STARTING OUR WEBSITE
Published at 1st. JANUARY. 2013
Showing posts with label ဘာသာပြန်. Show all posts
Showing posts with label ဘာသာပြန်. Show all posts

Sunday, July 28, 2013

ဖိလစ်ပိုင်နိုင်ငံမှ ကဗျာဆရာမ စာရေးဆရာမ “ဂျင်းန်ဗီး အယ်လ် အာစန်ဂျို”


 :: photo by Ariel Manuel ::

ဖိလစ်ပိုင်နိုင်ငံမှ ကဗျာဆရာမ စာရေးဆရာမ “ဂျင်းန်ဗီး အယ်လ် အာစန်ဂျို”
(မှတ်ချက်။ ။ ကြုံတွေ့ခဲ့တဲ့ ကဗျာဆရာတွေနဲ့ တွေ့ဆုံမေးမြန်းမှုနဲ့ သူတို့ရဲ့ လက်ရာအချို့ကို ဆက်လက်တင်ပြသွားပါမယ်။ မကြာခင်ကတော့ အီရတ်က “ဂူလာလာနိုရိ” နဲ့ နယူးဇီလန်က “ဂျက်ဖရီ ပါပရိုရာ ဟိုးလ်မန်း” တို့အကြောင်းကို ရေးသားခဲ့ပါတယ်။ အခုလို မိတ်ဆက်ပေးသွားမယ့် ကဗျာဆရာတွေ အားလုံးဟာ ဆုရသူတွေ၊ အကောင်းဆုံးတွေ၊ နာမည်အကြီးဆုံးတွေ ဟုတ်ချင်မှ ဟုတ်ကြပါမယ်။ ဟုတ်ရင်လည်း ဟုတ်ကြပါမယ်။
သေချာတာကတော့ သူတို့ဟာ သူတို့ရဲ့နိုင်ငံမှာ လက်တလော ကဗျာရေးသားနေဆဲ ယနေ့ခေတ် ကဗျာဆရာများ ဖြစ်ကြပါတယ်။ အခြားနိုင်ငံတွေရဲ့ ယနေ့ခေတ် ကဗျာလောကထဲမှာ သူလိုကိုယ်လို ရေးသားနေသူတို့ရဲ့ ဘဝ၊ ပြောပြချက်တွေနဲ့ လက်ရာတွေကို မိမိဘာသာ တစေ့တစောင်း ကြည့်ချင်လို့ လက်လှမ်းမီသလောက် မေးကြည့်ခြင်းသာ ဖြစ်ပါတယ်။ နောက်အကြောင်းရင်းတစ်ခုကတော့ မူရင်းစာရေးသူတွေနဲ့ ဆက်သွယ်နိုင်တဲ့ အခွင့်အလမ်းရချိန်မှာ တရားဝင်ခွင့်တောင်းပြီး ဘာသာပြန်ခြင်း အလေ့အထကို နှစ်သက်လို့လည်း ဖြစ်ပါတယ်။)

ဖိလစ်ပိုင်နိုင်ငံက ကဗျာဆရာမ၊ စာရေးဆရာမ၊ ဘာသာပြန်သူ တစ်ဦးဖြစ်တဲ့ ဂျင်းန်ဗီး အယ်လ် အာစန်ဂျို (Genevieve L. ASENJO)  ဟာ ကျေးလက်ဒေမှာ မွေးဖွားကြီးပြင်းခဲ့ပြီး ကဗျာကို ငယ်စဉ်ကတည်းက ယဉ်ပါးခဲ့ပါတယ်။ သူတို့ဆီက ကျေးလက်လူထုထဲမှာ ကဗျာစပ်ခြင်းနဲ့ ကဗျာရွတ်ခြင်းဆိုတာဟာ ရင်းနှီးကျွမ်းဝင်ပြီးသား အလေ့အထတစ်ခုဖြစ်တယ်လို့ ကျွန်မကို ပြောပြခဲ့ပါတယ်။ ကျေးလက် လူမှုရေး အခမ်းအနားတွေမှာ အမျိုးသား အမျိုးသမီးတွေဟာ လက်တန်း ကဗျာတွေကို အပြိုင်အဆိုင် ရွတ်ဆိုလေ့ရှိကြတဲ့ ဓလေ့ရှိတဲ့အကြောင်း သူက ကျွန်မကို ပြောပြပါတယ်။ ဒီလိုဓလေ့မျိုးဟာ ကျွန်မတို့ မြန်မာနိုင်ငံက ကျေးလက်ဒေသတွေနဲ့ တိုင်းရင်းသားအချို့မှာလည်း ရှိကြတယ်ဆိုတာ မှတ်သားဖူးတာမို့ ဗဟုသုတချင်း ဖလှယ်ဖြစ်ခဲ့ကြပါသေးတယ်။ 

ဂျင်းန်ရဲ့ စိတ်ဝင်စားဖို့အကောင်းဆုံး အချက်ကတော့ ကဗျာက သူ့ဘဝကို မြှင့်တင်ပေးပြီး အဆင့်အတန်းရှိတဲ့ အလုပ်အကိုင်တစ်ခုကိုပါ ဖန်တီးပေးခဲ့တယ် ဆိုတာပါပဲ။ သူ့ရဲ့ ကဗျာတွေကို တက္ကသိုလ်က နှစ်သက်သဘောကျတဲ့အတွက် သူဟာ တက္ကသိုလ်ဆရာမတစ်ဦး အဖြစ် အလုပ်ရခဲ့ပါတယ်။ သူ့ရဲ့ ကိုယ်ရေးရာဇဝင် အကျဉ်းချုပ်၊ သူ့ကို မေးမြန်းခဲ့တဲ့ အင်တာဗျူးနဲ့ သူ့ရဲ့ ထင်ရှားတဲ့ ကဗျာနှစ်ပုဒ်ကို မိတ်ဆက် တင်ပြလိုက်ပါတယ်။ အင်တာဗျူးကတော့ အိုင်အိုဝါတက္ကသိုလ် International Writing Program(IWP) မှာ ဆုံတွေ့ခဲ့တဲ့အခိုက် ဘော့စဝါနာက အာဖရိကန်ကဗျာဆရာမ တီဂျေဒီးမားနဲ့ ပန်ဒိုရာတို့က မေးမြန်းခဲ့တာဖြစ်ပါတယ်။ 

ဂျင်းန် ဟာ စာအုပ် ၄ အုပ် ရေးသားထုတ်ဝေခဲ့ပြီး ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်မှာ ဖိလစ်ပိုင်နိုင်ငံရဲ့ အမျိုးသား စာအုပ်ဆု (National Book Award) ကို ချီးမြှင့်ခံခဲ့ရပါတယ်။ သူ့ရဲ့ ဝတ္ထုတိုတွေနဲ့ ကဗျာတွေဟာ မဂ္ဂဇင်းတွေမှာ၊ စုစည်းမှုတွေမှာ ဖော်ပြခံရပါတယ်။ ဂျင်းန် ဟာ ဖိလစ်ပိုင်ရဲ့ ဘာသာစကားတွေဖြစ်တဲ့ ကီနာရေ-အ၊ ဟီလီဂေနွန်နဲ့ ဖလစ်ပီနို ဘာသာတွေကို ဘာသာပြန်ဆိုပါတယ်။ Balay Sugidanun (Storytelling House) ရဲ့ တည်ထောင်သူဒါရိုက်တာတစ်ဦးလည်း ဖြစ်ပါတယ်။ De La Salle University-Manila ရဲ့ စာပေနဲ့တီထွင်ဖန်တီးစာရေးသားခြင်း ဌာနမှာ လက်ထောက်ပါမောက္ခတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်နေပါတယ်။

မေး။    ။ဆရာမက စာရေးဆရာလည်းဖြစ်တယ် တက္ကသိုလ်ဆရာမ တစ်ယောက်လည်း ဖြစ်တယ် ဆိုတော့ ဘယ်အသက်မွေးဝမ်းကျောင်းကို အရင် စလုပ်ဖြစ်တာပါပဲ။ ဘယ်လိုများ လုပ်ခဲ့ပါသလဲ။
ဖြေ။     ။ကျွန်မ တက္ကသိုလ်ဆရာမ ဖြစ်လာရတာက စာရေးဆရာတစ်ယောက်မို့လို့ပါ။ ကျွန်မ ဆက်ပြီး စာရေးဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တက္ကသိုလ်အတွက်ရော တက္ကသိုလ်ထဲမှာပါ လူထုနဲ့ ဆက်သွယ်မှုတွေ သုတေသနတွေ လုပ်ရလို့ပါ။ အလုပ်ရဖို့၊ အလုပ်သက်တမ်းတိုးဖို့၊ ရာထူးတက်ဖို့နဲ့ အမြဲခန့်ရာထူးကို ရဖို့ စာရေးသားထုတ်ဝေဖို့ လိုပါတယ်။ ဒါကြောင့် တချို့ အခြေအနေတွေက လွဲလို့ ကျွန်မဟာ ကိုယ်လုပ်ချင်တဲ့ အလုပ်ကို လုပ်နေရတယ်လို့ ခံစားရပါတယ်။ ကျောင်းအလုပ်တွေနဲ့ ပင်ပန်းနေတဲ့အခါမှာတော့ စာရေးဖို့ လိုအပ်တဲ့ အာရုံစူးစိုက်မှုအတွက် အချိန်ပေးရတာ အားမွေးရတာ သိပ်ကို ခက်ခဲပါတယ်။

မေး။    ။ဘာကြောင့် ဘယ်သူ့အတွက် ဆရာမ စာရေးပါသလဲ။
ဖြေ။     ။ ကျွန်မ စာတွေကို အတိတ်မှတ်တမ်းနဲ့ အနာဂတ်အမြင်အဖြစ် ရေးပါတယ်။ ဒါကြောင့်မို့ စာရေးခြင်းဆိုတာ ကျွန်မအတွက် အဓိပ္ပာယ်ရှိပြီး ထင်ရှားတဲ့ အတိတ်က ဇာတ်လမ်းတွေကို မှတ်မိခြင်းနဲ့ အဓိပ္ပာယ်ဖော်ခြင်း လုပ်ရပ်တစ်ခုဖြစ်ပါတယ်။ ဥပမာ ငယ်ဘဝ၊ ဒေသရဲ့သမိုင်းတွေ၊ နေရာတွေ လိုမျိုးပေါ့။ ဒီတော့ ဒါတွေဟာ အဆက်မပြတ်ဖြစ်လာပြီး ကျွန်မတို့ဟာ အတွေးတွေ အပြုအမူတွေရဲ့ ပုံစံကို ခြေရာခံနိုင်မယ်။ ခေတ်ပြိုင် စာဖတ်သူတွေကလည်း အဲဒီလို သတိရခြင်းတွေမှာ ပါဝင်လာနိုင်မယ် ဒါမှမဟုတ် တူညီတဲ့ ဘာသာစကားနဲ့ အမှတ်တရတွေကတဆင့် လူ့အဖွဲ့အစည်းတွေဟာ ရှေ့ဆက်လာမယ်လို့ မျှော်လင့်ပါတယ်။  အနာဂတ်အမြင်လို့ ပြောရခြင်းကတော့ ရသစာပေဆိုတာက ဥပမာအားဖြင့် ဖြစ်နိုင်ခြေရဲ့ ပြဇာတ်တစ်ပုဒ်ပါ။ သတိရတာနဲ့ မေ့လျော့တာချည်းပဲ မဟုတ်ပါ။ ဘာဖြစ်နိုင်ခြေဆိုတာဟာ အနည်းနဲ့အများ အတိတ်နဲ့ ပစ္စုပ္ပာန်ကို အသေအချာ နားလည်ခြင်းအပေါ် အခြေခံပါတယ်။ 

မေး။    ။ဆရာမဟာ International Writing Program ကို ဘယ်လိုရောက်လာခဲ့ပါသလဲ။
ဖြေ။     ။မနီလာက အမေရိကန်သံရုံးရဲ့ ယဉ်ကျေးမှုဌာနက facebook မှာ ဒီအစီအစဉ်အတွက် အမည်တင်သွင်းဖို့ လျှောက်လွှာတွေ လက်ခံနေတယ်ဆိုတာ ရေးထားပါတယ်။ ကျွန်မရဲ့ ကိုယ်ရေးရာဇဝင်နဲ့ စာအုပ်မိတ္တူတွေကို ပို့လိုက်ပါတယ်။ ဧပြီလထဲမှာ ကျွန်မကို လက်ခံကြောင်း အတည်ပြုချက်ကို အီလက်ထရွန်းနစ်စာနဲ့ ရခဲ့ပါတယ်။ မေလ နောက်ဆုံးပတ်မှာတော့ လက်ခံစာ ရောက်လာပါတယ်။

မေး။    ။ဒီအစီအစဉ် မှာ ဘယ်လိုတွေ ပါဝင်ဖို့ စိတ်ကူးကြံစည် ထားခဲ့ပါသလဲ။ တကယ့်တကယ် အိုင်အိုဝါကို ရောက်လာတော့ ဘာတွေလုပ်ဖြစ်ပါသလဲ။
ဖြေ။     ။ စာအုပ်၂ အုပ်ကို တည်းဖြတ်နေပါတယ်။ ပထမတစ်အုပ်ကတော့ ကျွန်မရဲ့ မိခင်ဘာသာစကားဖြစ်တဲ့ ကီနာရေ-အ ဘာသာနဲ့ရေးထားတဲ့ ဒုတိယမြောက် ကဗျာစုစည်းမှုစာအုပ်ပါ။ နယူးဂျာဆီမှာ လတ်တလောနေထိုင်တဲ့ ရေးဖော်ရေးဖက် ကဗျာဆရာတစ်ယောက်က အင်္ဂလိပ်လို ပြန်ဆိုပေးထားပါတယ်။ အိုင်အိုဝါတက္ကသိုလ်က ကျောင်းသား၂ ယောက် ဟာ အခု အဲဒါကို ဖတ်နေကြပါတယ်။ တစ်ယောက်က ကဗျာအထူးပြုနဲ့ သင်ကြားနေတဲ့ စီနီယာကျောင်းသားပါ။ နောက်တစ်ယောက်က နိုင်ငံတကာ ဘာသာပြန်အတန်းမှာ တက်ရောက်နေပါတယ်။ နောက်တစ်အုပ်ကတော့  “လက်တွဲဖော် မဂါကူဝန်တို” လို့ အမည်ရတဲ့ စုစည်းမှုပါ။  ဖလစ်ပီနို ဘာသာနဲ့ ဝတ္ထု ၇ ပုဒ်ကို စုစည်းထားပါတယ်။

မေး။    ။ ဆရာမနေထိုင်တဲ့ ဖိလစ်ပိုင်ရဲ့ စာပေမြင်ကွင်းကို ပြောပြနိုင်မလား
ဖြေ။     ။ ဖိလစ်ပိုင်ရဲ့ စာပေမြင်ကွင်းဟာ စိတ်လှုပ်ရှားစရာလည်းကောင်း စိန်ခေါ်မှုတွေနဲ့လည်း ပြည့်နှက်နေတယ်လို့ ကျွန်မယုံကြည်ပါတယ်။ ပြီးခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုအတွင်းမှာ ဘာသာစကားပေါင်းစုံ တိုးတက်လာတာကို တွေ့ရပြီး မြို့တော် မနီလာအပြင် တခြားဒေသတွေမှာလည်း စာပေထုတ်ဝေမှုတွေ တိုးတက်လာတာကိုလည်း တွေ့ရပါတယ်။  အဲဒီမှာ ယဉ်ကျေးမှုနဲ့ အနုပညာ ကော်မတီ၊ အမျိုးသား စာအုပ်စာပေ ဖွံ့ဖြိုးတိုးတက်ရေး ဘုတ်အဖွဲ့ တို့ကတဆင့် အစိုးရက ပံ့ပိုးပေးတဲ့ ထောက်ပံ့ကြေးတွေ၊ စာပေပြိုင်ပွဲတွေလည်းရှိပါတယ်။ နိုင်ငံရဲ့ အရှည်ကြာဆုံးနဲ့ ဂုဏ်သိက္ခာအကြီးမားဆုံးလို့ အသိအမှတ်ပြုခံရတဲ့ ဒွန်ကာလိုပလန်စာ စာပေအမှတ်တရ ဆုချီးမြှင့်ရေးအဖွဲ့လို ပုဂ္ဂလိက အဖွဲ့တွေနဲ့၊ ဖိလစ်ပိုင် ဂရပ်ဖစ်၊ ဖိလစ်ပိုင် စာပေလွတ်လပ်ခွင့် စတဲ့ မဂ္ဂဇင်းတွေက ပံ့ပိုးပေးတာလည်းရှိပါတယ်။ အီလက်ထရွန်းနစ် ထုတ်ဝေရေးကလည်း အခုအချိန်မှာ အရှိန်ကောင်းလာပါပြီ။ ဘာသာစကားနဲ့ နိုင်ငံရေးယုံကြည်မှုအရ စုစည်းထားတဲ့ စာပေအဖွဲ့တွေ အများကြီးရှိပါတယ်။ ကလေးစာအုပ် ထုတ်ဝေမှုကလည်း အလွန် သက်ဝင်လှုပ်ရှားနေပြီး ဘာသာစကားမျိုးစုံနဲ့ ထွက်ပေါ်နေပါတယ်။ အထူးသခြင့် ပညာရေးဌာနရဲ့ တာဝန်တစ်ခုဖြစ်တဲ့ မိခင်ဘာသာစကား အခြေခံတဲ့ ဘာသာစကားပေါင်းစုံ ပညာရေး အကောင်အထည်ဖော်မှု ကြောင့်လည်း ဖြစ်ပါတယ်။

