.
.
(မှတ်ချက်။
။ ကြုံတွေ့ခဲ့တဲ့ ကဗျာဆရာတွေနဲ့ တွေ့ဆုံမေးမြန်းမှုနဲ့ သူတို့ရဲ့
လက်ရာအချို့ကို ဆက်လက်တင်ပြသွားပါမယ်။ မကြာခင်ကတော့ အီရတ်က ကဗျာဆရာမ
“ဂူလာလာနိုရိ” အကြောင်းကို ရေးသားခဲ့ပါတယ်။ အခုလို မိတ်ဆက်ပေးသွားမယ့်
ကဗျာဆရာတွေ အားလုံးဟာ ဆုရသူတွေ၊ အကောင်းဆုံးတွေ၊ နာမည်အကြီးဆုံးတွေ
ဟုတ်ချင်မှ ဟုတ်ကြပါမယ်။ ဟုတ်ရင်လည်း ဟုတ်ကြပါမယ်။ သေချာတာကတော့ သူတို့ဟာ
သူတို့ရဲ့နိုင်ငံမှာ လက်တလော ကဗျာရေးသားနေဆဲ ယနေ့ခေတ် ကဗျာဆရာများ
ဖြစ်ကြပါတယ်။ အခြားနိုင်ငံတွေရဲ့ ယနေ့ခေတ် ကဗျာလောကထဲမှာ သူလိုကိုယ်လို
ရေးသားနေသူတို့ရဲ့ ဘဝ၊ ပြောပြချက်တွေနဲ့ လက်ရာတွေကို မိမိဘာသာ တစေ့တစောင်း
ကြည့်ချင်လို့ လက်လှမ်းမီသလောက် မေးကြည့်ခြင်းသာ ဖြစ်ပါတယ်။
နောက်အကြောင်းရင်းတစ်ခုကတော့ မူရင်းစာရေးသူတွေနဲ့ ဆက်သွယ်နိုင်တဲ့
အခွင့်အလမ်းရချိန်မှာ တရားဝင်ခွင့်တောင်းပြီး ဘာသာပြန်ခြင်း အလေ့အထကို
နှစ်သက်လို့လည်း ဖြစ်ပါတယ်။)
နယူးဇီလန်က
ကဗျာဆရာ စာရေးဆရာ ဂျက်ဖရီ ပါပရိုရာ ဟိုးလ်မန်း(Jeffery Paparoa Holman)
ရဲ့ ထူးခြားချက်ကတော့ သိုးမွေးညှပ်သူ၊ စာပို့သမား၊ စိတ်ရောဂါဌာန
လူမှုဆက်ဆံရေးဝန်ထမ်း၊ စာအုပ်ရောင်းသူ စတဲ့ ဘဝမျိုးစုံ ကျင်လည်ခဲ့ပြီး
အသက်အရွယ် အတော်ရကာမှ ကဗျာကို ပြန်လည်ပြီး တစိုက်မတ်မတ် ရေးသားခဲ့၊
ပညာရပ်တစ်ခုအနေနဲ့ ကျောင်းမှာ လေ့လာသင်ယူခဲ့ပြီး ခက်ခက်ခဲခဲ
ထိုးဖောက်ဝင်ရောက်ခဲ့တဲ့ သူ့ရဲ့ကြိုးပမ်းမှုပါ။ ယခုလည်း
ပင်စင်ယူတဲ့ အသက်အရွယ်ရောက်သည့်တိုင် ကဗျာကို ချစ်မြတ်နိုးစွာနဲ့ ဆက်လက်
လေ့လာသင်ယူနေဆဲ၊ ခေတ်ပြိုင်ပုံစံမျိုးစုံနဲ့ ရေးသားနေဆဲ ကဗျာဆရာတစ်ဦး
ဖြစ်ပါတယ်။ သူ့ရဲ့ ကဗျာဖြတ်သန်းမှုကို အင်တာဗျူး အဖြေတွေမှာ
ဖတ်ရှုနိုင်ပါတယ်။
.
