊ ဇော်မင်းသန်း၊
မောင်ရင်စစ်၊ မိုးခါး၊ သိုးမိုက်
သူတို့အားလုံး သက်သာပါတယ်
ဖုန်းချလိုက်တော့မယ်ကွာ
မင်းက အလကားပြောနေရတာ
ငါက မြန်မာငွေနဲ့ ပြောနေရတာကွ
ဟ ... ဟကောင် နေဦး
အခုစကားပြောနေတာ
ငါပါကွ .. စန်းယု။                ။


ရီဇော်ဟိန်း
၁၇. ၆. ၂၀၁၁





Monday, May 27, 2013

စိတ်နှစ်ကိုယ်ခွဲ

.
လမ်းမှာ...
သားကြီးကို မူကြိုပို့နေရင်း
သားငယ်လေးကို (ရေချိုး အ၀တ်အစားလဲပေးတယ်) ။
အိမ်မှာ...
သားငယ်လေးကို နို့ဗူးတိုက်နေရင်း
သားကြီးကို (ကစားကွင်းတွေလိုက်ပို့တယ်) ။
စီးပွားရေး သင်္ဘောကြီးကို
အိမ်သူသက်ထား ခုတ်မောင်းနေတုန်း ။  ။


.
.
စည်သူဝင်းထွဋ်

Saturday, May 25, 2013

အခြားတစ်ဖက် များ

ထပ်တူမကျခြင်းကို အငြင်းမပွားဘဲ ငြင်းဆိုကြောင်း
သံပြိုင် သူတို့ ဟစ်ကြွေးခဲ့ပါတယ်
ဘာသာရပ်တိုင်းမှာ သူတို့ ထူးချွန်ကြတယ်
( မြန်မာ့ ရိုးရာ ခြင်းလုံးပညာ
တစ်မိနစ်မှာ ရစ်နွယ် ဘယ်လောက်ခတ်မယ်
Gennis မှာ စံချိန်တင်ဖို့တော့ မတွေးနိုင်သေးဘူး )
ကိုယ့်ဒူးကိုယ်ချွန် မိဘမဲ့ကျောင်းထွက်တွေ
တစ်ဘ၀လုံးကို တစ်ခါသုံးလို ခြေမွခဲ့တာလား
မင်းတို့နဲ့ မတူရင် မင်းတို့ ရန်သူ
အရိုးစွဲသင်ယူမှုအောက်မှာ ဘ၀ဟာ ကြေးမများဘူး
connection ကောင်းသော်လည်း လိပ်စာမမှန်တော့ ရွာလည်ပါသည် ။
ရွာလည်ခဲ့တာ လွယ်ရာကို ရွယ်လာလို့လား
အလ္လာပ္ပ သလ္လာပ္ပ connection တွေကို ရေချိုးသလို သုံးစွဲ
သူတို့ထူးချွန်ပုံလေးက ပြောစမှတ်တွင်တယ်
မောင်ရတနာတစ်ယောက် ကျောက်တူးရင်း
ဟိုး အ၀ီစိတွင်းထဲက ရတနာ စိန်ကျောက်တွေကို
ဆင်းပြီး စစ်ဆေးနေတာ အခုထိ မပြီးသေးဘူး
အဲဒီလို တက်ရဲ ၊ ဆင်းရဲ ...
မြင်သမျှတွေဟာ ကဗျာ ဖြစ်နေတာမို့
ကဗျာအဖြစ်မှ လျှောကျဖို့ မြင်နေရပါတယ် ။

ငြိမ်းစိုးဦး
သိတတ်လို့ တတ်သိပြီး သတ္တိတွေတိုးကာ
ငြိမ်းချမ်းမှုများ စိုးမိုးလျက် ပညာဖြင့် ဦးဆောင်နိုင်ကြပါစေ ...
( May ; 16 ; 2013 )

ပဉ္စလက်မြို့


လပွတ္တာပဲ ခေါ်ခေါ်
ထန်းပင်ရေကျော်ပဲ ပြောပြော
(ကျွန်တော်ချစ်တဲ့) တောမြို့လေး
ရွေးမြစ်ဘေးမှာ ရှိ
နွေပူ ဖုန်ထ
မိုးကျဗွက်ပေါက်
ဆောင်းရောက် တုန်ချမ်း
ရေကြမ်း မြေကြမ်း
မူကြမ်း လူကြမ်း
ရမ်းချင်သလို ရမ်း
စမ်းချင်သလို စမ်း
ဝမ်းမနည်းတတ်တဲ့မြို့