မေး။    ။  ဆရာမတို့နိုင်ငံမှာ စာပေပွဲတော်တွေ ဘယ်လောက် မကြာခဏ ကျင်းပပါသလဲ။ ဘာတွေကို အဓိကထားပြီး ကျင်းပလေ့ရှိပါသလဲ။ ဥပမာ ကဗျာ၊ သုတ၊ အထွေထွေအနုပညာ စသည်ဖြင့်ပေါ့။
ဖြေ။     ။ကျွန်မတို့မှာ မနီလာ နိုင်ငံတကာ လူငယ် စာပေပွဲတော်ရှိပါတယ်။ စာပေပုံစံမျိုးစုံကို ကိုယ်စားပြုအောင် ကြိုးစားနေပြီး ဂျူနိုဒီယာ့ဇ်(Junot Diaz ) တို့လို စာရေးဆရာတွေကို ခေါ်ဆောင်လာပါတယ်။ ဖေဖေါ်ဝါရီလတိုင်းမှာတော့ အစိုးရက ပံ့ပိုးပေးတဲ့ TABOAN ပွဲတော်လည်းရှိပါတယ်။ အဲဒီပွဲက တစ်နိုင်လုံးမှာရှိတဲ့ လူငယ်စာရေးဆရာတွေကို စုဆုံစေပြီး နိုင်ငံတကာ စာရေးဆရာတွေကိုလည်း ဖိတ်ခေါ်တဲ့ ကဏ္ဍတွေ ပါပါတယ်။

မေး။    ။ဆရာမတို့နိုင်ငံမှာ ကဗျာကို ကျယ်ကျယ်လောင်လောင် အသံထွက်ပြီး ဖတ်လေ့၊ ရွတ်ဆိုလေ့၊သရုပ်ဖော်လေ့ ရှိကြပါသလား။ ရှိခဲ့တယ်ဆိုရင် အဲဒါဟာ ခေတ်ပြိုင်လှုပ်ရှားမှု တစ်ရပ်လား၊ ယဉ်ကျေးမှု ထုံးတမ်းစဉ်လာမှာ ပါခဲ့လို့ ဆက်ရွတ်နေကြတာလား။
ဖြေ။     ။ ဟုတ်ကဲ့။ ကျွန်မတို့ဆီမှာ အထူးသဖြင့် ရဲရင့်တဲ့ လူငယ်ကဗျာဆရာတွေ ပါဝင်ကြတဲ့ ကဗျာရွတ်ပွဲတွေကို ဘားတွေမှာ ကျင်းပကြတာရှိပါတယ်။ ပေါ်ပြူလာအဖြစ်ဆုံး ပွဲတွေကတော့ “ပျော်ရွှင်စရာ တနင်္လာ” လို့ အမည်ရတဲ့ ပွဲတွေပါ။ ကျွန်မတို့မှာ ခိုင်မာတဲ့ အသံထွက်ရွတ်ဆိုမှု ဓလေ့ထုံးတမ်းရှိပါတယ်။ ကဗျာရွတ်ဖတ်တာအပြင် “ဘလာဂါတစန်” လို့ခေါ်တဲ့ ကဗျာရွတ်ပြိုင်ပွဲ ရှိပါတယ်။ အခုအချိန်မှာ အဲဒါ ဟာ ပြန်ခေတ်စားနေပါတယ်။ ကျွန်မဟာ အဲဒါတွေကို သင်ကြားနေပြီး ဝက်ဘ်ဆိုက်မှာ ကျွန်မရဲ့ ကျောင်းသားတွေရဲ့ ထူးချွန်တဲ့ လက်ရာတွေကို တင်ထားပါတယ်။ အခုအချိန်အထိတော့ အစိုးရရဲ့ K-12 အစီအစဉ်က ဘလာဂါတစန်ဟာ ပေါ်ပြူလာအဖြစ်ဆုံး ပို့စ်ဖြစ်ပြီး တုံ့ပြန်မှုတွေလည်း အများဆုံးရထားပါတယ်။

မေး။    ။ဆရာမက ဘယ်ဘာသာစကားတွေနဲ့  စာရေးသားပါသလဲ။
ဖြေ။     ။ ကျွန်မ ဖိလစ်ပိုင် ဘာသာစကား ၃ မျိုးနဲ့ရေးပါတယ်။ မိခင်ဘာသာစကားဖြစ်တဲ့ ကီနာရေ-အ၊ ကျွန်မရဲ့ ဒေသဖြစ်တဲ့ ဖိလစ်ပိုင်တောင်ပိုင်းက အနောက်ဘက် ဝိစာရ ဒေသက ဟီလီဂေနွန် ဘာသာစကားနဲ့ ခေတ်ပြိုင်လည်းဖြစ် နိုင်ငံတော် ရုံးသုံးဘာသာစကားလည်းဖြစ်တဲ့ ဖလစ်ပီနို ဘာသာတွေနဲ့ ရေးပါတယ်။

မေး။    ။ဆရာတို့နိုင်ငံမှာ ဘာသာစကား ဘယ်နှစ်မျိုးရှိပါသလဲ။ ဘယ်နှစ်မျိုးက စာပေလက်ရာအဖြစ် တည်ရှိပါသလဲ။
ဖြေ။     ။ ဒီစာရင်းဇယားနဲ့ ပတ်သက်လို့ ပညာရှင်တွေရဲ့ စာတမ်းတွေကို ရှာကြည့်ရပါမယ်။ ဒါပေမယ့် ကျွန်မတို့မှာ ကျွန်းပေါင်း ၇၁၀၀ ကျော်ရှိတော့ ဘာသာစကားပေါင်း တစ်ရာကျော်ရှိတယ်လို့ ပြောလို့ရပါတယ်။ အဲဒီဘာသာတွေထဲမှာ ၇ ဘာသာကို အစိုးရဘာသာလို့ အသိအမှတ်ပြုထားပါတယ်။ ကီနာရေ-အ၊ ဟီလီဂေနွန်နဲ့ ဖလစ်ပီနို တွေဟာ အဲဒီအထဲမှာ ပါပါတယ်။

မေး။    ။ဆရာမရဲ့ စာပေတွေကို လွှမ်းမိုးတဲ့ စာရေးဆရာတွေဟာ ဘယ်သူတွေလဲ။ ဘယ်နိုင်ငံကပါလဲ။ အများဆုံး စာရေးဆရာ ၃ ယောက်ကို ပြောပြပါလား။
ဖြေ။     ။ ကျွန်မပြောရရင်တော့ ၁) ကျွန်မတို့ရဲ့ အမျိုးသားခေါင်းဆောင်ကြီးဖြစ်တဲ့ ဟိုဆေးရီဇော်ပါ။ သူ့ရဲ့ နာမည်ကျော် ဝတ္ထုနှစ်အုပ်ဖြစ်တဲ့ Noli Me Tangere  နဲ့ ကို El Filibusterismo ကျောင်းတွေမှာ မဖြစ်မနေသင်ဖို့ ဥပဒေနဲ့ ပြဌာန်းထားပါတယ်။ အဲဒီစာအုပ်တွေကို ကျွန်တို့က အင်္ဂလိပ်ဘာသာနဲ့ရော ဖလစ်ပီနို ဘာသာပြန်နဲ့ရော ဖတ်ကြပါတယ်။ ၂) အားနက်စ် ဟဲမင်းဝေး (Ernest Hemingway) ရဲ့ “A Clean, Well-Lighted Place” နဲ့ “Hills Like White Elephants” တို့ကို ကောလိပ်မှာ ပထမဆုံး စဖတ်ကတည်းက အလွန် လေးစားနှစ်သက်ပါတယ်။ ၃) အမျိုးသမီး စာရေးဆရာတွေထဲမှာ အစ္စဘဲ အလန်ဒီ(Isabel Allende) ကို ဖတ်ပြီး ကြီုးပြင်းလာခဲ့တာပါ။

မေး။    ။ စာဖတ်သူတွေက ဆရာမရဲ့ အရေးအသားတွေကို ဘယ်လို လွှမ်းမိုးမှုရှိပါသလဲ။
ဖြေ။     ။ ကျွန်မရဲ့ စာအုပ် ၂ အုပ်ဆီကို တုံ့ပြန်မှု အများဆုံး ရခဲ့ပါတယ်။ “Komposo ni Dandansoy (2007)” ကတော့ Palanca ဆု ချီးမြှင့်ခံခဲ့ရတဲ့ စာအုပ်ပါ။ “Turagsoy” က ရယ်စရာလည်းကောင်း ဆွဲဆောင်မှုလည်း ရှိပါတယ်။ ဒီတော့ အဲဒီစာအုပ် ၂ အုပ်လုံးကို ပရိသတ်က နှစ်သက်ကြပါတယ်။ ဒါပေမယ့် ကျွန်မ ဒီလို ထပ်ရေးလို့ မရတော့ဘူးလို့ထင်ပါတယ်။ ကျွန်မရဲ့ ဝတ္ထုရှည် Lumbay ng Dila (2010) ရဲ့ နောက်ဆုံး အခန်းတွေထဲက အိပ်မက်တွေကိုလည်း လူတွေနှစ်သက်ကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရယ်စရာကောင်းပြီး သွက်လက်လို့ပါ။ ဒီတော့ ကျွန်မဟာ ဥာဏ်ရွှင်ပြီး ရယ်စရာကောင်းတဲ့ အပိုင်းတွေကို ပိုပြီး အားထားရေးရမယ်လို့ ထင်ပါတယ်။ အဲဒီဝတ္ထုက ကျွန်မကို ညို့အားကောင်းဆွဲဆောင်မှုတွေ ရေးသားတဲ့ စာရေးဆရာလို့လည်း နာမည်တွင်စေခဲ့ပါတယ်။ အခု အပြီးသတ်နေတဲ့ ဒုတိယ ဝတ္ထုရှည်မှာတော့ ကွဲပြားခြားနားတဲ့ ဟန်နဲ့ လေသံ ကို တွေ့ရမှာပါ။

မေး။    ။ ဘာသာပြန်သူတစ်ဦး အနေနဲ့ ဘာသာပြန်တဲ့အခါ ဘာတွေပျောက်ဆုံးသွားတယ်လို့ ထင်ပါသလဲ။
ဖြေ။     ။ပျောက်ဆုံးနိုင်တာကတော့ တချို့သော ယဉ်ကျေးမှု အထူးပြု စကားလုံးတွေ၊ ဟာသတွေနဲ့ ဂီတသံတွေပါ။ ဒါပေမယ့် အဲဒါတွေကို ကိုယ့်သဘောအတိုင်း ပြန်ဆိုဖို့၊ အနီးစပ်ဆုံး ပြန်ဆိုဖို့နဲ့ ကိုယ်စားပြုဖို့ နည်းလမ်းတွေ ဒါမှမဟုတ် နည်းပညာတွေ အမြဲရှိပါတယ်။ ဘာသာပြန်ခြင်းဆိုတာ နူးညံ့သိမ်မွေ့ခြင်းရဲ့ လုပ်ဆောင်ချက် တစ်ရပ်လို့ ကျွန်မယုံကြည်ပါတယ်။ အာရုံနှစ်ခုကြားမှာ ၊ မူလရင်းမြစ်နဲ့ ရည်မှန်းတဲ့ ဘာသာစကားကြားမှာ၊ သတိရှိရှိနဲ့ ကိုယ်ချင်းစာနာစွာ သွားလာခြင်းပါ။ ဒါကြောင့် ဘာသာပြန်သူဟာ အဲဒီကမ္ဘာနှစ်ခုစလုံးကို ကျွမ်းကျင်ပိုင်နိုင်မှု ရှိရပါမယ်။ ကျွန်မဟာ မိခင်ဘာသာစကားကနေ ဖလစ်ပီနိုကို ဘာသာပြန်တဲ့အခါ ဆင်တူမှုနဲ့ ထူးခြားမှုက သယ်ဆောင်လာတဲ့ ချဲ့ထွင်မှုတွေ၊ သတိမြှင့်တင်မှုတွေ၊ သေချာအောင် ရှင်းလင်းမှုတွေ ကို အမြဲလိုလို ကြုံတွေ့ရပါတယ်။

……………

ဂျင်းန်ဟာ စကားပြေကဗျာတွေကို ရေးသားရတာ နှစ်သက်တယ်လို့ ဆိုပါတယ်။ သူ့ရဲ့ကဗျာတွေထဲက ကျွန်မတို့အတွက် ထူးခြားပြီး စိတ်ဝင်စားဖို့ကောင်းတယ်လို့ ထင်မိတဲ့ အရေးအသား ၂ ခုကို မိတ်ဆက်တင်ပြလိုက်ပါတယ်။ သူ့ကဗျာတွေဟာ ဖိလစ်ပိုင်ရဲ့ ကျေးလက်ဘဝကိုလည်း ထင်ဟပ်နေပါတယ်။ ရိုးစင်းတဲ့ အကြောင်းအရာ၊ ရှင်းလင်းတဲ့ အရေးအသားတွေထဲက စိတ်ဝင်စားစရာ အတွေးထောင့်တွေကို ခြေရာခံကြည့်လို့ရနိုင်ပါတယ်။


လျှာတစ်ချောင်းရဲ့ကြေကွဲမှု

မန်ကျည်းသီးထုပ်ကို ကျွန်မတွေ့လိုက်တဲ့အချိန်မှာ စူပါမားကက်ဟာ ကွင်းပြင်ကျယ်ကြီးတစ်ခု ဖြစ်သွားပေါ့။ ထိုင်းချဉ်စပ် ၆၉.၇၅ တဲ့။ ချိုတယ် ချဉ်တယ် ဆိုတာ ဘာအရသာလဲ ပြန်ရင်းနှီးကျွမ်းဝင်လာတယ်။

လယ်ထဲမှာရှိတဲ့ ကျွန်မအိမ်ကို ပြန်ဖို့ လေယာဉ်ပျံတစ်စီး လိုတယ်။ ဒီစူပါမားကက်ကို လာတဲ့ခရီးဟာ ကာယလေ့ကျင့်ခန်းတစ်ခု ဖြစ်တယ်။ ချိုခြင်းနဲ့ ချဉ်ခြင်းကြား အကွာအဝေးကိုတော့ ဘယ်လိုများတိုင်းတာရပါ့။

အဲဒီတုန်းက မွန်းလွဲချိန်မှာ သစ်ကိုင်းတွေပေါ်က ကျွန်မတို့နှစ်ယောက်ကြား အကွာအဝေးဟာ လက်တစ်ကမ်းသာရှိတယ်။  ဒါပေမယ့် မြေကြီးပေါ်မှာ ကြွေကျရင့်မှည့်နေတဲ့ အချိုအရသာကို မြည်းစမ်းကြည့်ဖို့ ရှင်ကတိုက်တွန်းလာတယ်။ ရှင်ကမစောင့်နိုင်တော့ဘူး။

အပင်ပေါ်က ရှင်တွယ်ဆင်းသွားတာဟာ  ခပ်လှမ်းလှမ်းအကွာအဝေးက ရက်စက်တဲ့ ပင့်ကူတိုက်ပွဲမှာ ဝင်ကစားချင်လို့ မဟုတ်လား။ ကျွန်မတော့ ဒီမန်ကျည်းသီးထုပ်ကို ဝယ်တော့မယ်။ ဒီကွင်းပြင်ကျယ်ကြီးမှာ လူစိမ်းတစ်ယောက်လို ဖြစ်နေတာက ကျွန်မလျှာကို ဝမ်းနည်းစေတယ်။

ဒီနေ့ဟာ အဲဒီမွန်းလွဲချိန်ကို ပြန်ရောက်ဖို့ သိပ်ကွာဝေးနေတဲ့ နေ့တစ်နေ့။ ဒီကွင်းပြင်ကျယ်ကြီးဟာ  လယ်ကွင်းထဲက မန်ကျည်းပင်ပေါ်က ကျွန်မတို့အတွက် အတုအယောင်ပဲ။ ဒီတော့ ချိုတယ် ချဉ်တယ် အရသာကို မြည်းစမ်းနိုင်ဖို့ ကျွန်မရဲ့လျှာ သွေးချင်းချင်းနီရင် နီပါစေတော့။

ဂျင်းန်ဗီး အယ်လ် အာစန်ဂျို


(ဖိလစ်ပိုင် ကဗျာဆရာမ၊ စာရေးဆရာမ Genevieve L. Asenjo ၏ Kasubu kang Dila
ကို Ma. Milagros Lachica-Geremia က မူရင်း Kinaray-a ဘာသာမှ အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုထားသည့် The Sadness of a Tongue ကို ပန်ဒိုရာ ဆီလျော်အောင် ဘာသာပြန်သည်။)


ကျွန်မချစ်တဲ့ ရေ ဟာ လူစိမ်းတစ်ယောက် 

ကျွန်မချစ်တဲ့ ရေ ဟာ လူစိမ်းတစ်ယောက်ပဲ။ ကျွန်မ ရေလည်းမဆာ ကြို့လည်းမထိုး။ ရွာထဲမှာဆို မြေအိုးထဲက ရေဟာ အေးစိမ့်နေတယ်။ ဂါလံပုံးထဲမှာ ရေတွင်းထဲက ရေခပ်ပြီး ဖြည့်ထားတယ်။ ဟောဒီ ကွန်ဒိုမီနီယံတိုက်ခန်းထဲမှာ ဒီ နို့တစ်စာကို ရှင် ဖတ်ကြည့်လိုက်။

ရွာမှာဆိုရင် ကျွန်မ ရေကို ပုံးနဲ့ခတ်တယ်။ နိုင်ငံရေးသမားတစ်ယောက် လှူထားတဲ့ ရေစုပ်စက်ကြောင့် တောင်လိုပုံနေတဲ့ အဝတ်တွေလည်း လျှော်လို့ပြီးတယ်။ မနီလာမြို့ လမ်းမတွေပေါ်က လျှံနေတဲ့ရေတွေကိုတော့ ကျွန်မ သိမ်းကျုံးခပ်လိုက်ချင်တယ်။