သူ့ဘဝအကြောင်း
အကျဉ်းချုပ်၊ သူ့ကို မေးမြန်းခဲ့တဲ့ အင်တာဗျူးနဲ့ သူ့ရဲ့ ထင်ရှားတဲ့
ကဗျာနှစ်ပုဒ်ကို မိတ်ဆက် တင်ပြလိုက်ပါတယ်။ အင်တာဗျူးကတော့
အိုင်အိုဝါတက္ကသိုလ် International Writing Program(IWP) မှာ
ဆုံတွေ့ခဲ့တဲ့အခိုက် ဘော့စဝါနာက အာဖရိကန်ကဗျာဆရာမ တီဂျေဒီးမားနဲ့
ပန်ဒိုရာတို့က မေးမြန်းခဲ့တာဖြစ်ပါတယ်။
ဂျက်ဖရီ
ပါပရိုရာ ဟိုးလ်မန်း ကို ၁၉၄၇ ခုနှစ်မှာ လန်ဒန်မြို့မှာ မွေးခဲ့ပါတယ်။
၁၉၅၀ မှာ သူ့မိဘတွေနဲ့အတူ နယူးဇီလန်ကို ပြောင်းရွှေ့လာခဲ့တယ်။
တောင်ပိုင်းဒေသ ကမ်းရိုးတမ်းက ကျောက်မီးသွေးမိုင်းလုပ်ငန်း ပတ်ဝန်းကျင်မှာ
ကြီးပြင်းလာခဲ့ပြီး အဲဒီ ဘဝဟာ သူ့ရဲ့ စာတွေအပေါ် ထင်ဟပ်နေခဲ့ပါတယ်။ ဂျက်ဖရီ
ဟာ သူ့အချစ်ဦးဖြစ်တဲ့ ကဗျာအပြင် သမိုင်း၊ မှတ်တမ်း စတဲ့ သုတစာတွေ၊
ဝေဖန်သုံးသပ်ချက်နဲ့ ပညာရပ်ဆိုင်ရာ ဆောင်းပါးတွေ ရေးသားပါတယ်။
လတ်တလောမှာတော့ ခရစ်ချပ်ခ်ျမှာ ရှိတဲ့ ကန်တာဘာရီ တက္ကသိုလ်မှာ Senior
Adjunct Fellow အဖြစ် လုပ်ကိုင်နေပါတယ်။ (၂၀၁၂ နိုဝင်ဘာမှာ ပင်စင်ယူမယ်လို့
ပြောခဲ့ပါတယ်။)
.
သူ့ကဗျာစာအုပ် ၇ အုပ်ထဲက ပထမဆုံး စာအုပ်ကို ၁၉၇၄ ခုနှစ်မှာ ထုတ်ဝေခဲ့ပါတယ်။ နောက်ဆုံးထုတ်ဝေခဲ့တဲ့ ကဗျာစာအုပ်ကတော့
၂၀၁၂ ခုနှစ်မှာ ကန်တာဘာရီ တက္ကသိုလ်က ထုတ်ဝေတဲ့ “လှုပ်ခါချခြင်း ၆.၃”
ဖြစ်ပါတယ်။ ငလျင်အကြောင်းကို အခြေခံတဲ့ ကဗျာတွေဖြစ်ပါတယ်။
သုတစာပေအနေနဲ့တော့ သမိုင်းစာအုပ်တစ်အုပ်ဖြစ်တဲ့ “ကမ္ဘာနှစ်ခုရဲ့
အကောင်းဆုံး” စာအုပ်ကို ၂၀၁၀ မှာ ထုတ်ဝေခဲ့ပြီး
“ပျောက်ဆုံးနေတဲ့လေယာဉ်မှူး” စာအုပ်ကို ၂၀၁၃ စင်တင်ဘာမှာ ထုတ်ဝေပါမယ်။
.
.