စပါးလည်း မသွက်
ဆားလည်းပျက်
ငါးလည်းမပွက်
ကွဲအက်သွားခဲ့ စီးပွား
မျှော်လင့်ချက်တွေ မှုံဝါး
အရာရာချိနဲ့ သွားပေမယ့်
မညည်းတွားတတ်တဲ့ မြို့
မီးဘေး
ရေဘေး
မင်းဘေး
…… ဘေး
နာဂစ်လား
အားလုံးအေးဆေး
ကျွန်တော်တို့ မြို့လေးက အဲဒီလို
အလျှားလိုက် ဖြန့်ကျက်
ဒေါင်လိုက် ဆန့်ထွက်
သူ့စည်းချက်နဲ့သူ
ပုဝါမကူ
ရေမရှူကြေး
သွေးအေးလွန်းတဲ့ မြို့
``ကိုဒေါင်း´´ ရဲ့ အဖ
``ငဘ´´ ရဲ့ ဖန်တီးရှင်
ဆရာမောင်ထင်ရဲ့ ချက်မြှုပ်
လက်လှုပ်လက်စား
ပါးစပ်လှုပ် ပါးစပ်စား
ဘာမှ မလုပ်ပဲ ထိုင်စား
ကြီးပွားချင်တိုင်း ကြီးပွား
မြို့ဖိ မြို့ဖွ များနဲ့
လူတန်းစား စုံတဲ့ မြို့
အကြော်ဆိုင်
အဖျော်ဆိုင်
ကဇော်ဆိုင်
အဖေါ်ဆိုင်
မြိုင်မြိုင် ဆိုင်ဆိုင်
မြို့လေးမှာ ပိုင်ထား
လူစုံ မူစုံ
အယူုအကုန်ရှိ
တူတာတွေလည်း သိ
မတူတာတွေလည်း ညှိ
ပကတိအတိုင်း
သူ့သိုင်းကွက်နှင့်သူ  `က´
ဂျုံးဂျုံးကျပေမယ့်
ကုန်းရုန်းထရင်း
ပြုံးပြုံးပြတဲ့မြို့

လေအထန်
ရေအဆန်ပေမယ့်
အလံမလှဲ
အံခဲ မာန်တင်း
ငြင်းချင်တိုင်း ငြင်း
ညှင်းချင်တိုင်း ညှင်း
မညင်းတတ်တဲ့ မြို့
မြို့ဟောင်း မြို့သစ်
ဘယ်လိုပဲ ဖြစ်ဖြစ်
ကျွန်တော်ချစ်တဲ့ မြို့လေး
လရောင်ဖွေးဖွေး
လေပြေအေးအေး
ရွေးမြစ်နံဘေးမှာ
ထာဝရ ရှိနေမှာပါ ?


ဗိုရဲ
.
.

Wednesday, April 24, 2013

မြစ်ဆုံ









လောကကြီးဟာ ပျော်စရာလား၊ ကြောက်စရာလား
လွမ်းစရာလား၊ ကြည်နူးစရာလား၊ မုန်းစရာလား
မလိမ်ဘူး လို့ ညာပြောနေကြ။

လောကကြီးနဲ့ ကျွန်တော် မျက်နှာချင်းဆိုင်အတွေ့
လောကကြီး အိုဇုံးလွှာပေါက်ပြီး
ကမ္ဘာကြီး ပူနွေးလာပြီ
ခရမ်းလွန်ရောင်ခြည်တွေ ထွက်လာပြီ
မုန်တိုင်းကြီးတွေ တိုက်နေပြီ
ငလျှင်ကြီးတွေ လှုပ်နေပြီ
ဒီရေလှိုင်းတွေ ကြီးသည်ထက်ကြီးလာနေပြီ
မီးတောင်ကြီးတွေ ပေါက်ကွဲကုန်ပြီ
သဘာဝကြီး ပျက်စီးသွားပြီတဲ့
လောကကြီး မျက်ရည်ဖြိုင်ဖြိုင်ကျပြီး
ကျွန်တော့်ကို ပြုံးပြုံးကြီး စိုက်ကြည့်နေတယ်
ကျွန်တော်လည်း ကိုယ့် ကိုယ်ကိုယ် ငုံ့ကြည့်လိုက်တော့
ကျွန်တော့် ရင်ထဲမှာ မြစ်ဆုံ
လောဘ၊ ဒေါသ အမြစ်တွေဆုံပြီး
ပွေလိမ်ရှုပ်လို့…
လောကကြီး မြင်သွားပြီ ထင်ပါရဲ့
ကျွန်တော် ရှက်လိုက်တာဗျာ။       