ကျွန်မတို့သောက်နေတဲ့ ရေတကောင်းဆန်ဆန် ပုလင်းထဲက ဝိုင် တွေအစား ရေနဲ့ဖြည့်လိုက်ချင်တယ်။ ရှင်က လက်ဆေးကြွေကန်ထဲ ရေကို ဇလုံတစ်လုံးနဲ့ ခပ်ပါလားလို့ ပြောတယ်။ ရှင်က ရေနည်းနည်းလောက် တောင်းတဲ့အခါ ကျွန်မက ရှင့်အာခံတွင်းထဲမှာ ရေကူးချင်နေတယ်။

ရှင့်ကို ဒီနို့တစ်စာ ဖတ်ခိုင်းလိုက်တယ်။ မနက် ရှစ်နာရီက ညနေငါးနာရီအထိ ရေပြတ်မယ် တဲ့။ ရှင်က ဒီဝိုင်ပုလင်းကို ရှင်းလိုက်ကြစို့ ဒါမှ ရေဖြည့်လို့ရမယ် လို့ပြောတယ်။ ကျွန်မတို့ဟာ ဆိုဖာပေါ်မှာ တောင်လိုပုံနေတဲ့ အဝတ်ဟောင်းတွေပေါ် လဲလျောင်းနေကြတယ်။

ရွာမှာ ကျွန်မ ရေပုံးကို ထားခဲ့ပြီ။ လမ်းထိပ်က အဝတ်လျှော်ဆိုင်မှာ လျှော်ရင် အဝတ် ၁ကီလိုကို ၃၀ ပီဆို ပေးရမယ်။   ကျွန်မ ထပြီး ဇလုံကိုဖြည့်တယ်။ သွားတိုက်တယ်။ ရှင် ကျွန်မကို နမ်းတော့ ပေါင်းခံရေနံ့ရတယ်။
မနီလာမြို့ဟာ မိုးဖွဲဖွဲအောက်မှာတောင် ရေလျှံနစ်မြုပ်တယ်။ အဲဒီရေတွေ ကျွန်မ သွားခပ်လိုက်ချင်တယ်။ အခုတော့ ရေမျက်နှာပြင်က နိမ့်နေတယ် လို့ ရေဒီယိုတွေ သတင်းစာတွေ တီဗွီတွေ အင်တာနက်တွေ၊ မက်ဆေ့ခ်ျတွေက ပြောနေတယ်။  လာမဲဆာဆည် ခန်းတော့မယ် တဲ့။

တက်တက်ပြောင်သွားတဲ့ ဝိုင်ပုလင်းကို ရှင့်ဆီက ကျွန်မယူပြီး ဘုံဘိုင်ကရေနဲ့ ဖြည့်လိုက်တယ်။ အဝတ်ဟောင်းတွေ တောင်လိုပုံနေတဲ့ ဆိုဖာဆီကို ပြန်သွားတယ်။ ။ ပြီးတော့ ရှင့်ခံတွင်းဟာ လာမဲဆာ ဆည် လို့ စိတ်ကူးယဉ်လိုက်တယ်။ ကျွန်မ အဲဒီမှာ ရေကူးတယ်။ ပြီးတော့ ပထမဆုံးအကြိမ်အဖြစ် ကျွန်မ ရေမွမ်းသွားတယ်။

ဂျင်းန်ဗီး အယ်လ် အာစန်ဂျို

(ဖိလစ်ပိုင် ကဗျာဆရာမ၊ စာရေးဆရာမ Genevieve L. Asenjo ၏ Pangayaw ang Tubig nga Akun Palangga ကို Ma. Milagros Lachica-Geremia က မူရင်း Kinaray-a ဘာသာမှ အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုထားသည့် The Water I Love is a Stranger ကို ပန်ဒိုရာ ဆီလျော်အောင် ဘာသာပြန်သည်။)



ပန်ဒိုရာ
၂၇.၇.၂၀၀၃
.
.

Wednesday, February 20, 2013

နယူးဇီလန်မှ ကဗျာဆရာ စာရေးဆရာ ဂျက်ဖရီ ပါပရိုရာ ဟိုးလ်မန်း

.
.
(မှတ်ချက်။ ။ ကြုံတွေ့ခဲ့တဲ့ ကဗျာဆရာတွေနဲ့ တွေ့ဆုံမေးမြန်းမှုနဲ့ သူတို့ရဲ့ လက်ရာအချို့ကို ဆက်လက်တင်ပြသွားပါမယ်။ မကြာခင်ကတော့ အီရတ်က ကဗျာဆရာမ “ဂူလာလာနိုရိ” အကြောင်းကို ရေးသားခဲ့ပါတယ်။ အခုလို မိတ်ဆက်ပေးသွားမယ့် ကဗျာဆရာတွေ အားလုံးဟာ ဆုရသူတွေ၊ အကောင်းဆုံးတွေ၊ နာမည်အကြီးဆုံးတွေ ဟုတ်ချင်မှ ဟုတ်ကြပါမယ်။ ဟုတ်ရင်လည်း ဟုတ်ကြပါမယ်။ သေချာတာကတော့ သူတို့ဟာ သူတို့ရဲ့နိုင်ငံမှာ လက်တလော ကဗျာရေးသားနေဆဲ ယနေ့ခေတ် ကဗျာဆရာများ ဖြစ်ကြပါတယ်။ အခြားနိုင်ငံတွေရဲ့ ယနေ့ခေတ် ကဗျာလောကထဲမှာ သူလိုကိုယ်လို ရေးသားနေသူတို့ရဲ့ ဘဝ၊ ပြောပြချက်တွေနဲ့ လက်ရာတွေကို မိမိဘာသာ တစေ့တစောင်း ကြည့်ချင်လို့ လက်လှမ်းမီသလောက် မေးကြည့်ခြင်းသာ ဖြစ်ပါတယ်။ နောက်အကြောင်းရင်းတစ်ခုကတော့ မူရင်းစာရေးသူတွေနဲ့ ဆက်သွယ်နိုင်တဲ့ အခွင့်အလမ်းရချိန်မှာ တရားဝင်ခွင့်တောင်းပြီး ဘာသာပြန်ခြင်း အလေ့အထကို နှစ်သက်လို့လည်း ဖြစ်ပါတယ်။)

နယူးဇီလန်က ကဗျာဆရာ စာရေးဆရာ ဂျက်ဖရီ ပါပရိုရာ ဟိုးလ်မန်း(Jeffery Paparoa Holman) ရဲ့ ထူးခြားချက်ကတော့ သိုးမွေးညှပ်သူ၊ စာပို့သမား၊ စိတ်ရောဂါဌာန လူမှုဆက်ဆံရေးဝန်ထမ်း၊ စာအုပ်ရောင်းသူ စတဲ့ ဘဝမျိုးစုံ ကျင်လည်ခဲ့ပြီး အသက်အရွယ် အတော်ရကာမှ ကဗျာကို ပြန်လည်ပြီး တစိုက်မတ်မတ် ရေးသားခဲ့၊ ပညာရပ်တစ်ခုအနေနဲ့ ကျောင်းမှာ လေ့လာသင်ယူခဲ့ပြီး ခက်ခက်ခဲခဲ ထိုးဖောက်ဝင်ရောက်ခဲ့တဲ့ သူ့ရဲ့ကြိုးပမ်းမှုပါ။   ယခုလည်း ပင်စင်ယူတဲ့ အသက်အရွယ်ရောက်သည့်တိုင် ကဗျာကို ချစ်မြတ်နိုးစွာနဲ့ ဆက်လက် လေ့လာသင်ယူနေဆဲ၊ ခေတ်ပြိုင်ပုံစံမျိုးစုံနဲ့ ရေးသားနေဆဲ ကဗျာဆရာတစ်ဦး ဖြစ်ပါတယ်။ သူ့ရဲ့ ကဗျာဖြတ်သန်းမှုကို အင်တာဗျူး အဖြေတွေမှာ ဖတ်ရှုနိုင်ပါတယ်။
 .
သူ့ဘဝအကြောင်း အကျဉ်းချုပ်၊ သူ့ကို မေးမြန်းခဲ့တဲ့ အင်တာဗျူးနဲ့ သူ့ရဲ့ ထင်ရှားတဲ့ ကဗျာနှစ်ပုဒ်ကို မိတ်ဆက် တင်ပြလိုက်ပါတယ်။ အင်တာဗျူးကတော့ အိုင်အိုဝါတက္ကသိုလ် International Writing Program(IWP) မှာ ဆုံတွေ့ခဲ့တဲ့အခိုက် ဘော့စဝါနာက အာဖရိကန်ကဗျာဆရာမ တီဂျေဒီးမားနဲ့ ပန်ဒိုရာတို့က မေးမြန်းခဲ့တာဖြစ်ပါတယ်။
ဂျက်ဖရီ ပါပရိုရာ ဟိုးလ်မန်း ကို ၁၉၄၇ ခုနှစ်မှာ လန်ဒန်မြို့မှာ မွေးခဲ့ပါတယ်။ ၁၉၅၀ မှာ သူ့မိဘတွေနဲ့အတူ နယူးဇီလန်ကို ပြောင်းရွှေ့လာခဲ့တယ်။ တောင်ပိုင်းဒေသ ကမ်းရိုးတမ်းက ကျောက်မီးသွေးမိုင်းလုပ်ငန်း ပတ်ဝန်းကျင်မှာ ကြီးပြင်းလာခဲ့ပြီး အဲဒီ ဘဝဟာ သူ့ရဲ့ စာတွေအပေါ် ထင်ဟပ်နေခဲ့ပါတယ်။ ဂျက်ဖရီ ဟာ သူ့အချစ်ဦးဖြစ်တဲ့ ကဗျာအပြင် သမိုင်း၊ မှတ်တမ်း စတဲ့ သုတစာတွေ၊ ဝေဖန်သုံးသပ်ချက်နဲ့ ပညာရပ်ဆိုင်ရာ ဆောင်းပါးတွေ ရေးသားပါတယ်။ လတ်တလောမှာတော့ ခရစ်ချပ်ခ်ျမှာ ရှိတဲ့ ကန်တာဘာရီ တက္ကသိုလ်မှာ Senior Adjunct Fellow အဖြစ် လုပ်ကိုင်နေပါတယ်။ (၂၀၁၂ နိုဝင်ဘာမှာ ပင်စင်ယူမယ်လို့ ပြောခဲ့ပါတယ်။)
 .
သူ့ကဗျာစာအုပ် ၇ အုပ်ထဲက ပထမဆုံး စာအုပ်ကို ၁၉၇၄ ခုနှစ်မှာ ထုတ်ဝေခဲ့ပါတယ်။ နောက်ဆုံးထုတ်ဝေခဲ့တဲ့  ကဗျာစာအုပ်ကတော့ ၂၀၁၂ ခုနှစ်မှာ ကန်တာဘာရီ တက္ကသိုလ်က ထုတ်ဝေတဲ့ “လှုပ်ခါချခြင်း ၆.၃” ဖြစ်ပါတယ်။ ငလျင်အကြောင်းကို အခြေခံတဲ့ ကဗျာတွေဖြစ်ပါတယ်။ သုတစာပေအနေနဲ့တော့ သမိုင်းစာအုပ်တစ်အုပ်ဖြစ်တဲ့ “ကမ္ဘာနှစ်ခုရဲ့ အကောင်းဆုံး” စာအုပ်ကို ၂၀၁၀ မှာ ထုတ်ဝေခဲ့ပြီး “ပျောက်ဆုံးနေတဲ့လေယာဉ်မှူး” စာအုပ်ကို ၂၀၁၃ စင်တင်ဘာမှာ ထုတ်ဝေပါမယ်။  
.