မေး။ ။ ဆရာက အချိန်ပြည့်စာရေးဆရာတစ်ယောက် ဖြစ်ပါသလား။ မဟုတ်ခဲ့ဘူးဆိုရင် တခြားဘာတွေများ လုပ်ပါသလဲ။
ဖြေ။ ။အခုဆိုရင်တော့
ဟုတ်ပါတယ်။ အချိန်တိုင်းလိုလိုရေးတဲ့ စာရေးဆရာပေါ့။ ဒါပေမယ့်
အဲဒီလိုဖြစ်လာဖို့ နှစ်ပေါင်းများစွာ အချိန်ယူခဲ့ရတယ်။ ၂၀၁၂
နိုဝင်ဘာလကုန်မှာ ကျွန်တော် အသက် ၆၅ နှစ်ပြည့်လို့ အစိုးရဆီက ပင်စင်လစာ
ရတော့မယ်။ အဲဒီအချိန်ကျရင်တော့ ကျွန်တော့်ရဲ့ ဘဝမှာ ပထမဆုံးအနေနဲ့
ပင်စင်စား အချိန်ပြည့် စာရေးဆရာဖြစ်တော့မယ်။ အလုပ်ကနေ အနားယူတယ် ဆိုတာကတော့ ဘာကိုဆိုလိုမလဲ မသိဘူး။ နယူးဇီလန်နဲ့ တခြားဘယ်နေရာက စာရေးဆရာတွေမဆို
စာရေးတာတစ်ခုတည်းနဲ့ အသက်မွေးဖို့ ခက်ခဲပါတယ်။ ကျွန်တော်က အချိန်ပြည့်
အသက်ရှင်နေထိုင်တဲ့ လူသားတစ်ယောက်ပါ။ ဒီတော့လည်း ကျွန်တော်ဟာ ဘာသာစကားနဲ့
အတွေ့အကြုံတွေကို စုပ်ယူထားပြီး စာရေးဖို့ အမြဲအဆင်သင့် ဖြစ်နေပါတယ်။
ကျွန်တော်ထိုင်ပြီး တစ်ခုခု ရေးလိုက်တဲ့အခါ စာမျက်နှာတွေပေါ်မှာ
ရောက်လာမယ့်စာတွေ တစ်နည်းနည်းနဲ့ ဖြစ်လာပါတယ်။
.
မေး။ ။ဘာကြောင့် ဘယ်သူ့အတွက် ဆရာ စာရေးပါသလဲ။
ဖြေ။ ။
ကျွန်တော် စာရေးရတာ ပျော်ရွှင်နှစ်ခြိုက်လို့ ရေးတာပါ။ ဘာဖြစ်လို့လဲဆိုတော့
စကားလုံးတွေနဲ့ ကစားရတာ ကြိုက်လို့ပါ။ မူလတန်းကျောင်းသား အရွယ်ကတည်းက
ကျွန်တော့် အင်္ဂလိပ်စာ စွမ်းရည်ကို မြင်ကြတဲ့ ဆရာဆရာမတွေရဲ့ အားပေးမှုကို
ရခဲ့ပါတယ်။ ကျွန်တော့် အသက် ၁၁ နှစ်အရွယ်မှာ လေယာဉ်ပျံကို စတီထွင်ခဲ့တဲ့
ရိုက်ညီနောင်အကြောင်း ပထမဆုံး ကဗျာကို ရေးခဲ့တယ်။ ဒီတော့ ကျွန်တော်က
ကိုယ့်အတွက်လည်း စာရေးသလို စာဖတ်ပရိသတ်သာ ရှိခဲ့ရင် သူများတွေအတွက်ပါ
စာရေးတယ်လို့ ထင်ပါတယ်။ တကယ်လို့ ကျွန်တော့်စာအုပ်တွေကို ဘယ်သူမှ
ဝယ်မဖတ်တောင်မှ ကိုယ့်ဘာသာရေးပြီး ကိုယ့်ဘာသာဖတ်ပါမယ်။ ကျွန်တော့်အတွက်တော့ စာရေးခြင်းက အသက်ရှုခြင်းနဲ့ တူပါတယ်။
.
မေး။ ။ဆရာဟာ International Writing Program ကို ဘယ်လိုရောက်လာခဲ့ပါသလဲ။
ဖြေ။ ။
စာပေမဂ္ဂဇင်းတစ်ခုမှာ ကြော်ငြာတွေ့လို့ပါ။ (ဒီအစီအစဉ်ရှိမှန်းကိုတော့
အရင်ကတည်းက သိပါတယ်။ တခြား နယူးဇီလန် စာရေးဆရာတွေ သွားခဲ့ကြမှန်းကိုလည်း
သိပါတယ်။) ကျွန်တော် လျှောက်လွှာတင်လိုက်ပါတယ်။ ကံကောင်းထောက်မစွာပဲ
ရွေးချယ်ခံရပါတယ်။
.