မောင်ရွှေရိုး

ကျကျန်ခဲ့တဲ့ သက္ကရာဇ်


ငါးတစ်ကောင်ရဲ့ ရိုးသားမှုနဲ့

မြုံးထဲကို တိုးဝင်လိုက်ရသလို

ယုန်တစ်ကောင်ရဲ့ အပြန်လမ်းကလည်း

ဝိဥာည်နုတ် ပိုက်ကွန်တွေ အဆင့်ဆင့်

ကိုယ်တိုင်မွေးမြူထားတဲ့ ကိုယ်ချင်းစာတရားနဲ့

လေးဘက်လေးတန် မွန်ကြပ်ပိတ်လှောင်ထားလည်း

မုတ်ကောင်တိုင်း ပုလဲ ဖြစ်ခွင့်ရှိတယ်

သဘာဝက မှားယွင်းတာလား

ကံကြမ္မာကပဲ လွဲချော်တာလား

ခက်ခဲကြမ်းတမ်းတဲ့ ဘဝ

ဖြစ်သလို အစာရေစာနဲ့ နာရီတွေကို နင်းတက်ခဲ့ရ

မြုံး  ပိုက်ကွန် ချော့မြူချောက်လှန့်

မာယာတွေ ကြားထဲ

လွတ်လပ်မှုဆိုတာ

တချို့ တချို့တွေ လက်လွတ်ခဲ့ရတယ်။         ။





















 မောင်ရင်စစ်


Tuesday, April 9, 2013

တန်ခူး

ပိတောက်က ပါဝင်ပတ်သက်ခြင်း မရှိပေမယ်

အရိုးပြိုင်းပြိုင်းထနေတဲ့ ငုပင်ကတော့

ရွက်သစ်ထက်အရင် ဖူးပွင့်ပြခဲ့

သည်းခြေပျက် ရူးသွတ်စွာ လမ်းမ

တံလျှပ်ခိုး တဝေေ၀နဲ့

ငါတို့ ဒီတန်ခူးကို ဘယ်လို ခုခံ ကာကွယ်ကြဦးမလဲ။        ။

 မိုးခါး

.
.

Thursday, April 4, 2013

မီးတောက်နေတဲ့ ကမ္ဘာ



.
 
စိတ်အိုက်တယ်
စိတ်လိုလက်ရ လမ်းလျှောက်ဖြစ်တယ်။
ကောလဟာလထူတဲ့အရပ်မှာ
အထင်ကြီးစိတ်နဲ့ လိုရာဆွဲတွေးဝါဒ
ရိုးသားမှုကို အပြစ်ရှာနေတာ မရိုးသားလို့ပဲ မဟုတ်လား
မရိုးသားလို့ အပြစ်ရှာနေတာ ရိုးသားမှုပဲ မဟုတ်လား
လက်တို့ပြီး သတင်းမေးနေရတယ်။

အပစ်အခတ် မရပ်သေးတဲ့ စစ်ပွဲတွေရပ်ဖို့
အသက်ပေါင်းများစွာကယ်ဖို့ စုပေါင်းအား လိုတယ်။

(ကမ္ဘာ့အရေး တစ်ကမ္ဘာလုံးနဲ့ ဆိုင်တယ် မဟုတ်လား)
လူတော်တွေ များတဲ့ခေတ်မှာ
ကျွန်တော်
ဝဋ်ဒုက္ခများစွာနဲ့ လက်ဝှေ့ထိုးတယ်
လက်ခုပ်သံတွေထဲမှာ ရင်ခုန်သံတွေပါတယ်
လျှံတက်လာတဲ့ အားပေးမှုဟာ
နားထောင်လွယ်သော ဗုံသံလား
ဘ၀ဆိုတာ မတ်တပ်ရပ်လိုက် ချော်လဲလိုက်
အဲသလို ….
ဖြစ်နေတယ်။                  


(ချောမွှေး)



Flag Counter