.
မေး။      ။ ဆရာက အချိန်ပြည့်စာရေးဆရာတစ်ယောက် ဖြစ်ပါသလား။ မဟုတ်ခဲ့ဘူးဆိုရင် တခြားဘာတွေများ လုပ်ပါသလဲ။
ဖြေ။       ။အခုဆိုရင်တော့ ဟုတ်ပါတယ်။ အချိန်တိုင်းလိုလိုရေးတဲ့ စာရေးဆရာပေါ့။ ဒါပေမယ့် အဲဒီလိုဖြစ်လာဖို့ နှစ်ပေါင်းများစွာ အချိန်ယူခဲ့ရတယ်။ ၂၀၁၂ နိုဝင်ဘာလကုန်မှာ ကျွန်တော် အသက် ၆၅ နှစ်ပြည့်လို့ အစိုးရဆီက ပင်စင်လစာ ရတော့မယ်။ အဲဒီအချိန်ကျရင်တော့ ကျွန်တော့်ရဲ့ ဘဝမှာ ပထမဆုံးအနေနဲ့ ပင်စင်စား အချိန်ပြည့် စာရေးဆရာဖြစ်တော့မယ်။   အလုပ်ကနေ အနားယူတယ် ဆိုတာကတော့ ဘာကိုဆိုလိုမလဲ မသိဘူး။ နယူးဇီလန်နဲ့ တခြားဘယ်နေရာက  စာရေးဆရာတွေမဆို စာရေးတာတစ်ခုတည်းနဲ့ အသက်မွေးဖို့ ခက်ခဲပါတယ်။ ကျွန်တော်က အချိန်ပြည့် အသက်ရှင်နေထိုင်တဲ့ လူသားတစ်ယောက်ပါ။ ဒီတော့လည်း ကျွန်တော်ဟာ ဘာသာစကားနဲ့ အတွေ့အကြုံတွေကို စုပ်ယူထားပြီး စာရေးဖို့ အမြဲအဆင်သင့် ဖြစ်နေပါတယ်။ ကျွန်တော်ထိုင်ပြီး တစ်ခုခု ရေးလိုက်တဲ့အခါ စာမျက်နှာတွေပေါ်မှာ ရောက်လာမယ့်စာတွေ တစ်နည်းနည်းနဲ့ ဖြစ်လာပါတယ်။
 .
မေး။      ။ဘာကြောင့် ဘယ်သူ့အတွက် ဆရာ စာရေးပါသလဲ။
ဖြေ။       ။ ကျွန်တော် စာရေးရတာ ပျော်ရွှင်နှစ်ခြိုက်လို့ ရေးတာပါ။ ဘာဖြစ်လို့လဲဆိုတော့ စကားလုံးတွေနဲ့ ကစားရတာ ကြိုက်လို့ပါ။ မူလတန်းကျောင်းသား အရွယ်ကတည်းက ကျွန်တော့် အင်္ဂလိပ်စာ စွမ်းရည်ကို မြင်ကြတဲ့ ဆရာဆရာမတွေရဲ့ အားပေးမှုကို ရခဲ့ပါတယ်။ ကျွန်တော့် အသက် ၁၁ နှစ်အရွယ်မှာ လေယာဉ်ပျံကို စတီထွင်ခဲ့တဲ့ ရိုက်ညီနောင်အကြောင်း ပထမဆုံး ကဗျာကို ရေးခဲ့တယ်။ ဒီတော့ ကျွန်တော်က ကိုယ့်အတွက်လည်း စာရေးသလို စာဖတ်ပရိသတ်သာ ရှိခဲ့ရင် သူများတွေအတွက်ပါ စာရေးတယ်လို့ ထင်ပါတယ်။ တကယ်လို့ ကျွန်တော့်စာအုပ်တွေကို ဘယ်သူမှ ဝယ်မဖတ်တောင်မှ  ကိုယ့်ဘာသာရေးပြီး ကိုယ့်ဘာသာဖတ်ပါမယ်။ ကျွန်တော့်အတွက်တော့ စာရေးခြင်းက အသက်ရှုခြင်းနဲ့ တူပါတယ်။ 
 .
မေး။      ။ဆရာဟာ International Writing Program ကို ဘယ်လိုရောက်လာခဲ့ပါသလဲ။
ဖြေ။       ။ စာပေမဂ္ဂဇင်းတစ်ခုမှာ ကြော်ငြာတွေ့လို့ပါ။ (ဒီအစီအစဉ်ရှိမှန်းကိုတော့ အရင်ကတည်းက သိပါတယ်။ တခြား နယူးဇီလန် စာရေးဆရာတွေ သွားခဲ့ကြမှန်းကိုလည်း သိပါတယ်။) ကျွန်တော် လျှောက်လွှာတင်လိုက်ပါတယ်။ ကံကောင်းထောက်မစွာပဲ ရွေးချယ်ခံရပါတယ်။
 .
မေး။      ။ဒီအစီအစဉ် မှာ ဘယ်လိုတွေ ပါဝင်ဖို့ စိတ်ကူးကြံစည် ထားခဲ့ပါသလဲ။ တကယ့်တကယ် အိုင်အိုဝါကို ရောက်လာတော့ ဘာတွေလုပ်ဖြစ်ပါသလဲ။
ဖြေ။       ။ ကျွန်တော့် အကြံအစည်ကတော့ ရေးလက်စ ကဗျာစာမူနှစ်ခုကို ဆက်လုပ်ဖို့ပါ။ ဒါပေမယ့် မပြီးသေးပါဘူး။ တစ်ခုက ဘော့ဘ်ဒီလန် အကြောင်းပါ နောက်တစ်ခုကတော့ ၁၉၆၀ ခုနှစ်တွေမှာ နယူးဇီလန်နဲ့ သြစတေးလျက သိုးမွှေးထုတ်လုပ်ရေး လုပ်ငန်းမှာ လုပ်ခဲ့တဲ့ ကျွန်တော့် အတွေ့အကြုံတွေကို အခြေခံထားပါတယ်။ I ကျွန်တော်ဟာ မနှစ်က နယူးဇီလန်တက္ကသိုလ်မှာ ရှိနေပါတယ်။ ၂၀၁၁ ခုနှစ်က ဝိုင်ကာတို (Waikato) မှာ အဲဒီနှစ်ခုကို  ရေးမလို့ စိတ်ကူးပါသေးတယ်။ ကျွန်တော့် ဇာတိမြို့ဖြစ်တဲ့ ခရစ်ချပ်ခ်ျမှာ ငလျင်တွေအရမ်းများတဲ့အတွက် သုတစာပေတစ်ပုဒ်လည်း ရေးနေခဲ့ပါတယ်။ နောက်တော့ အဲဒီ့အစား ငလျင်အကြောင်း ကဗျာတွေပဲ ရေးဖြစ်ခဲ့တယ်။ လှုပ်ခါချခြင်း ၆.၃ ဆိုတဲ့ အဲဒီစာအုပ်ကို ၂၀၁၂ ဇူလိုင်က ထုတ်ဝေခဲ့ပါတယ်။ အခု အိုင်အိုဝါကို ရောက်တဲ့အခါမှာတော့ ကျွန်တော့်ရဲ့ နေထိုင်မှု အတွေ့အကြုံတွေကို ဘလော့ဂ်မှာ ရေးဖြစ်နေပြီး ၊ သုတ မှတ်တမ်းတစ်ခုကိုလည်း အချောသတ် တည်းဖြတ်နေပါတယ်။ ပြီးတော့ ကဗျာတွေလည်း ရေးနေပါတယ်။ ကဗျာနဲ့ မဆိုင်တဲ့ တခြား အကြောင်းအရာတွေကိုလည်း ရေးဖြစ်ပါတယ်။ အဲဒီထဲက တစ်ခုကတော့ “ဖာနန်ဒို ပီဆိုရာ (ပေါ်တူဂီ ကဗျာဆရာ)” ကို ကျွန်တော်ချစ်သလို ချစ်တဲ့သူတွေ အတွက်ပါ။
 .
မေး။      ။ဆရာနေထိုင်တဲ့ နယူးဇီလန်ရဲ့ စာပေမြင်ကွင်းကို ပြောပြနိုင်မလား။
ဖြေ။       ။ ဘုရားရေ… ဒါအင်မတိအင်မတန်ကို ဖြေရခက်တဲ့မေးခွန်းပဲ။ (သင်ရိုးတစ်ခုလုံး ဒီတက္ကသိုလ်မှာ သင်ပါတယ်) ကမ္ဘာပေါ်က တခြားဘယ်နေရာမှာမဆို တွေ့နိုင်တဲ့ မြင်ကွင်းတွေ နယူးဇီလန်မှာ အများကြီး ရှိပါတယ်။ အဲဒီ မြင်ကွင်းတွေထဲမှာ မြင်ကွင်းတွေ ထပ်ရှိပါသေးတယ်။ 
ကျွန်တော်တို့ရဲ့ အကြီးဆုံးမြို့ဖြစ်တဲ့ အောက်ကလန် မှာ (ကမ္ဘာပေါ်မှာ ပိုလီနီးရှန်း(Polynesian) လူဦးရေ အများဆုံး မြို့ပါ) လူမျိုးပေါင်းစုံ စုဝေးနေထိုင်ကြပါတယ်။ ဆမိုဆမ် (Samosan) ရက်ပါတွေ၊ မောရိ(Maori) စာရေးဆရာတွေ၊ တရုတ် ပြဇာတ်ရေးဆရာတွေ စသဖြင့်ရှိကြပါတယ်။ မြို့တော် ဝယ်လင်တန်မှာဆိုရင် IIML (International Institute of Modern Letters) ရှိပါတယ်။ အဲဒီအင်စတီကျူက မာစတာဘွဲ့တွေ၊ ပါရဂူဘွဲ့တွေ၊ အနုပညာမာစတာဘွဲ့တွေ စသည်ဖြင့် အများကြီး ထုတ်လုပ်ပေးပါတယ်။ စောစောကပြောခဲ့တဲ့ နယ်မြေတွေရဲ့ပြင်ပက တခြားမြို့ကြီးတွေမှာလည်း ဝါရင့်စာရေးဆရာတွေ ရှိကြပါတယ်။ တောင်ပိုင်းကျွန်းက ခရစ်ချပ်ခ်ျ(ကျွန်တော် နေတဲ့နေရာ) နဲ့ တောင်ဘက်စွန်းက ဒန်နီဒင်မှာဆိုရင်လည်း အားကောင်းတဲ့ စာပေအသိုင်းအဝိုင်းတွေ နေထိုင်ကြပါတယ်။
ဟိုး ၁၉၇၀ ခုနှစ် ပိုလီနီးရှန်းတွေရဲ့ စာပေထွန်းကားတဲ့ခေတ်က လက်ဆင့်ကမ်းခဲ့တဲ့  နုပျိုမှုနဲ့ လူမျိုးစုံလင်မှုဟာ ယနေ့ခေတ် ကျွန်တော်တို့ လက်ရာတွေအတွက် အရေးပါတဲ့ အမှတ်လက္ခဏာတွေ လို့ ပြောနိုင်မယ် ထင်ပါတယ်။ ။ ကျွန်တော်ကတော့ နုလည်းမနုပျို၊ မာအိုရိ ဒါမှမဟုတ် ဆာမိုဆန် တစ်ယောက်လည်း မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော်ဟာ စာရေးဆရာတစ်ယောက်ပါ။ တိုင်းရင်းသား စာပေတွေမှာ ရှုပ်ထွေးမှုနဲ့ လူသားဆိုင်ရာ ကွဲပြားခြားနားမှုတွေ အမြဲရှိပါတယ်။ 
 .
မေး။        ဆရာတို့နိုင်ငံမှာ စာပေပွဲတော်တွေ ဘယ်လောက် မကြာခဏ ကျင်းပပါသလဲ။ ဘာတွေကို အဓိကထားပြီး ကျင်းပလေ့ရှိပါသလဲ။ ဥပမာ ကဗျာ၊ သုတ၊ အထွေထွေအနုပညာ စသည်ဖြင့်ပေါ့။
ဖြေ။       ။အချက်အချာကျတဲ့ ဒေသတွေမှာ ပုံမှန်ကျင်းပတဲ့ စာပေပွဲတော်တွေရှိပါတယ်။ တချို့က တစ်နှစ်တစ်ကြိမ်၊ တချို့က နှစ်နှစ်တစ်ကြိမ်။ အဲဒီပွဲတွေက အရေးကြီးတဲ့ နယ်ပယ်တွေကို ခြုံငုံမိပါတယ်။ ဝယ်လင်တန်မြို့နဲ့ ခရစ်ချပ်ခ်ျမြို့မှာလည်း အနုပညာပွဲတော်တွေ ရှိပါတယ်။ 
 .
မေး။      ။ ပြည်တွင်းမှာ ချီးမြှင့်ကြတဲ့ စာပေဆုတွေရှိပါသလား။ အဲဒီဆုတွေရဖို့ ဘယ်ဘာသာစကားတွေနဲ့ ရေးသားဖို့လိုပါသလဲ။
ဖြေ။       ။ဟုတ်ကဲ့။ အရေးပါတဲ့ နယူးဇီလန်စာပေဆု တစ်ခုရှိပါတယ်။ (အဲဒီဆုကို ကျွန်တော်တို့ရဲ့ အဓိက စာပို့ဆောင်ရေး ဖြစ်တဲ့ နယူးဇီလန် စာတိုက်ဌာနက ပံ့ပိုးပါတယ်။ စာရေးဆရာတွေက The Posties လို့ခေါ်ပါတယ်။) တစ်ချိန်ကတော့ ဝိုင်ထုတ်လုပ်သူတစ်ဦးဖြစ်တဲ့ မွန်တာနာ က ပံ့ပိုးခဲ့ဖူးပါတယ်။  ဒါပေမယ့် ၂၀၁၂ ခုနှစ်ကတည်းက ဆုအမျိုးအစားတွေကို လျှော့ချခဲ့ပါတယ်။ ကျွန်တော့်အမြင်အရတော့ အဲဒါ မှားပါတယ်။ အဲဒါ စာရေးဆရာတွေအတွက် အသိအမှတ်ပြုခံရဖို့ နယ်ပယ်ကျဉ်းသွားပေပြီးတော့ သူတို့စာအုပ်တွေယှဉ်ပြိုင်ဖို့ ထုတ်ဝေသူ နည်းသွားစေပါတယ်။ ဝန်ကြီးချုပ်က နှစ်စဉ်ပေးတဲ့ ကဗျာဆု၊ ရသစာပေဆုနဲ့ သုတစာပေဆုတွေလည်း ရှိပါတယ်။ (များသောအားဖြင့်တော့ ကာလရှည်ကြာ ရေးသားနေပြီး အသိအမှတ်ပြုခံရတဲ့ စာရေးဆရာတွေအတွက်ပါ) ။ နယူးဇီလန် ဒေါ်လာ ခြောက်သောင်း ဆုကြေးဟာလည်း ဆုရသူတွေအတွက် အတော်များတဲ့ ပမာဏပါ။ ကဗျာဂုဏ်ထူးဆောင်ဘွဲ့ ကိုလည်း နှစ်နှစ်တာ သက်တမ်းအတွက် ရွေးချယ်ခန့်အပ်လေ့ရှိပါတယ်။ မောရိဘာသာစကားနဲ့ ဆုတစ်ခုလည်း ရှိပါတယ်။ ဒါပေမယ့် အင်္ဂလိပ်ဘာသာက ပိုလွှမ်းမိုးပါတယ်။
 .
မေး။      ။ဆရာတို့နိုင်ငံမှာ ကဗျာကို ကျယ်ကျယ်လောင်လောင် အသံထွက်ပြီး ဖတ်လေ့၊ ရွတ်ဆိုလေ့၊သရုပ်ဖော်လေ့ ရှိကြပါသလား။ ရှိခဲ့တယ်ဆိုရင် အဲဒါဟာ ခေတ်ပြိုင်လှုပ်ရှားမှု တစ်ရပ်လား၊ ယဉ်ကျေးမှု ထုံးတမ်းစဉ်လာမှာ ပါခဲ့လို့ ဆက်ရွတ်နေကြတာလား။
ဖြေ။       ။ ဟုတ်ပါတယ်။ တစ်နည်းနည်းနဲ့ ကဗျာသရုပ်ဖော်ခြင်း (ကဗျာဖတ်ခြင်းလို့ ခေါ်လေ့ရှိတဲ့အရာတွေ) ဟာ အနည်းဆုံး ၁၉၅၀ ခုနှစ်တွေကတည်းက စတင်ခဲ့ပါတယ်။ ကျွန်တော် စတင်ခဲ့တဲ့ ၁၉၇၀ ခုတွေမှာတော့ ကဗျာရွတ်ခြင်းနဲ့ သရုပ်ဖော်ခြင်း ယဉ်ကျေးမှုဟာ ထွန်းကားနေပါပြီ။ ၁၉၉၀နဲ့ ၂၀၀၀ ခုနှစ်တွေမှာ ရက်ပ်နဲ့ လမ်းဘေးကဗျာတွေ၊ လမ်းကြိုလမ်းကြားမှာ ကဗျာရွတ်တာတွေ အဲဒီလို နှုတ်ကရွတ်ဆို တဲ့ ကဗျာသရုပ်ဆောင်မှုတွေဟာ တရှိန်ထိုးထွန်းကားလာခဲ့ပါတယ်။ အထူးသဖြင့် မြို့ပြ ပိုလီနီးရှန်း လူငယ်တွေကြားမှာ ခေတ်စားပါတယ်။ (တခါတလေကျတော့လည်း ဒါဟာ တော်လှန်တဲ့သဘော၊ ဒါမှမဟုတ် လူမှုရေးဆိုင်ရာ သရုပ်ဖော်မှုသဘောပါ)
 .
မေး။      ။ဆရာက ဘယ်ဘာသာစကားတွေနဲ့  စာရေးသားပါသလဲ
ဖြေ။       ။ကျွန်တော်ဟာ အသက် ၅၀ အရွယ်မှ စနစ်တကျသင်ယူဖြစ်ခဲ့တဲ့ ဒုတိယဘာသာစကားဖြစ်တဲ့ မောရိ ဘာသာနဲ့လည်း ကဗျာတွေရေးပေမယ့် အဓိကအားဖြင့်တော့ အင်္ဂလိပ်ဘာသာနဲ့ ရေးပါတယ်။  အဲဒီ မောရိဘာသာကို ကျွန်တော် အထက်တန်းကျောင်းတက်ချိန် ၁၉၆၁-၁၉၆၅ ကာလတွေမှာ မသင်ကြားခဲ့ရဘူး။ ၁၉၇၀ခုနှစ်နှောင်းပိုင်း ကာလတွေမှာ တက္ကသိုလ်ရောက်မှ သင်ယူခွင့်ရခဲ့တယ်။ နယူးဇီလန်သားတွေဟာ အရေအတွက် အနည်းငယ်သာရှိတဲ့ မောရိလူမျိုး ဒေသခံတွေကလွဲလို့ များသောအားဖြင့် အင်္ဂလိပ်ဘာသာ တစ်မျိုးတည်းကို ပြောဆိုကြပါတယ်။ ၁၉၉၀ ခုနှစ်ကတည်းက တဖြည်းဖြည်းများပြားလာတဲ့ အာရှတိုက်သား ရွှေ့ပြောင်းနေထိုင်သူတွေကြောင့် လမ်းမတွေပေါ်မှာ တရုတ်စကားသံတွေကိုလည်း ကြားနေရပါတယ်။ (ဒါဟာ ကျွန်တော်ငယ်ငယ်ကဆို တွေးမကြည့်နိုင်စရာပါ။) ကျွန်တော့်ရဲ့ သမိုင်းအရေးအသားတွေထဲမှာ မောရိဘာသာစကားတွေ (စကားလုံးတွေ၊ စကားစုတွေ) ပါဝင်ပါတယ်။ မောရိဘာသာ အရင်းအမြစ်ထဲက ကိုးကားပြီး ဘာသာပြန်ပါတယ်။
 .
မေး။      ။ဆရာတို့နိုင်ငံမှာ ဘာသာစကား ဘယ်နှစ်မျိုးရှိပါသလဲ။ ဘယ်နှစ်မျိုးက စာပေလက်ရာအဖြစ် တည်ရှိပါသလဲ။
ဖြေ။       ။ အပေါ်မှာ ပြောခဲ့သလိုပါပဲ။ အင်္ဂလိပ်စာ (အများသုံးဘာသာ)၊ မောရိ၊ ဆာမိုရန် တွန်ဂန်၊ နွီယန်၊ မန်ဒရင်း ။ အင်္ဂလိပ်စကား မဟုတ်တဲ့ ဘာသာစကား ပြောသူတွေထဲမှာ အနည်းငယ်ကသာ နယူးဇီလန်နိုင်ငံအတွင်းမှာ ကျယ်ပြန့်တဲ့ စာပေယဉ်ကျေးမှုကို လိုက်စားပါတယ်။ 
 .
မေး။ ။ဆရာ့ရဲ့ စာပေတွေကို လွှမ်းမိုးတဲ့ စာရေးဆရာတွေဟာ ဘယ်သူတွေလဲ။ ဘယ်နိုင်ငံကပါလဲ။ အများဆုံး စာရေးဆရာ ၃ ယောက်ကို ပြောပြပါလား။
ဖြေ။       ။ James K Baxter (New Zealand)၊ Osip Mandelstam (Russia)၊ နဲ့ Pablo Neruda (Chile) ပါ။  တခြားစာရေးဆရာတွေကို ဖတ်ရှုခြင်းဟာ “the Yin of writing’s Yang” လို့ ပြောချင်ပါတယ်။ ဘာလွှမ်းမိုးမှုမှ မရှိခဲ့ရင် စာရေးဆရာ မဖြစ်ပါဘူး။ တခြားလူတွေရေးထားတဲ့ စာတွေကို ဖတ်ခြင်းအားဖြင့် စာရေးဆရာတွေဟာ စာရေးသားခြင်းကို သင်ယူခဲ့ကြတာပါ။ လွှမ်းမိုးခံရမှာစိုးလို့ တခြားသူတွေရဲ့စာကို မဖတ်ဖူးလို့ပြောသူတွေဟာ အရူးပါပဲ။   ကျွန်တော်တို့ အားလုံးဟာ စံပြတွေ နမူနာတွေ လိုအပ်ကြပါတယ်။ ပြီးတော့ တဖြည်းဖြည်းနဲ့ သူတို့ကို လွန်မြောက် တိုးတက်လာကြပါတယ်။ ဒါပေမယ့် သူတို့ရဲ့ သက်ရောက်မှုကတော့ စွန်းထင်းနေကြစမြဲပါ။ စာရေးဆရာတွေဟာ ခိုင်မာအားကောင်းတဲ့ ဝါရင့်စာရေးဆရာတစ်ယောက် (ဒါမှမဟုတ်လည်း တစ်ယောက်ထက်ပိုပြီး) ကို ရွေးချယ်ဖို့လိုတယ်။ ပြီးတော့မှ ပိုပြီးရင့်ကျက်တဲ့ဆီကို တဖြည်းဖြည်း တိုးတက်သွားရမယ်လို့ ကျွန်တော်ထင်ပါတယ်။  တုခြင်း စုခြင်းကနေ ကိုယ်ပိုင်သီးသန့် ဟန်အသစ်ကို ပြုကြဖို့ပါ။ ကျွန်တော်တို့အားလုံးဟာ ဘီလူးကြီးတွေရဲ့ ပခုံးပေါ်မှာ မတ်တပ်ရပ်နေကြပါတယ်။ အော်ရီဂျင်နယ်ဖြစ်ခြင်း ဆိုတာကလည်း အလွန်အကျူး အမွှမ်းတင်ခံနေရပြီး စာပေမထွန်းကားမီ ယဉ်ကျေးမှုတွေမှာ နည်းနည်းပဲ အသုံးကျပါတယ်။ နှုတ်တိုက်ယဉ်ကျေးမှုဟာ အရေးကြီးတာတွေ အားလုံးကို အလွတ်မှတ်မိစေပါတယ်။   ရွတ်ဆိုခြင်း၊ ရွတ်ဖတ်ခြင်း ၊ ဒါတွေဟာ မိမိကိုယ်ကို ဖော်ပြဖို့ အတွက် မဟုတ်ဘဲ မျိုးရိုးဆိုင်ရာ မှတ်တမ်းတွေအတွက် (မှတ်မိဖို့) ကိရိယာတန်ဆာပလာ တွေပါ။ ကိုယ့်ကိုယ်ကို သတိရှိတဲ့ပုဂ္ဂိုလ်၊ မူရင်း သူရဲကောင်းဟာ ရိုမန့်တစ်ကာလနောက်ပိုင်းနဲ့ စာပေယဉ်ကျေးမှုနောက်ပိုင်းက ပုံရိပ်ပါ။ အဲဒီလူဟာ အခုတော့ ကိုယ့်ကိုယ်ကို သက်သာအောင် နည်းနည်း အလိုလိုက်လာနိုင်ပါပြီ။ အလွယ်တကူမှတ်မိနိုင်စရာ စာတွေကို ပုံနှိပ်ထုတ်ထားလို့ရပါပြီ။ 
 .
မေး။      ။ စာဖတ်သူတွေက ဆရာ့ရဲ့ အရေးအသားတွေကို ဘယ်လို လွှမ်းမိုးမှုရှိပါသလဲ
ကျွန်တော်မသိဘူး၊ အယ်ဒီတာတွေက ကျွန်တော့်ကို စာကူပြင်ပေးတာမျိုးက လွဲလို့ပေါ့။  စာဖတ်သူတွေဆီက အလးအနက် တုံ့ပြန်မှုမျိုး အနည်းငယ်သာ လာဖူးပါတယ်။ ဒါပေမယ့် ကျွန်တော်ရေးတာတွေကို ဖတ်ချင်နေတဲ့ စာဖတ်သူ တစ်ယောက်လောက်တော့ ရှိမယ်လို့ ထင်ပါတယ်။
 .
ကျွန်တော်စာရေးရခြင်းဟာ ကျွန်တော် တကယ်ဖတ်ချင်တဲ့ ဟာမျိုးကို ရှာမတွေ့လို့ ကိုယ့်ဘာသာရေးတာပါ။ တခြားလူတွေလည်း ကျွန်တ်ာခံစားရသလို ခံစားရတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ တခါတလေတော့ လူတွေက ကဗျာတစ်ပုဒ်ဟာ သူတို့အပေါ် ဘယ်လောက် သက်ရောက်မှုရှိတယ်ဆိုတာ ပြောပြကြပါတယ်။ အဲဒီလိုဟာက “အဖေလောက်ကြီးမားတဲ့အရာ” ကဗျာမှာ အတော်တွေ့ရပါတယ်။ ဒါက ဆုံးပါးသွားတဲ့ အဖေတစ်ယောက်အကြောင်း ကဗျာတစ်ပုဒ်ဆိုတော့ အံ့သြစရာတော့မဟုတ်ပါဘူး။ အဲဒီအဖေကလည်း  သူ့အတွေ့အကြုံတွေက သူ့ကိုပြောင်းလဲပေးလိုက်တဲ့ စစ်ပြန်တစ်ယောက်၊ ပြီးတော့ မိသားစုနဲ့လည်း ပြန်မဆက်သွယ်နိုင်၊ ဖိစီးနေတဲ့ ဒေါသတွေ ကြောက်ရွံ့မှုတွေကိုလည်း အရက်အလွန်အကျွံသောက်တဲ့ နည်းလမ်းကလွဲလို့ မတွန်းလှန်နိုင်တဲ့ လူတစ်ယောက်ပါ။  ဒါဟာ ကျွန်တော်တို့ ဒုတိယကမ္ဘာစစ် မျိုးဆက်ထဲမှာ လူတိုင်းလိုလို တွေ့ကြုံရတဲ့ အတွေ့အကြုံပါ။ ဒီတော့ အဲဒီမျိုးဆက်ထဲက အနည်းဆုံး တစ်ယောက်ကတော့ ဒီကဗျာထဲက ဇာတ်လမ်းမျိုး ကြားဖူးကြမှာပါ။ ဒါပေမယ့် အဲဒီလို စာဖတ်သူ ဒါမှမဟုတ် နားထောင်သူတစ်ယောက်ကို ရှာတွေ့ဖို့ဆိုတာ ဘယ်သူမှ အာမဘန္တေမခံနိုင်ပါဘူး။ အဲဒီကဗျာကိုရေးရတာဟာ ကိုယ့်ကိုယ်ကို လွတ်မြောက်အောင် လွှတ်ပေးဖို့နဲ့ ကိုယ့်မွေးရာပါအရည်အချင်းကို အသုံးချဖို့ပါ။ လေဆိပ်တွေမှာရောင်းနေတဲ့ ဖော်မြူလာ ဝတ္ထု ရေးနေတာမဟုတ်ပါဘူး။ (ဖော်မြူလာ ဝတ္ထုရေးဖို့ ကျွန်တော် ကြိုးစားကြည့်ရင် ကောင်းမလား။ ဒါလည်း မလွယ်ပါဘူးလေ။ ဘယ် စာအရေးအသားမှ မလွယ်ပါဘူး။)
 .
မေး။      ။ဆရာ့ရဲ့ လက်ရာတွေကို ဘာသာပြန်တဲ့အခါ ဘာတွေ ပျောက်ဆုံးသွားတယ်လို့ ထင်ပါသလဲ။
ဖြေ။       ။အင်း.. ကျွန်တော်ပထမဆုံးတွေးမိတာက ဘာတွေ ရလာသလဲဆိုတာပါ။ အခြား စာရေးဆရာတွေနဲ့ ဘာသာပြန်ဆရာတွေက ကဗျာတစ်ပုဒ်ကို အာရုံစူးစိုက်မှု ရလောက်အောင် ဘာထိုက်တန်သလဲ ဆိုတဲ့ ကောင်းကျိုးပါ။ ကျွန်တော်ဟာ ဘာသာပြန်ခြင်းကနေ ကောင်းကျိုးတွေ အများကြီးရခဲ့ပါတယ်။ ကျွန်တော် စောစောက ပြောခဲ့တဲ့ ရုရှနဲ့ စပိန် နာမည်တွေကိုပဲ ကြည့်ပါ။ (တခြားနာမည်တွေလည်း ဆက်ပြောလို့ရပါသေးတယ်။) ဒီတော့ ဘာသာပြန်တဲ့အခါ ကျွန်တော့်စာကို ဖတ်တဲ့သူတွေကို ရလိုက်တယ် လို့ထင်ပါတယ်။ စာရေးဆရာတစ်ယောက်အဖို့ ထုတ်ဝေပြီးတဲ့အခါ ဒီ့ထက်ကောင်းတဲ့ ဆုလာဒ်များ ရှိဦးမလား။ ပျောက်ဆုံးမှုတွေအကြောင်း ပြောရရင်တော့ တချို့ ဒေသိယ အညွှန်းတွေကတော့ ဘာသာပြန်ဖို့ ခက်ခဲမယ်။ ဥပမာ ကျွန်တော့်ရဲ့ “ကျောက်မီးသွေးမိုင်း” ကဗျာထဲက Dog Watch ဆိုတဲ့ စာလုံးမျိုး။ ဒီစကားလုံးကို ဘယ်လိုလုပ်ပြီးတော့ Night Shift လို့ပြောင်းပြီး Dog Watch ဆိုတဲ့ စကားလုံးက  ဆိုလိုတဲ့ အဓိပ္ပာယ်လေးနက်မှုမျိုးကို တူတူညီညီ သယ်ဆောင်လာမယ်လို့ မျှော်လင့်လို့ရမလဲ။  မိခင်ဘာသာစကားရဲ့ ကဗျာကို တိုက်ရိုက်ပြန်ဆိုလိုက်တဲ့အခါ တစ်ခုခု ပျောက်ဆုံးတတ်ပါတယ်။ Dog ဆိုတာ ပျောက်သွားပါတယ်။ ပြီးတော့ ဒီလိုစကားလုံးမျိုးက သယ်ယူလာတဲ့ မသိစိတ်ရဲ့ ကြောက်ရွံ့မှုလည်း ပျောက်ပါတယ်။ ဒီလိုပြောခြင်းအားဖြင့် ဘာသာပြန်လက်ရာတစ်ခုဟာ တခြားဘာသာစကားမှာ သူ့စကားတွေနဲ့သူ နားလည်နိုင်မယ့် ကဗျာသစ်တစ်ပုဒ်ဖြစ်သွားတယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။
 .
မေး။      ။ ကဗျာစာအုပ် ၇ အုပ်ထုတ်ခဲ့သူတစ်ဦးအနေနဲ့ နယူးဇီလန်မှာ ထုတ်ဝေရတာ ဘယ်လောက်အထိ စိန်ခေါ်မှုရှိပါသလဲ။
ဖြေ။       ။ စတင်ရတာ သိပ်ခက်ပါတယ်။ စိတ်ရှည်ဖို့နဲ့ ဆုံးဖြတ်ချက်ခိုင်မာဖို့ လိုပါတယ်။ ပြည်တွင်း ကဗျာမဂ္ဂဇင်းတွေ အများကြီးရှိပါတယ်။ တချို့က အရမ်းကောင်းတဲ့ စာအုပ်တွေပါ။ ဒါပေမယ့် အကြိုက်ကိုယ်စီရှိကြတဲ့ အယ်ဒီတာတွေအတွက် အမြဲတမ်း စာမျက်နှာတွေက အကန့်အသတ်ရှိနေပါတယ်။ ကျွန်တော်ဟာ အင်္ဂလန်မှာ ဆယ်နှစ် (၁၉၈၇-၁၉၉၇) သွားနေခဲ့ပါတယ်။ အဲဒီအချိန်မှာ အများကြီး ပို့တဲ့ ပယ်တဲ့အထဲက ကဗျာအချို့နဲ့ ဝတ္ထုတိုတစ်ပုဒ်သာ ထုတ်ဝေခံရပါတယ်။ အင်္ဂလန်မှာ သူတို့က ကျွန်တော့်ကို နားမလည်ကြပါဘူး  ဒါပေမယ့် ဒီလန်တောမတ်စ် ပြောခဲ့သလို “ကျွန်တော့်လက်ရာ ခေါင်းမာတဲ့အနုပညာ” နဲ့ ရှေ့ဆက်ခဲ့ပါတယ်။ ဒီ့အပြင်ဘာလုပ်လို့ ရမှာလဲလေ။ ဒါက ကျွန်တော့်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်နေတယ်။ လန်ဒန်က တိုက်ခန်းမှာ ၁၉၉၃ ခုနှစ်မှာ “အဖေလောက်ကြီးမားတဲ့အရာ” ကို ရေးခဲ့ပါတယ်။ 
 .
ကျွန်တော် နယူးဇီလန်ကို ၁၉၉၇ ခုနှစ်မှာ စာသင်ဖို့ ပြန်လာတဲ့အခါ အဲဒီ ကဗျာကို နယူးဇီလန် ကဗျာဆရာတွေ အကဲဖြတ်ကြတဲ့ နိုင်ငံအဆင့်ကဗျာပြိုင်ပွဲကို ပို့ခဲ့ပါတယ်။ ယှဉ်ပြိုင်တဲ့ကဗျာ ၁၀၀၀ ကျော်ထဲမှာ အဲဒီကဗျာထဲက အသံကို သူတို့ ကြားခဲ့ကြပါတယ်။ နောက် နှစ်နှစ်ကြာတဲ့အခါမှာ ကျောင်းမှာ ကဗျာရေးနည်း သင်တန်း ပြီးသွားတဲ့အခါ စာမူတွေစုပြီး အယ်ဒီတာအချို့နဲ့ အလုပ်လုပ်ခဲ့ပါတယ်။ လက်လွှတ်ရလောက်အောင်အထိ ကဗျာတွေကို ကျွန်တော်တို့ စိတ်တိုင်းကျသွားတဲ့အခါ ကဗျာနယ်ပယ်အပေါ်မှာ စစ်တမ်းအနည်းငယ် ကောက်ပြီးတော့၂၀၀၁ ခုနှစ်မှာ ဝယ်လင်တန်က ထုတ်ဝေသူတစ်ဦးကို ပို့ပါတယ်။ သူကကျွန်တော့် စာမူတွေကို လက်ခံပါတယ်။ စာမူအများအပြားဟာ အင်္ဂလန်မှာ ထုတ်ဝေခွင့် မရခဲ့တဲ့ ကဗျာတွေပါ။ အင်္ဂလိပ် အယ်ဒီတာတွေက ကျွန်တော့်အသံကို မကြားကြတာ ဖြစ်နိုင်ပါတယ်။  ဒါဟာ ခက်ခဲလှပါတယ်။ ဒါပေမယ့် ကျွန်တော်က လမ်းခုလတ်မှာရောက်နေပါပြီ။ ၂၀၀၃ ခုနှစ်မှာ ကျွန်တော့်စာအုပ် “အဖေလောက်ကြီးမားတဲ့အရာ” ဟာ တခြား စာအုပ် ၂ အုပ်နဲ့အတူ အမျိုးသားစာပေဆု ရဖို့ ဆန်ကာတင် ရွေးချယ်ခံရပါတယ်။
 .
ထုတ်ဝေခံရဖို့ နဲ့ စာအုပ်တစ်အုပ် ထွက်သွားဖို့ ဆိုတာ စိန်ခေါ်မှုတွေနဲ့ အမြဲပြည့်နေပါတယ်။ ဒီနေ့ အင်တာနက်ခေတ်မှာတော့ လူတိုင်းဟာ ကိုယ့်ဘလော့ဂ်ပေါ်မှာ ကိုယ့်စာကို ထုတ်ဝေရင်း သူတို့ကိုယ်သူတို့ စာရေးဆရာလို့ ခေါ်နေကြပါပြီ။ ဘယ်အယ်ဒီတာ ဘယ်စာပေမဂ္ဂဇင်းကမှာ ဟင့်အင်း လို့ ငြင်းပယ်တာမခံရဘူး ဘယ် ပယ်စာမှလည်း ရောက်မှာမဟုတ်တော့ပါဘူး။  ဒါပေမယ့်လည်း အဲဒါက ခင်ဗျားတို့ကို ပါရမီရှင် ဖြစ်မသွားစေပါဘူး။ နယူးဇီလန်မှာဖြစ်ဖြစ် တခြားနေရာမှာ ဖြစ်ဖြစ် ကျွန်တော်ကိုယ်တိုင်နဲ့ တခြားလူတွေ လုပ်ခဲ့သလို ကြိုးစားရခဲ့တာမျိုးက ပိုကောင်းသလား ဆိုရင်လည်း ကျွန်တော် မသိပါဘူး။ 
 .
ကျွန်တော်ခံစားရတာကတော့ “ခရင်မ်ဟာ ထိပ်ဖျားကို အမြဲတက်လာမှာပါ” ဆိုတဲ့ ဆိုစကားတစ်ခုလိုပါပဲ။ စာရေးဆရာတွေဟာ  ရင့်ကျက်လာအောင် ကူညီဖို့အတွက် စာဖတ်သူကောင်းတွေ (အယ်ဒီတာကောင်းတွေ) လိုအပ်ပါတယ်။
မြောက်ကျွန်းရဲ့ အရှေ့မြောက်ဘက်မှာ ရှိတဲ့ ယူရီဝီရာ မှာရှိတဲ့ တူဟိုး လူမျိုးတွေကို သုတေသနလုပ်တုန်းက ရှာဖွေတွေ့ရှိခဲ့တဲ့ မောရိ စကားပုံနဲ့ ကျွန်တော် နိဂုံးချုပ်ချင်ပါတယ် “He kawau moe roa - တင်ကျီးငှက်ဟာ အကြာကြီးအိပ်တယ်” တဲ့။ ဒီစကားပုံဟာ မောရိလူမျိုးတွေအတွက် အခရာဖြစ်တဲ့ သူတို့ရဲ့ စိတ်ရှည်မှုနဲ့ သူတို့နေထိုင်ကျက်စားခဲ့တဲ့ ဒေသက သဘာဝကို အနီးကပ်လေ့လာမှုကို  အခြေခံခဲ့တာပါ။  ပျံနိုင်၊ ရေကူးနိုင်၊ ရေငုပ်နိုင် (အာဖရိကမှာဆိုရင် ယဉ်ပါးအောင်လုပ်ပြီး ငါးဖမ်းခိုင်းလို့လည်းရပါတယ်) တဲ့ ဒီကြီးမားတဲ့ ရေငှက်ကို သူတို့ လေ့လာခဲ့ကြပါတယ်။ အဲဒီမှာ ငှက်ဟာ မြစ်ကမ်းနဖူးကနေ ရေပေါ်မှာ တွဲလွဲကျနေတဲ့ သစ်ကိုင်းတွေပေါ်မှာ နားတာကို တွေ့ကြပါတယ်။  ငှက်ဟာ အိပ်ချင်ယောင်ဆောင်ပြီး သူ့မျက်လုံးကို ပိတ်ထားပါတယ်။ ရေထဲမှာ ဂယက်သေးသေးလေးပေါ်လာရင်တော့ ဝုန်းခနဲ ကိုယ်ကို ဆန့်ထုတ်ပြီး ဒိုင်ဗင်ထိုးချလိုက်ပါတယ်။ ရေထဲကို ရှင်းရှင်းကြီး ထိုးဖောက်ပြီး ငါးတစ်ကောင်နဲ့အတူ ပြန်ပေါ်လာပါတယ်။ ဒါဟာ တင်ကျီးငှက်ဟာ စိတ်ရှည်တဲ့ ငါးဖမ်းသူ လို့ ကဗျာကို တင်စားပြောဆိုခြင်းရဲ့ မြှုပ်ထားတဲ့ အဓိပ္ပာယ်ပါ။ ကျွန်တော်ဟာ နေ့တိုင်း စာမျက်နှာကို ဖွင့်ပြီး ရေးပါတယ်။ တခါတလေတော့ ငါးရပြီး အစာဝပါတယ်။ တခါတလေတော့ မရပါဘူး။ ဒါပေမယ့် အမြဲပဲ နေ့တိုင်း စာရေးဖို့ အဆင်သင့်ပြင်ရပါတယ်။ 
.
ပြီးတော့ တင်ကျီးငှက် (cormorant) ဆိုတဲ့စကားကို စာလုံးပေါင်းစစ်ဖို့ အဘိဓာန်မှာ ရှာကြည့်တဲ့အခါ သူ့ရဲ့ ဝေါဟာရသမိုင်းကို သွားတွေ့ပါတယ်။။ “မူရင်း အလယ်ခေတ်အင်္ဂလိပ် ပြင်သစ်ဘာသာ နဲ့ လက်တင်ဘာသာ တို့က လာပါတယ်။ ဒီစကားလုံးမှာ သမိုင်းတစ်ခု ဘဝတစ်ခု မြှုပ်သိမ်းထားတဲ့ အင်အားတစ်ရပ် ရှိပါတယ် တဲ့။ သူက သူ့ပုံပြင်နဲ့သူပါ။   ကျီးကန်းနဲ့ တူလို့ တစ်ယောက်ယောက်က တင်ကျီးလို့ နာမည်ပေးခဲ့ပေးမယ့် သူက ပင်လယ်ထဲမှာ ရေကူးနိုင်တာ ကွာခြားပါတယ်။ ကျွန်တော်က ဒီလို ထူးဆန်းထွေလာမျိုးကို ကြိုက်ပါတယ် - စကားလုံးအားလုံးဟာ ကဗျာဓာတ်ကို သူတို့ရဲ့ ဒီအန်အေထဲမှာ သယ်ဆောင်လာပြီး ကဗျာတစ်ပုဒ် အဖြစ် ဖွဲ့စည်းစေပါတယ်။
.
…..
­­­
 .
ဂျက်ဖရီရဲ့ များပြားတဲ့ လက်ရာတွေထဲက သူကိုယ်တိုင်လည်း နှစ်သက်ပြီး လူသိများတဲ့ ကဗျာ၂ ပုဒ်ကို ဘာသာပြန်လိုက်ပါတယ်။ ဒီကဗျာတွေမှာတော့ ဂျက်ဖရီဟာ ရိုးရှင်းတဲ့ ဟန်နဲ့ တွေးတောစရာများများကို ထည့်သွင်းထားခဲ့ပါတယ်။
“အဖေလောက်ကြီးမားတဲ့အရာ” ကို ဘာသာပြန်တဲ့အခါ ရိုးရှင်းတဲ့ ဘာသာစကားက အခက်အခဲတွေ တွေ့ရပါတယ်။ ဥပမာ စာပိုဒ်ထဲမှာ  “ကြမ်းခင်းတွေရေမြုပ်သွား….. ရေထဲမှာ သေဆုံးသွား” ဆိုတဲ့ စာတစ်ကြောင်းပါပါတယ်။ Dead in the water ကို မြန်မာလိုကတော့ ရေထဲမှာ သေဆုံးသွား လို့ပဲ အဓိပ္ပာယ် ဖလှယ်လိုက်ရတဲ့အတွက် အဖေဟာ သေဆုံးသွားပြီလို့ ပြောပြီးမှ နောက်တစ်ပိုဒ်မှာ ပြန်ပေါ်လာပြီး နောက်ထပ် သေဆုံးပြန်တယ် လို့ ထင်စရာဖြစ်နေပါတယ်။  သာမန်အားဖြင့်တော့ ကဗျာဆရာတွေက သူတို့ကဗျာတွေအကြောင်း ရှင်းပြလေ့မရှိပါဘူး။ ဒါပေမဲ့ ဂျက်ဖရီကတော့ ကဗျာလေ့လာမှု ရည်ရွယ်ချက်အတွက် အဲဒီစာကြောင်း ကိစ္စကို ဒီလို ရှင်းပြခဲ့ပါတယ်။ သူ့ရှင်းလင်းချက်ကို ဘာသာမပြန်တော့ပါဘူး။ မူရင်းအတိုင်းဖတ်ကြည့်ပါ။
 .
"Dead in the water"  is a saying in English where - "The expression refers to a disabled ship that is unable to proceed. Its use as an expression outside the confines of the naval/seagoing world appears to be relatively recent".
In my poem, it is a metaphor of course, but it refers to my relationship to my father, in the domestic confines of the home - and my parents' relationship, which I have compared to a sinking ship ("the floorboards subsided").
It is quite concentrated, but I guess you could say my father was (by this time) like a disabled ship (his alcoholism) and that his life was "unable to proceed", going nowhere.
.
.