မေး။ ။ဒီအစီအစဉ် မှာ ဘယ်လိုတွေ ပါဝင်ဖို့ စိတ်ကူးကြံစည် ထားခဲ့ပါသလဲ။ တကယ့်တကယ် အိုင်အိုဝါကို ရောက်လာတော့ ဘာတွေလုပ်ဖြစ်ပါသလဲ။
ဖြေ။ ။
ကျွန်တော့် အကြံအစည်ကတော့ ရေးလက်စ ကဗျာစာမူနှစ်ခုကို ဆက်လုပ်ဖို့ပါ။
ဒါပေမယ့် မပြီးသေးပါဘူး။ တစ်ခုက ဘော့ဘ်ဒီလန် အကြောင်းပါ နောက်တစ်ခုကတော့
၁၉၆၀ ခုနှစ်တွေမှာ နယူးဇီလန်နဲ့ သြစတေးလျက သိုးမွှေးထုတ်လုပ်ရေး လုပ်ငန်းမှာ
လုပ်ခဲ့တဲ့ ကျွန်တော့် အတွေ့အကြုံတွေကို အခြေခံထားပါတယ်။ I ကျွန်တော်ဟာ
မနှစ်က နယူးဇီလန်တက္ကသိုလ်မှာ ရှိနေပါတယ်။ ၂၀၁၁ ခုနှစ်က ဝိုင်ကာတို
(Waikato) မှာ အဲဒီနှစ်ခုကို ရေးမလို့
စိတ်ကူးပါသေးတယ်။ ကျွန်တော့် ဇာတိမြို့ဖြစ်တဲ့ ခရစ်ချပ်ခ်ျမှာ
ငလျင်တွေအရမ်းများတဲ့အတွက် သုတစာပေတစ်ပုဒ်လည်း ရေးနေခဲ့ပါတယ်။ နောက်တော့
အဲဒီ့အစား ငလျင်အကြောင်း ကဗျာတွေပဲ ရေးဖြစ်ခဲ့တယ်။ လှုပ်ခါချခြင်း ၆.၃
ဆိုတဲ့ အဲဒီစာအုပ်ကို ၂၀၁၂ ဇူလိုင်က ထုတ်ဝေခဲ့ပါတယ်။ အခု အိုင်အိုဝါကို
ရောက်တဲ့အခါမှာတော့ ကျွန်တော့်ရဲ့ နေထိုင်မှု အတွေ့အကြုံတွေကို ဘလော့ဂ်မှာ
ရေးဖြစ်နေပြီး ၊ သုတ မှတ်တမ်းတစ်ခုကိုလည်း အချောသတ် တည်းဖြတ်နေပါတယ်။
ပြီးတော့ ကဗျာတွေလည်း ရေးနေပါတယ်။ ကဗျာနဲ့ မဆိုင်တဲ့ တခြား
အကြောင်းအရာတွေကိုလည်း ရေးဖြစ်ပါတယ်။ အဲဒီထဲက တစ်ခုကတော့ “ဖာနန်ဒို ပီဆိုရာ
(ပေါ်တူဂီ ကဗျာဆရာ)” ကို ကျွန်တော်ချစ်သလို ချစ်တဲ့သူတွေ အတွက်ပါ။
.