အဖေလောက်ကြီးမားတဲ့အရာ
.
ကျွန်တော်သူ့ကို ပထမဆုံး ဆုံးရှုံးလိုက်ရတုန်းက
ဖမ်းဆုပ်ချိန်တောင် မရလိုက်ဘူး
သူဘယ်သူလဲ ဘာလုပ်လဲ ဘယ်နေရာမှာ
သူမနဲ့ လိုက်ဖက်ညီခဲ့ကြလဲဆိုတာ
 .
ဒါဟာ သိပ်ကို ညံ့ဖျင်းရာကျပါတယ်
အဖေလောက် ကြီးမားတဲ့ အရာတစ်ခု
ပျေက်ဆုံးသွားရတယ်ဆိုတာ
 .
နောက်တစ်ကြိမ်သူ့ကို ဆုံးရှုံးလိုက်ရပြန်တယ်
ရမ်တွေလျှံနေတဲ့ ရေတပ်က
သူ့ကို ခေါ်သွား ခေါ်သွား
ဆက်ဆက်ပြီး ခေါ်သွား
 .
ဒါကျွန်တော့်အပြစ်တော့ မဟုတ်ခဲ့ဘူး
အဖေလောက်ကြီးမားတဲ့ ရေယာဉ်ကြီးတစ်စီးကို
ဆုံးရှုံးလိုက်ရတာ
 .
ကျွန်တော်သူ့ကို တတိယအကြိမ် ဆုံးရှုံးရပြန်တယ်
ပုလင်းတစ်လုံးထဲက သင်္ဘောမှာ
အဲဒီပုလင်းက သူ့ကို လှုပ်ခါ  လှုပ်ခါ
သူ့အိပ်ကပ်တွေကို ခါချ
 .
ဘယ်လို မှော်အတတ်မျိုးကမှ
ကျွန်တော့်ကို အဖေနဲ့အတူနေရအောင်
ပုလင်းထဲကိုထည့်မပေးနိုင်ခဲ့ဘူး
 .
ကျွနော်သူ့ကို အိမ်မှာ ဆုံးရှုံးရပြန်တယ်
ကြမ်းခင်းတွေ ရေမြုပ်သွား
သူကပြောတုန်း သူမကပြောတုန်း
ဟိုဘက်ကိုသွား ဒီဘက်ကိုသွား
 .
ပြီးတော့ ရေထဲမှာ သေဆုံးသွား
အဖေ့ကို ကျွန်တော်
လှမ်းဆွဲမထားနိုင်ခဲ့ဘူး
 .
ကျွန်တော်သူ့ကို နောက်ဆုံးအကြိမ် ဆုံးရှုံးပြန်တော့
အပြီးအပိုင်လက်လွှတ်လိုက်ရပြီ
နေ့တွေနဲ့ ညတွေ
သူရှုရှိုက်နေတဲ့ ဝင်သက်ထွက်သက်တွေ
 .
သေခြင်းရဲ့ တော်ပီဒိုထိပ်ဖူးက
ရေထဲက ထွက်လာပြီး
အဖေ့လှေကလေးကို ဖောက်ခွဲပစ်ခဲ့တယ်။

 .

ဂျက်ဖရီ ပါပါရိုရာ ဟိုးလ်မန်း 

 

သွားလေသူများ ဆိုတဲ့ကဗျာကို ဂျက်ဖရီဟာ ဂျပန်ပြည်ကို ရောက်စဉ်က ရေးသားခဲ့ပါတယ်။
 .

သွားလေသူများ
 .
ငြိမ်သက်နေတဲ့ တချို့အိမ်တွေမှာ
ကျည်ဆံပေါက်ရာတွေ
ကာမိကာဇေအဖြစ် ကျဆုံးသွားသူတို့ရဲ့
အဖြူအမည်းဓာတ်ပုံတွေ
 .
သူတို့အတွက်တော့ ကြေကွဲခြင်းဟာ
နက်ရှိုင်းစွာ သိမ်းဝှက်ထား
လမ်းမတွေပေါ်မှာ မမြင်တွေ့နိုင်
ကျီးကန်းတွေရဲ့ တအားအားအော်သံတွေထဲမှာတောင်
အဲဒီအသံကို ခြေရာခံလို့ရမယ်မထင်
 .
ထမင်းနဲ့ငါးပဲ အားထားရတဲဘဝက
ဟောင်းလောင်းဖောက်အရောင်တင်ထားတဲ့
အရိုးတွေရဲ့ ပရိုတိန်းချို့တဲ့မှုအပေါ်
ခါးကိုင်းညွှတ်ကျနေတဲ့ ဒီအဘွားအိုဆီမှာတော့
(အဲဒီကြေကွဲခြင်းကို) ရှာတွေ့ချင်တွေ့နိုင်မယ်
 .
ဟိုအိမ်တစ်အိမ်ထဲမှာတော့
ဧကရာဇ်ဟောင်းကြီးရဲ့ ပုံတူကားချပ်
နောက်တစ်နေရာမှာတော့
ဘုရားစင်နောက်မှာ အဝတ်စနဲ့ ပတ်ထားတဲ့
တိုက်ပွဲဝင်ဓားတစ်လက်
လက်ကိုင်ရိုးပေါ်က ရွှေရောင် ချယ်ရီပန်းတွေရဲ့ ဖူးပွင့်မှုဟာ
 ဓားအိမ်ထဲက အိပ်ပျော်နေတဲ့ ဓားသွားကို
ရုပ်ဖျက်ပေးထားတယ်
 .
ညဘက်မှာ ဓားခုတ်သံနဲ့ ငိုရှိုက်သံတွေ အသေအချာ ရှိနေတယ်
ဒါပေမယ့် သူတို့ ဘယ်ကလာသလဲ ဆိုတာကိုတော့
ပြောပြဖို့မဖြစ်နိုင်ဘူး
 .
ဂျက်ဖရီ ပါပရိုရာ ဟိုးလ်မန်း 

.
.
(နယူးဇီလန် ကဗျာဆရာ  ဂျက်ဖရီ ပါပရိုရာ ဟိုးလ်မန်း  (Jeffery Paparoa Holman) ၏ “As big as a father” နှင့် “The departed” ကဗျာများကို ပန်ဒိုရာက မူရင်းအင်္ဂလိပ်ဘာသာမှ မြန်မာဘာသာသို့ ဆီလျော်အောင် ပြန်ဆိုပါသည်။)
ဂျက်ဖရီရဲ့ စာတွေကို အောက်က လင့်ခ်တွေမှာ ဖတ်ရှုနိုင်ပါတယ်။
ဒီလင့်ခ်က တော့ သူ့ကဗျာတွေကို ဘာသာပြန်နေတုန်းကာလတွေက သူ့ဘလော့ဂ်မှာ ရေးထားတဲ့ ဆောင်းပါးလေးပါ။

.
.
ပန်ဒိုရာ
၁၅.၂.၂၀၁၃

Tuesday, January 1, 2013

အီရတ်နိုင်ငံက ကဗျာဆရာမ “ဂူလာလာ နိုရိ” ရဲ့ အင်တာဗျူးနဲ့ ကဗျာများ

.
.

.
.