မေး။ ။ဆရာနေထိုင်တဲ့ နယူးဇီလန်ရဲ့ စာပေမြင်ကွင်းကို ပြောပြနိုင်မလား။
ဖြေ။ ။
ဘုရားရေ… ဒါအင်မတိအင်မတန်ကို ဖြေရခက်တဲ့မေးခွန်းပဲ။ (သင်ရိုးတစ်ခုလုံး
ဒီတက္ကသိုလ်မှာ သင်ပါတယ်) ကမ္ဘာပေါ်က တခြားဘယ်နေရာမှာမဆို တွေ့နိုင်တဲ့
မြင်ကွင်းတွေ နယူးဇီလန်မှာ အများကြီး ရှိပါတယ်။ အဲဒီ မြင်ကွင်းတွေထဲမှာ
မြင်ကွင်းတွေ ထပ်ရှိပါသေးတယ်။
ကျွန်တော်တို့ရဲ့
အကြီးဆုံးမြို့ဖြစ်တဲ့ အောက်ကလန် မှာ (ကမ္ဘာပေါ်မှာ
ပိုလီနီးရှန်း(Polynesian) လူဦးရေ အများဆုံး မြို့ပါ) လူမျိုးပေါင်းစုံ
စုဝေးနေထိုင်ကြပါတယ်။ ဆမိုဆမ် (Samosan) ရက်ပါတွေ၊ မောရိ(Maori)
စာရေးဆရာတွေ၊ တရုတ် ပြဇာတ်ရေးဆရာတွေ စသဖြင့်ရှိကြပါတယ်။ မြို့တော်
ဝယ်လင်တန်မှာဆိုရင် IIML (International Institute of Modern Letters)
ရှိပါတယ်။ အဲဒီအင်စတီကျူက မာစတာဘွဲ့တွေ၊ ပါရဂူဘွဲ့တွေ၊ အနုပညာမာစတာဘွဲ့တွေ
စသည်ဖြင့် အများကြီး ထုတ်လုပ်ပေးပါတယ်။ စောစောကပြောခဲ့တဲ့
နယ်မြေတွေရဲ့ပြင်ပက တခြားမြို့ကြီးတွေမှာလည်း ဝါရင့်စာရေးဆရာတွေ
ရှိကြပါတယ်။ တောင်ပိုင်းကျွန်းက ခရစ်ချပ်ခ်ျ(ကျွန်တော် နေတဲ့နေရာ) နဲ့
တောင်ဘက်စွန်းက ဒန်နီဒင်မှာဆိုရင်လည်း အားကောင်းတဲ့ စာပေအသိုင်းအဝိုင်းတွေ
နေထိုင်ကြပါတယ်။
ဟိုး ၁၉၇၀ ခုနှစ် ပိုလီနီးရှန်းတွေရဲ့ စာပေထွန်းကားတဲ့ခေတ်က လက်ဆင့်ကမ်းခဲ့တဲ့ နုပျိုမှုနဲ့
လူမျိုးစုံလင်မှုဟာ ယနေ့ခေတ် ကျွန်တော်တို့ လက်ရာတွေအတွက် အရေးပါတဲ့
အမှတ်လက္ခဏာတွေ လို့ ပြောနိုင်မယ် ထင်ပါတယ်။ ။ ကျွန်တော်ကတော့
နုလည်းမနုပျို၊ မာအိုရိ ဒါမှမဟုတ် ဆာမိုဆန် တစ်ယောက်လည်း မဟုတ်ပါဘူး။
ဒါပေမယ့် ကျွန်တော်ဟာ စာရေးဆရာတစ်ယောက်ပါ။ တိုင်းရင်းသား စာပေတွေမှာ
ရှုပ်ထွေးမှုနဲ့ လူသားဆိုင်ရာ ကွဲပြားခြားနားမှုတွေ အမြဲရှိပါတယ်။
.
မေး။ ။ ဆရာတို့နိုင်ငံမှာ
စာပေပွဲတော်တွေ ဘယ်လောက် မကြာခဏ ကျင်းပပါသလဲ။ ဘာတွေကို အဓိကထားပြီး
ကျင်းပလေ့ရှိပါသလဲ။ ဥပမာ ကဗျာ၊ သုတ၊ အထွေထွေအနုပညာ စသည်ဖြင့်ပေါ့။
ဖြေ။ ။အချက်အချာကျတဲ့
ဒေသတွေမှာ ပုံမှန်ကျင်းပတဲ့ စာပေပွဲတော်တွေရှိပါတယ်။ တချို့က
တစ်နှစ်တစ်ကြိမ်၊ တချို့က နှစ်နှစ်တစ်ကြိမ်။ အဲဒီပွဲတွေက အရေးကြီးတဲ့
နယ်ပယ်တွေကို ခြုံငုံမိပါတယ်။ ဝယ်လင်တန်မြို့နဲ့ ခရစ်ချပ်ခ်ျမြို့မှာလည်း
အနုပညာပွဲတော်တွေ ရှိပါတယ်။
.