အမျိုးသမီး အခွင့်အရေးနဲ့ ပတ်သက်လာရင် မေးခွန်းထုတ်စရာတွေ တပုံကြီးရှိနေတဲ့ အာရပ်ကမ္ဘာမှာ အောင်မြင်တဲ့ အမျိုးသမီး တစ်ဦး ဖြစ်လာဖို့ဆိုတာ မလွယ်ပါဘူး။ အီရတ်နိုင်ငံက “ဂူလာလာ နိုရိ (Gulala Nouri)” ဟာ အောင်မြင်တဲ့  အမျိုးသမီး ကဗျာဆရာ တစ်ဦးသာမက စာနယ်ဇင်း၊ ရုပ်မြင်သံကြား၊ အဖွဲ့အစည်းတွေ၊ ကုမ္ပဏီတွေမှာ အရေးပါတဲ့ နေရာတွေကနေ တာဝန်ထမ်းဆောင်နေခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။ ဂူလာလာဟာ အီရတ်နိုင်ငံက စာရေးဆရာများသမဂ္ဂ၊ စာနယ်ဇင်းအစည်းအရုံးနဲ့ အီရတ်ဘာသာပြန်သူများ သမဂ္ဂတို့မှာ တက်ကြွတဲ့ အဖွဲ့ဝင် တစ်ယောက်လည်းဖြစ်ပါတယ်။ အီရတ်နိုင်ငံတွင်းနဲ့ အခြားနိုင်ငံတကာမှာ ကျင်းပတဲ့ စာပေပွဲတော်တွေမှာလည်း ပါဝင်ဆင်နွှဲခဲ့ပါတယ်။
.
ဂူလာလာဟာ သူမရဲ့ ကိုယ်ပိုင်ကဗျာစုစည်းမှု စာအုပ် ၄အုပ်၊ ဆိုဗီယက်ကဗျာဆရာ ဗီဆိုစကီ (Vysotsky) ရဲ့ ဘဝနဲ့ကဗျာတွေကို  ရုရှားဘာသာကနေ အာရဘီ ဘာသာကို ပြန်ဆိုတဲ့ ကဗျာစာအုပ် ၁အုပ် နဲ့ ရုရှားဘာသာကနေ ကာဒီ ဘာသာကို ပြန်ဆိုတဲ့ စာအုပ် ၁အုပ် ထုတ်ဝေခဲ့ပြီးဖြစ်ပါတယ်။ အဒီ ဘာသာပြန်စာအုပ် ၂ အုပ်ဟာ ၂၀၁၁ ခုနှစ်မှာ ပိုလန်နိုင်ငံက စာပေပွဲတော်မှာ best product ဆုကို ရရှိခဲ့ပါတယ်။ ဂူလာလာရဲ့ ပထမဆုံးသော ဝတ္ထုတို စုစည်းမှုစာအုပ်နဲ့ ဆဒန်ဟူစိန်လက်ထက်က ဓာတုပေါက်ပွဲမှုတစ်ခုအကြောင်းဖြစ်တဲ့  Halabja Disaster အကြောင်းကို ကာဒီ ကနေ အင်္ဂလိပ်ကို ပြန်ထားတဲ့ ဘာသာပြန် ဝတ္ထုတိုစာအုပ်တို့ကို မကြာမီထုတ်ဝေမှာဖြစ်ပါတယ်။   ဂူလာလာရဲ့စာတွေကို အင်္ဂလိပ်ဘာသာ၊ ပါရှန်း၊ ရုရှား၊ မွန်ဂိုလီးယန်း စသည်ဖြင့် ဘာသာစကား အတော်များများကို ပြန်ဆိုခဲ့ကြပါတယ်။ 
.
ဂူလာလာဟာ အီရတ်နိုင်ငံမှာ ရင်ဆိုင်တွေ့ခဲ့တဲ့ စစ်ပွဲကြီး ၃ ပွဲလုံးကို မျက်မြင်တွေ့ကြုံ ဖြတ်သန်းခဲ့တဲ့ မျိုးဆက်တစ်ဦးလည်း ဖြစ်ပါတယ်။ အဲဒီစစ်ပွဲတွေကတော့ အီရန်-အီရန်စစ်ပွဲ၊ အီရတ်-ကူဝိတ် စစ်ပွဲနဲ့ အခုနောက်ဆုံး ဆဒန်ဟူစိန်ကို ဖယ်ရှားခဲ့တဲ့ စစ်ပွဲတို့ဖြစ်ပါတယ်။ အဲဒီစစ်ပွဲတွေအားလုံးကို ဖြတ်သန်းခဲ့ရတဲ့ စာရေးဆရာမျိုးဆက်တွေရဲ့ စာပေတွေကို အဲဒီကာလရဲ့ သက်ရှိ ပညာတတ် သက်သေခံတွေလို့ တင်စားကြတယ်လို့ ဂူလာလာက ပြောပြခဲ့ပါတယ်။
.
အမျိုးသမီးတွေအပေါ်မှာ တင်းကျပ်တဲ့ ထုံးတမ်းစဉ်လာတွေကို ဆန့်ကျင်ခဲ့တဲ့ ဂူလာလာ ဟာ အသက် တစ်ဆယ့်ရှစ်နှစ် အရွယ်ကတည်းက သူ့ဇာတိ ကာကတ်မြို့ကနေ ထွက်လာပြီး ဘဂ္ဂဒက်မှာ မိမိဘာသာ လွတ်လွတ်လပ်လပ် နေထိုင်ခဲ့တယ်။ ဒီလိုနဲ့ မြို့တော် ဘဂ္ဂဒက်မှာ ကဗျာဆရာအဖြစ်ရော သတင်းထောက်အဖြစ်ပါ လုပ်ကိုင်နေတုန်း ဆဒန်ဟူစိန်အတွက် ဘုန်းတော်ဘွဲ့ကဗျာ ရေးပေးဖို့ သူ့ကို အထက်လူကြီးက ခိုင်းလာတာကို ကြုံခဲ့ဖူးပါတယ်။ ဂူလာလာက မရေးချင်ကြောင်း ပြောတော့ ဒါဆို မရေးချင်ဘူးဆိုတာကို စာနဲ့ရေး လက်မှတ်ထိုးပြီး ပြောရမယ်တဲ့။ လူတစ်ယောက်ရဲ့ အသက်ဆိုတာ စက္ကန့်ပိုင်းအတွင်း ဖက်ရွက်လို ကြွေသွားနိုင်တဲ့နေရာမှာ ဂူလာလာဟာ အခက်အခဲကြုံရတော့တယ်။ အဲဒီစာကို ရေးဖို့ နေ့ရွှေ့ညရွှေ့ အချိန်ဆွဲပြီး နောက်တော့ သူအိမ်ထောင်ပြုတော့မယ် လို့ ညာပြောပြီး အလုပ်က ထွက်လာခဲ့တယ်။
.
ဂူလာလာရဲ့ဘဝမှာ အလှည့်အပြောင်းတွေ အများကြီးပါ။ နေရာတွေလည်း အတော်များများ ပြောင်းရွှေ့နေထိုင်ခဲ့တယ်။  အောင်မြင်လာတာနဲ့အမျှ ခြိမ်းခြောက်မှုတွေလည်း ကြုံတွေ့ခဲ့ရတယ်။ တစ်ခါကတော့ ဘဂ္ဂဒက်မြို့မှာ တက္ကစီစီးလာတုန်း သူ့နောက်ကို လက်နက်ကိုင်လူတစ်ခုက လိုက်ခဲ့တယ်။ ပါးနပ်တဲ့ ကားဒရိုင်ဘာရဲ့ ကူညီမှုကြောင့် အသက်ဘေးက လွတ်မြောက်ခဲ့ရတယ်။  အဲဒီနောက် ယူကရိန်းနိုင်ငံမှာ ပညာဆက်သင်ခဲ့ပါတယ်။ လတ်တလောမှာတော့ သူ့ရဲ့ ပီအိတ်ခ်ျဒီ ပါရဂူဘွဲ့ကို အပြီးသတ်ဖို့ ကြိုးစားနေပါတယ်။
.
ဂူလာလာရဲ့ လက်ရာတွေကို မတင်ပြခင် အိုင်အိုဝါတက္ကသိုလ် International Writing Program(IWP) မှာ ဆုံတွေ့ခဲ့တဲ့အခိုက် သူဖြေခဲ့တဲ့ အင်တာဗျူးကို ဘာသာပြန်ပေးလိုက်ပါတယ်။ မေးခွန်းတွေကို ဘော့စဝါနာက အာဖရိကန်ကဗျာဆရာမ တီဂျေဒီးမားနဲ့ ပန်ဒိုရာတို့က မေးမြန်းခဲ့တာဖြစ်ပါတယ်။
.
မေး။ ။ ဆရာမက ဘယ်ဒေသကပါလဲ။ ဘယ်လိုကြီးပြင်းခဲ့ပြီးတော့ အခု ဘယ်နေရာမှာ နေထိုင်ပါသလဲ။
ဖြေ။ ။ ကျွန်မက အီရတ်-ကာဒစ်စတန် ဒေသကပါ။ ကာဒစ်စတန်ဒေသဆိုတာ အီရတ်နိုင်ငံထဲက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတစ်ခုဖြစ်ပါတယ်။ အရှေ့ဘက်မှာ အီရန်နိုင်ငံ၊ မြောက်ဘက်မှာ တူရကီနိုင်ငံ၊ အနောက်ဘက်မှာ ဆီးရီးယားနိုင်ငံနဲ့ တေင်ဘက်မှာတော့ အီရတ်နိုင်ငံထဲက အခြားဒေသတွေနဲ့ နယ်နိမိတ်ချင်း ထိစပ်နေပါတယ်။ အီရတ်ဖွဲ့စည်းပုံ အခြေခံဥပဒေ အသစ်မှာ အီရတ်-ကာဒစ်စတန်ကို အီရတ်ရဲ့ ဖယ်ဒရယ်ဒေသတစ်ခုလို့ အဓိပ္ပာယ် သတ်မှတ်ထားပါတယ်။ အာရဘီဘာသာနဲ့ ကာဒီဘာသာကိုလည်း ရုံးသုံးဘာသာစကားတွေအဖြစ် ပူးတွဲသတ်မှတ်ထားပါတယ်။ အမျိုးသားရေးဝါဒီနဲ့ ဘာသာရေးကိုင်းရှိုင်းသူတွေ အများကြီးရှိပြီး အာရပ်လူမျိုးကြီးဝါဒ ထွန်းကားနေတဲ့အချိန်မှာ ကာကပ်ဒေသမှာ ကြီးပြင်းခဲ့ရပါတယ်။ (အာရပ်လူမျိုးကြီးဝါဒ ဆိုတာ ကျွန်မတို့ရဲ့ ကာဒီ ဘာသာစကားကို သင်ခွင့်မရတာ၊ ပြီးတော့ ကာ့ဒ်လူမျိုးတွေကို မြို့ပြင်ထွက်စေပြီး အာရပ်မိသားစုတွေရဲ့ အိမ်တွေ မြေတွေကို မြို့ထဲမှာ နေရာချလာတာပါ။) အဲဒီလို လူမျိုးရေးဝါဒကို အာဏာရှင် ဆဒန်ဟူစိန်က မျိုးစေ့ချခဲ့တာပါ။
.
မေး။ ။ဆရာမက အချိန်ပြည့်စာရေးဆရာတစ်ယောက် ဖြစ်ပါသလား။ မဟုတ်ခဲ့ဘူးဆိုရင် တခြားဘာတွေများ လုပ်ပါသလဲ။
ဖြေ။ ။တကယ်တော့ ကျွန်မတို့နိုင်ငံမှာ အချိန်ပြည့်စာရေးဆရာဆိုတဲ့ အသုံးအနှုန်း မရှိပါဘူး။ သေချာတာပေါ့။ ကျွန်မ ရှင်သန်နေထိုင်ဖို့ (စာရေးခြင်းအပြင်)တခြားအလုပ်တစ်ခု လုပ်သင့်တယ်လေ။ ကျွန်မ မီဒီယာလုပ်ငန်းတွေမှာ (ရုပ်မြင်သံကြားရော၊ သတင်းနဲ့စာနယ်ဇင်းမှာရော) လုပ်ခဲ့ပါတယ်။ အခုလောလောဆယ်တော့ ကာဒစ်စတန်ဒေသရဲ့ အာဘေလ် မြို့မှာရှိတဲ့ High Commotion of Erbil Citadel Revitalization ရဲ့ လူထုဆက်ဆံရေးနဲ့ မီဒီယာ ဌာနမှာ လုပ်နေပါတယ်။ (အဲဒီ နေရာဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀၀၀ ကတည်းက အခုအထိ လူနေထိုင်မှု မပြတ်ခဲ့တဲ့ ကမ္ဘာ့အဟောင်းဆုံး မြို့လို့ သတ်မှတ်ခံရပါတယ်။) အဲဒီအပြင် Berma Company ရဲ့ ဆောက်လုပ်ရေးနဲ့ ရင်းနှီးမြုပ်နှံမှုဌာနမှာ လူထုဆက်ဆံရေး မန်နေဂျာအဖြစ်လည်း လုပ်ကိုင်နေပါတယ်။
.
မေး။ ။ကျားမဖြစ်တည်မှုနဲ့ လူ့အခွင့်အရေးကိစ္စတွေဟာ ဆရာမရဲ့ စာတွေထဲမှာ ထင်ဟပ်နေပါသလား။ ဘယ်လိုများ ထင်ဟပ်နေပါသလဲ။
ဖြေ။ ။ကျားမဖြစ်တည်မှုနဲ့ ပတ်သက်လို့တော့ ကျွန်မ စပြီး စာရေးချိန်မှာ ကိုယ့်ကိုယ်ကို ယောင်္ကျားလား မိန်းမလားဆိုတာ မှန်ထဲမှာရော ကျွန်မရဲ့အတွင်းစိတ်ထဲမှာရော ပြန်မကြည့်ခဲ့ပါဘူး။ ဒါပေမယ့် ကျွန်မဟာ မိန်းမတစ်ယောက် ဖြစ်ခြင်းနဲ့ မိန်းမတစ်ယောက်ရဲ့ အတွေ့အကြုံတွေအားလုံး အတွက်ကို ဂုဏ်ယူပါတယ်။ ဒါပေမယ့် ကျွန်မရဲ့ တကယ့်ဘဝဖြစ်တဲ့ “မိန်းမတစ်ယောက်ရဲ့ အခွင့်အရေး” လို့ မပြောခင်မှာ ကျွန်မက “လူသားတစ်ယောက်ရဲ့ အခွင့်အရေး” ဆိုတာကို အရင်ပြောချင်သူပါ။ ကျွန်မတို့ ဖြတ်သန်းနေရတဲ့ မော်ဒန်ခေတ်ရဲ့ ကြမ်းတမ်းမှုတွေကို ရင်ဆိုင်နေရချိန် စာရေးသားခြင်းရဲ့ အခန်းကဏ္ဍဆိုတာကို မေးခွန်းထုတ်တဲ့နေရာမှာ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူအဖြစ်ဟာ ကျွန်မဘဝထဲကို နက်နက်ရှိုင်းရှိုင်း ထိုးဖောက်နေပါတယ်။ အဲဒါတွေအားလုံးဟာ ကျွန်မကိုကျွန်မ ပြန်မြင်တဲ့ ဖီလော်ဆော်ဖီရဲ့ အစိတ်အပိုင်းတွေဖြစ်သလို နောက်ဆုံး ကျွန်မရေးသားတဲ့ စာတွေထဲအထိ ရောက်ရှိနေပါတယ်။
.
မေး။ ။ဘာကြောင့် ဘယ်သူ့အတွက် ဆရာမ စာရေးပါသလဲ။
ဖြေ။ ။ကျွန်မ အသက်ရှူဖို့ စာရေးပါတယ်။ ကျွန်မဟာ ကျွန်မကိုယ်တိုင်ဖြစ်ဖို့ စာရေးပါတယ်။ စာရေးခြင်းဟာ  မှန်ကန်စွာ နေထိုင်မှုအတွက် ကျွန်မရဲ့ ခေါင်း၊ အသည်းနှလုံးနဲ့ ကိုယ်ခန္ဓာကို မျှတအောင် ချိန်ညှိပေးပါတယ်။ ကျွန်မရဲ့ ခံစားချက်တွေဟာ လယ်ဗယ်အမျိုးမျိုးကြားမှာ တိုက်ခိုက်နေကြပါတယ်။ စာရေးခြင်းဟာ အဲဒါတွေကို ဖြေရှင်းနိုင်တဲ့ ပွိုင့်တစ်ခုကို ရောက်စေပါတယ်။ သူတို့ကြားမှာ ရှင်းလင်းပြတ်သားပြီး မြင်ရတဲ့ မျဉ်းတွေဆွဲပေးပါတယ်။ ဒီတော့ စာတွေထဲမှာ ကျွန်မရဲ့ အစိတ်အပိုင်းတစ်ခုကို ထားခဲ့ပြီးတော့ ကျွန်မရဲ့ ဘဝကို ရှေ့ဆက်စေပါတယ်။ အဲဒါဟာ ကျွန်မကို ဗဟုသုတနဲ့ နောက်ထပ်အဆင့် ဖျော်ဖြေမှုအသစ်တွေကို ပေးစေပါတယ်။ ကျွန်မအတွက်တော့ စာရေးခြင်းဆိုတာ အထူးသဖြင့် ကဗျာရေးခြင်းဟာ သိပ်ကို အဆင့်မြင့်တဲ့ပုံစံနဲ့ ဖျော်ဖြေမှုတစ်ခုပါ။ နောက်ပြီးတော့ ကျွန်မဟာ မာယာများတဲ့ ကမ္ဘာမှာ ရှုံးနိမ့်နေတဲ့ တိုက်ခိုက်သူတစ်ဦး ဖြစ်နေတဲ့အတွက် စာရေးပါတယ်။
.
မေး။ ။ ဆရာမဟာ IWP ကို ဘယ်လိုရောက်လာခဲ့ပါသလဲ။
ဖြေ။ ။ အီရတ်က တခြားမြို့တွေမှာရှိတဲ့ စာရေးဆရာတွေနဲ့ ယှဉ်ပြိုင်ဖို့ ကျွန်မရဲ့ဇာတိမြို့ ကာကပ်မှာရှိတဲ့ အမေရိကန် ကောင်စစ်ရုံးက ကျွန်မရဲ့ နာမည်ကို လျှောက်လွှာတင်လိုက်ပါတယ်။ ပြီးတော့ အိုင်အိုဝါတက္ကသိုလ်ရဲ့ အစီအစဉ်မှာ အီရတ်နိုင်ငံကို ကိုယ်စားပြုဖို့အတွက် ဘဂ္ဂဒက်မြို့မှာရှိတဲ့ အမေရိကန်သံရုံးက ကျွန်မကို ရွေးချယ်ခဲ့ပါတယ်။ နောက်ဆုံးတော့ အိုင်အိုဝါတက္ကသိုလ်က အတည်ပြုပြီးတဲ့အခါ ကျွန်မ ဒီကိုရောက်လာခဲ့ပါတယ်။
.
မေး။ ။ဒီအစီအစဉ် မှာ ဘာတွေပါဝင်ဖို့ စိတ်ကူးကြံစည် ထားခဲ့ပါသလဲ။ တကယ့်တကယ် အိုင်အိုဝါကို ရောက်လာတော့ ဘာတွေလုပ်ဖြစ်ပါသလဲ။
ဖြေ။ ။ဒီခရီးအတွက် ကျွန်မရဲ့အမြင်တွေကို စာအုပ်တစ်အုပ်ရေးဖို့ စိတ်ကူးခဲ့ပါတယ်။ အဲဒါတွေကတော့ အိုင်အိုဝါမြို့အကြောင်း၊ ဒီမှာ ကျွန်မတို့ ပါဝင်ခဲ့တဲ့ စာပေလှုပ်ရှားမှုတွေအကြောင်းနဲ့ အိုင်အိုဝါကနေတဆင့် တွေ့ကြုံခဲ့ရတဲ့ အမေရိကန် မော်ဒန်စာပေအကြောင်း စတာတွေပါ။ ၂၀၁၂ IWP မှာပါဝင်တဲ့ ကဗျာဆရာတချို့ရဲ့ ကိုယ်ရေးအထုပ္ပတ္တိအကျဉ်းနဲ့ သူတို့ရဲ့ ကဗျာတချို့ကို အာရဘီဘာသာကို ပြန်ဆိုနေပါတယ်။ အဲဒီအပြင် ကျွန်မရဲ့ ငါးအုပ်မြောက် ကဗျာစုစည်းမှုအတွက် ကဗျာအသစ်တွေ ရေးနေပါတယ်။
.
မေး။ ။ ဆရာမ နေထိုင်တဲ့ နေရာတွေရဲ့ စာပေမြင်ကွင်းကို ပြောပြနိုင်မလား။
ဖြေ။ ။ ဒီမေးခွန်းကို ဖြေဖို့အတွက် စာအုပ်တစ်အုပ်စာလောက် ရေးဖို့လိုမယ်။ ကျွန်မ နိုင်ငံတွေအများကြီးနဲ့ မြို့တွေအများကြီးမှာ နေထိုင်ခဲ့ပါတယ်။ ဘယ်နေရာကို ပြောပြစေချင်တာပါလိမ့်။
.
မေး။ ။ အီရတ်မှာ စာပေပွဲတော်တွေ ဘယ်လောက် မကြာခဏ ကျင်းပပါသလဲ။ ဘာတွေကို အဓိကထားပြီး ကျင်းပလေ့ရှိပါသလဲ။ ဥပမာ ကဗျာ၊ သုတ၊ အထွေထွေအနုပညာ စသည်ဖြင့်ပေါ့။
ဖြေ။ ။ပွဲတော်တွေက အများကြီးပါ။ အခြေခံကျတဲ့ တစ်ခုကတော့ မာဘစ် ပွဲတော်ဖြစ်ပါတယ်။ အီရတ်တောင်ပိုင်း ဘဆရာမြို့မှာ ကျင်းပပါတယ်။ အဲဒါဟာ ကဗျာကို အဓိကထားပြီး ကျင်းပတဲ့ နိုင်ငံတကာ ကဗျာပွဲတော် ဖြစ်ပါတယ်။ ကျွန်မအခုနေထိုင်နေတဲ့ အီရတ်မြောက်ပိုင်းက ကာဒစ်စတန်ဒေသမှာတော့ နိုင်ငံတကာ ပွဲတော်တွေ အများကြီးကျင်းပပါတယ်။ ကဗျာ၊ ရုပ်ရှင်၊ အက၊ စာအုပ်ပြပွဲ၊ ထုတ်ဝေဖြန့်ချိတဲ့ စာပေတိုက်တွေရဲ့ ပွဲတော်၊ ယဉ်ကျေးမှုနဲ့ စီးပွးရေးဆိုင်ရာ ပြပွဲတွေ အများကြီးရှိပါတယ်။
.
မေး။ ။ပြည်တွင်း စာပေဆုတွေ ရှိပါသလား။ ဒီဆုတွေ ရဖို့ ဘယ်ဘာသာစကားတွေနဲ့ ယှဉ်ပြိုင်ရပါသလဲ။
ဖြေ။ ။ စာပေဆုတွေ ရှိပါတယ်။ ဒါပေမယ့် သိပ်တော့ အားမကောင်းပါဘူး။ အီရတ်မှာ နေထိုင်တဲ့ ဘယ်နိုင်ငံသားမဆို သူတို့ရဲ့ ဘာသာစကားနဲ့ ရေးပိုင်ခွင့်ရှိပါတယ်။ ပြီးတော့ စီစဉ်သူတွေ ဆန္ဒရှိသလို ဆုတွေ ချီးမြှင့်နိုင်ပါတယ်။
.
မေး။ ။အီရတ်စာပေမှာ အမျိုးသမီးတွေရဲ့ ပါဝင်မှုက ဘယ်လိုများရှိပါသလဲ။
ဖြေ။ ။အီရတ်ဟာ အမျိုးသားလွှမ်းမိုးတဲ့ လူ့အဖွဲ့အစည်းပါ။ ဒါဟာ စာပေကဏ္ဍမှာလည်း သက်ရောက်မှုရှိပါတယ်။ အမျိုးသားတွေနဲ့စာရင် အမျိုးသမီးပါဝင်မှုက အရမ်းနည်းပါတယ်။ သိပ်ကောင်းတဲ့ အမျိုးသမီး စာရေးဆရာတွေကလည်း အခုအချိန်မှာ အီရတ်နိုင်ငံပြင်ပမှာ ရောက်နေကြပါတယ်။ ဒါဟာ တကယ့်ကို ဝမ်းနည်းစရာပါ။ စာရေးဆရာမ အသစ်တစ်ယောက် ပေါ်လာတယ်ဆိုရင် ကျွန်မတို့ဟာ သူ ဆက်ပြီး စာရေးလိမ့်မယ် ဖန်တီးမှုတွေ လုပ်တော့မယ်လို့ မျှော်လင့်ကြပါတယ်။ ဒါပေမယ့် သိပ်မကြာဘူး ပျောက်သွားလေ့ရှိပါတယ်။ ဒီလို သူထွက်သွားဖြစ်ဖို့အတွက် လူမှုရေး အကြောင်းပြချက်တွေ အများကြီးရှိလိမ့်မယ်လို့ ကျွန်မထင်ပါတယ်။ တစ်ခါတစ်ခါကျတော့လည်း စာပေနယ်မှာ အမျိုးသမီးတွေ ပါဝင်လာကြရင် မီးမောင်းထိုးပေး ကြပါတယ်။ ဒါပေမယ့် သူတို့ရဲ့ အခြေခံကိုက သိပ်ပြီး ဖန်တီးမှု အားမကောင်းရင်လည်း ကြာရှည်မခံတတ်ပါဘူး။
.
မေး။ ။ဆရာမတို့နိုင်ငံမှာ ကဗျာကို ကျယ်ကျယ်လောင်လောင် အသံထွက်ပြီး ဖတ်လေ့၊ ရွတ်ဆိုလေ့၊သရုပ်ဖော်လေ့ ရှိကြပါသလား။ ရှိခဲ့တယ်ဆိုရင် အဲဒါဟာ ခေတ်ပြိုင်လှုပ်ရှားမှု တစ်ရပ်လား၊ ယဉ်ကျေးမှု ထုံးတမ်းစဉ်လာမှာ ပါခဲ့လို့ ဆက်ရွတ်နေကြတာလား။
ဖြေ။ ။များသောအားဖြင့် ကဗျာကို အသံထွက်ပြီး ရွတ်ကြပါတယ်။ တချို့လည်း ပြဇာတ်လို သရုပ်ဖော်ကြပါတယ် (အတော်တော့ ရှားပါတယ်)။ ကဗျာရွတ်ခြင်း ဟာ အီရတ်မှာ ခေတ်ပြိုင်လှုပ်ရှားမှုအနေနဲ့တော့ မရှိပါဘူး။ ပြင်သစ်နိုင်ငံက လူဒက်ဗ်မှာ နိုင်ငံတကာကဗျာပွဲတော်တစ်ခုကို တက်ခဲ့တော့မှ စိတ်ဝင်စားဖွယ် နည်းလမ်းတွေနဲ့ အလွန်ကို ခေတ်မီတဲ့ ကဗျာရွတ်ပုံတွေနဲ့ လူတွေစုဝေးနားထောင်ကြတဲ့ ခေတ်ပြိုင် ကဗျာရွတ်ပွဲတွေကို  မြင်ဖူးတာပါ။ ဥပမာ တောအုပ်ထဲမှာ ကဗျာဆရာက ကဗျာရွတ်နေတုန်း နားထောင်သူတွေက နေရောင်ထဲမှာ လဲလျောင်းနေတာ၊ ကျွန်မတို့က တံတားလေးပေါ်မှာ ရွတ်နေတုံး နားထောင်သူတွေက  ကုလားထိုင်မှာထိုင်နေတာ၊ မြစ်ကမ်းဘေးမှာ နားနားနေနေထိုင်နေတာ၊ ဖြတ်သန်းသွားလာနေတဲ့ ခရီးသွားတွေက လာနားထောင်တာ၊ အဲဒါတွေက တကယ့်ကို အံ့သြစရာပါ။
.
မေး။ ။ဆရာမက ဘယ်ဘာသာစကားတွေနဲ့ စာရေးသားပါသလဲ။
ဖြေ။ ။ကျွန်မ အာရဘီ ဘာသာနဲ့ ရေးပါတယ်။ အင်္ဂလိပ်လိုတော့ ရေးခဲပါတယ်။ ကာဒီဘာသာနဲ့လည်း ရေးတာရှားပါတယ်။ ဆိုလိုချင်တာက ကျွန်မ ကဗျာတွေနဲ့ ဝတ္ထုတိုတွေကို ရေးရင် အာရဘီ သာနဲ့ တိုက်ရိုက်ရေးပါတယ်။ ဒါပေမယ့် ဘသာပြန်ရင်တော့ ကာဒီဘာသာကနေ အာရဘီ နဲ့ အင်္ဂလိပ်ကို ပြန်ပါတယ်။ ကျွန်မက ရုရှားဘာသာစကားကနေ ကာဒီနဲ့ အာရဘီ လိုလည်း ပြန်ပါတယ်။
.
မေး။ ။ဆရာမရဲ့ စာပေတွေကို လွှမ်းမိုးတဲ့ စာရေးဆရာတွေ ဘယ်သူများလဲ ဘယ်နိုင်ငံကပါလဲ။ အများဆုံး စာရေးဆရာ ၃ ယောက်ကို ပြောပြပါလား။
ဖြေ။ ။အများကြီးပဲ၊ သုံးယောက်တည်း ပြောပြလို့မရဘူး။ ပြောရရင် စာပိုဒ်လေး နှစ်ပိုဒ်လောက်ပဲ ဖတ်မိတာဖြစ်ဖြစ် ကျွန်မ ဖတ်မိသူတိုင်းက ကျွန်မကို တစ်နည်းနည်းနဲ့ လွှမ်းမိုးတာချည်းပါပဲ။
.
မေး။ ။နိုင်ငံရေးနဲ့ ယဉ်ကျေးမှု ပတ်ဝန်းကျင်က ဆရာမရဲ့ စာတွေနဲ့ စာရေးသားနိုင်စွမ်းအပေါ် ဘယ်လို လွှမ်းမိုးပါသလဲ။
ဖြေ။ ။အီရတ်ရဲ့ နိုင်ငံရေး အခြေအနေတွေက သိပ်ကို ကြီးမားပါတယ်။ ဒါတွေဟာ အီရတ်က စာရေးဆရာအားလုံးနဲ့ သူတို့ရဲ့ စာတွေအပေါ် အသေအချာကို အကြီးအကျယ် လွှမ်းမိုးပါတယ်။ ကျွန်မတို့ဟာ စာရေးဆရာတွေ အနေနဲ့ အီရတ်ရဲ့ နိုင်ငံရေး အခြေအနေတွေကို ကျွန်မတို့ စာပေတွေကတဆင့် မှတ်တမ်းတင်ထားသလို ဖြစ်နေတာပါ။ ပြီးခဲ့တဲ့ အစိုးရ (ဆဒန်ဟူစိန်) ပြုတ်ကျသွားပြီးတဲ့အခါ ဒီနေ့ခေတ်မှာ ကျွန်မတို့ရဲ့ စာရေးသားခြင်းရယ် စတိုင်မျိုးစုံနဲ့ ကိုယ့်ကိုယ်ကို ဖော်ပြနိုင်ခြင်းရယ်ဟာ ပိုလွတ်လပ်လာပါတယ်။ အီရတ်က စာရေးဆရာတွေဟာ ဖန်တီးမှု အားမကောင်းဘူးဆိုရင် သူတို့မှာ ဘယ်လိုရေးရမယ်လို့ ချုပ်နှောင်ခံထားရတာ ဆိုတဲ့ အကြောင်းပြချက်မျိုးတော့ မရှိဘူးလို့ ကျွန်မထင်ပါတယ်။ ဒါပေမယ့် တချို့ အနီရောင်မျဉ်းတွေတော့ ရှိပါတယ်။ ဥပမာ တချို့လူတွေရဲ့ဘဝမှာ ကိုးကွယ်ယုံကြည်မှု ဖြစ်နေတဲ့ ဘာသာရေး သင်္ကေတတစ်ခုခုကို တိုက်ခိုက်တာကို ဆိုလိုပါတယ်။
.
မေး။ ။အမျိုးသမီးတစ်ယောက်အနေနဲ့ အခုလို ကဗျာစာအုပ် ၄ အုပ် ထုတ်ဝေနိုင်ဖို့ ဘယ်အရာတွေက အထူးတလည် စိန်ခေါ်မှုရှိပါသလဲ။
ဖြေ။ ။ထုတ်ဝေခြင်းက တကယ်တော့ စိန်ခေါ်မှု မဟုတ်ပါဘူး။ ဒါပေမယ့် စာတွေကတဆင့် ကျွန်မကို ကျွန်မ ဘယ်လို ဖော်ပြရင် ကောင်းမလဲလို့ ရွေးချယ် ဆုံးဖြတ်ရတာက တကယ့်စိန်ခေါ်မှုပါ။
.
ဂူလာလာရဲ့ ကဗျာတွေထဲက နှစ်ပုဒ်ကို ဘာသာပြန်တင်ဆက်လိုက်ပါတယ်။ ပထမတစ်ပုဒ်ကတော့ စစ်ပွဲအကြောင်းနဲ့ ပတ်သက်နေပါတယ်။ အီရတ်နိုင်ငံကမို့ စစ်ပွဲအကြောင်း ရေးတာ မဆန်းပေမယ့် သူ့ချဉ်းကပ်ပုံကတော့ စိတ်ဝင်စားစရာပါ။

________________________________________________________

အကောင်းမြင်

ငါသူ့ကိုအမြဲပြောတယ်
သူငယ်ချင်း
စစ်ဆိုတာ ဆုံးရှုံးမှုတွေ တသီတတန်းပဲ လို့။
သူက ပြောတယ်
ဒီမှာ ငါ့ဟဲလမက်ကိုကြည့်
ထိပ်မှာ ထက်ပိုင်းပြတ်နေပြီ
ဒါပေမယ့် ငါ့ခေါင်းတော့ ကျန်သေးတယ် တဲ့။


ဂူလာလာ နိုရိ


(အီရတ်နိုင်ငံမှ ကဗျာဆရာမ ဂူလာလာနိုရိ၏ Optimism ကို အာရဘီဘာသာမှ အင်္ဂလိပ်ဘာသာသို့ Khaled Mattawaက ပြန်ထားသည်ကို ပန်ဒိုရာက မြန်မာဘာသာသို့ ဆီလျော်အောင် ပြန်ဆိုပါသည်။)



နောက်ထပ်ကဗျာတစ်ပုဒ်ကတော့ အချစ်ကဗျာပါ။ ဂူလာလာပြောပြချက်အရ သူတို့ဆီမှာ ဘာသာရေးနဲ့ ဓလေ့ထုံးစံတွေ တင်းကျပ်မှုကြောင့် အခုလို မိန်းကလေး တစ်ယောက်ကနေ ယောင်္ကျားလေးတစ်ယောက်ကို ဘယ်လိုချစ်တာ ဘယ်လို ရင်ခုန်တာ ဆိုတာမျိုးကို ဖွဲ့နွဲ့ရေးရတာဟာ အလွန်ကို အန္တရာယ်ကြီးပါသတဲ့။ ဒီကဗျာမှာတော့ ယောင်္ကျားလေးကို ချစ်ပုံက သူ့ရဲ့ ဆဲလ်တွေရဲ့ ရနံ့အထိတောင် စွဲလန်းတယ်ဆိုပြီး ကဲကဲပိုပို ဆိုထားတော့ ဒါဟာ အီရတ်မှာတော့ စွန့်စွန့်စားစား ရေးထားတဲ့ ကဗျာတစ်ပုဒ်ပါ။


သစ္စာဖောက်တွေကို လွှင့်ပစ်လိုက်မယ်

ရှင့်ဆဲလ်တွေရဲ့ရနံ့ ဟာ တောအုပ်
ဆလပ်ဗ်ဘုရင်တွေရဲ့ မြင်းတွေ
အဘွားအိမ်က ဖန်ထည်ပစ္စည်းတွေလို စစ်မှန်မှု
အရုဏ်ဦးလို သန့်စင်မှု
စိတ်လှုပ်ရှားမှု၊ ရင်းနှီးကျွမ်းဝင်ခြင်းတို့ပေါင်းစုရာ၊ လှုံ့ဆော်မှုတွေအပြည့်
ရာသီဦးမှာ ပထမဆုံး ရိတ်သိမ်းလိုက်တဲ့ လယ်သမားအသစ်စက်စက်ရဲ့ လက်တွေလို
ဒါမှမဟုတ် ဂီတသင်္ကေတတွေကိုပဲ သိတဲ့ မင်းသားတစ်ပါးရဲ့ လက်တွေလို
ပျော်ရွှင်မှု

ရှင့် ဆဲလ်တွေရဲ့ သင်းရနံ့ဟာ
အာရပ်ရေမွှေးနံ့နဲ့ ချုပ်လုပ်ထားတဲ့ ရွက်ဖျင်တဲတွေ
နွေဦးကာလနှောင်းပိုင်းရဲ့ လင်းလက်တဲ့နေ့တွေ
သူတို့ပေါ်မှာ မိုးရေတွေ ကခုန်သွားပြီးချိန်မှာ
ရွာထဲက မြက်ပင်တွေရဲ့ ငိုက်မျည်းမှု
ပျော်ရွှင်စရာ မင်္ဂလာဆောင်တွေနဲ့ ပြည့်နေတဲ့ အိမ်တွေ
ရှင့် ဆဲလ်တွေရဲ့ မွှေးရနံ့က လွတ်လပ်မှု၊ ရင်းနှီးဖော်ရွေမှု၊ မွေးကင်းစကလေးငယ်
အုပ်စုဖွဲ့ ပျားရိုင်းတွေ
ရယ်မောသံတွေ၊ ပျော်ပျော်ရွှင်ရွှင် အော်ဟစ်မြူးထူးသံတွေ
တစ်ခါတလေကျတော့ ငြိမ်သက်မှု၊ လျို့ဝှက်ဆန်းကြယ်မှု၊ တိတ်ဆိတ်မှု၊ သီးသန့်ဖြစ်မှု
ဒါမှမဟုတ် ပန်းခြံထဲက ချုံတွေကို ဖြတ်ညှိခြင်း
ရှင့် ဆလပ်ဗ် ဆဲလ်တွေရဲ့ အမွှေးနံ့ဟာ
ကျွန်မနှာခေါင်းဝကို ဖြတ်ပြေးသွား
ကျွန်မရဲ့ သနားစရာ နှာခေါင်းလေး ရှင့်လည်ပင်းပေါ်က အနံ့ဖျော့ဖျော့လေးရဲ့ရှေ့မှာ
ဒီကဗျာထဲမှာလေ ကျွန်မ နှာခေါင်းလေးဟာ
အနက်အဓိပ္ပာယ်တွေ မှန်သမျှ ဖွင့်ဆိုပြနိုင်တဲ့
မြို့ရဲ့စာကြည့်တိုက်လောက်သာ ကြီးကျယ်လိုက်စေချင်
မွှေးရနံ့တွေကရော တစ်ခုနဲ့တစ်ခု ချစ်သွားတတ်ကြသလားဟင်
ရှင့်ဆဲလ်တွေရဲ့ သင်းရနံ့ ပူးကပ်ဖမ်းစားမှုအောက်မှာ
အသက်မဝင်တော့တဲ့ အသုံးမကျတော့တဲ့ ကျေးဇူးမသိတတ်တဲ့
ကျွန်မရဲ့ ရေမွှေးပုလင်းတွေ
အဲဒီသစ္စာဖောက် ရေမွှေးပုလင်းတွေကို အကုန်လွှင့်ပစ်လိုက်တော့မယ်။ 

ဂူလာလာ နိုရိ

(အီရတ်နိုင်ငံမှ ကဗျာဆရာမ ဂူလာလာနိုရိ၏  I will throw out the traitors! ကို အာရဘီဘာသာမှ အင်္ဂလိပ်ဘာသာသို့ ဆရာမကိုယ်တိုင် ပြန်ထားသည်ကို ပန်ဒိုရာက မြန်မာဘာသာသို့ ဆီလျော်အောင် ပြန်ဆိုပါသည်။)


ပန်ဒိုရာ
၂၉ ဒီဇင်ဘာ ၂၀၁၂





Flag Counter