မေး။ ။ ပြည်တွင်းမှာ ချီးမြှင့်ကြတဲ့ စာပေဆုတွေရှိပါသလား။ အဲဒီဆုတွေရဖို့ ဘယ်ဘာသာစကားတွေနဲ့ ရေးသားဖို့လိုပါသလဲ။
ဖြေ။ ။ဟုတ်ကဲ့။
အရေးပါတဲ့ နယူးဇီလန်စာပေဆု တစ်ခုရှိပါတယ်။ (အဲဒီဆုကို ကျွန်တော်တို့ရဲ့
အဓိက စာပို့ဆောင်ရေး ဖြစ်တဲ့ နယူးဇီလန် စာတိုက်ဌာနက ပံ့ပိုးပါတယ်။
စာရေးဆရာတွေက The Posties လို့ခေါ်ပါတယ်။) တစ်ချိန်ကတော့
ဝိုင်ထုတ်လုပ်သူတစ်ဦးဖြစ်တဲ့ မွန်တာနာ က ပံ့ပိုးခဲ့ဖူးပါတယ်။ ဒါပေမယ့်
၂၀၁၂ ခုနှစ်ကတည်းက ဆုအမျိုးအစားတွေကို လျှော့ချခဲ့ပါတယ်။
ကျွန်တော့်အမြင်အရတော့ အဲဒါ မှားပါတယ်။ အဲဒါ စာရေးဆရာတွေအတွက်
အသိအမှတ်ပြုခံရဖို့ နယ်ပယ်ကျဉ်းသွားပေပြီးတော့
သူတို့စာအုပ်တွေယှဉ်ပြိုင်ဖို့ ထုတ်ဝေသူ နည်းသွားစေပါတယ်။ ဝန်ကြီးချုပ်က
နှစ်စဉ်ပေးတဲ့ ကဗျာဆု၊ ရသစာပေဆုနဲ့ သုတစာပေဆုတွေလည်း ရှိပါတယ်။
(များသောအားဖြင့်တော့ ကာလရှည်ကြာ ရေးသားနေပြီး အသိအမှတ်ပြုခံရတဲ့
စာရေးဆရာတွေအတွက်ပါ) ။ နယူးဇီလန် ဒေါ်လာ ခြောက်သောင်း ဆုကြေးဟာလည်း
ဆုရသူတွေအတွက် အတော်များတဲ့ ပမာဏပါ။ ကဗျာဂုဏ်ထူးဆောင်ဘွဲ့ ကိုလည်း
နှစ်နှစ်တာ သက်တမ်းအတွက် ရွေးချယ်ခန့်အပ်လေ့ရှိပါတယ်။ မောရိဘာသာစကားနဲ့
ဆုတစ်ခုလည်း ရှိပါတယ်။ ဒါပေမယ့် အင်္ဂလိပ်ဘာသာက ပိုလွှမ်းမိုးပါတယ်။
.
မေး။ ။ဆရာတို့နိုင်ငံမှာ
ကဗျာကို ကျယ်ကျယ်လောင်လောင် အသံထွက်ပြီး ဖတ်လေ့၊ ရွတ်ဆိုလေ့၊သရုပ်ဖော်လေ့
ရှိကြပါသလား။ ရှိခဲ့တယ်ဆိုရင် အဲဒါဟာ ခေတ်ပြိုင်လှုပ်ရှားမှု တစ်ရပ်လား၊
ယဉ်ကျေးမှု ထုံးတမ်းစဉ်လာမှာ ပါခဲ့လို့ ဆက်ရွတ်နေကြတာလား။
ဖြေ။ ။
ဟုတ်ပါတယ်။ တစ်နည်းနည်းနဲ့ ကဗျာသရုပ်ဖော်ခြင်း (ကဗျာဖတ်ခြင်းလို့
ခေါ်လေ့ရှိတဲ့အရာတွေ) ဟာ အနည်းဆုံး ၁၉၅၀ ခုနှစ်တွေကတည်းက စတင်ခဲ့ပါတယ်။
ကျွန်တော် စတင်ခဲ့တဲ့ ၁၉၇၀ ခုတွေမှာတော့ ကဗျာရွတ်ခြင်းနဲ့ သရုပ်ဖော်ခြင်း
ယဉ်ကျေးမှုဟာ ထွန်းကားနေပါပြီ။ ၁၉၉၀နဲ့ ၂၀၀၀ ခုနှစ်တွေမှာ ရက်ပ်နဲ့
လမ်းဘေးကဗျာတွေ၊ လမ်းကြိုလမ်းကြားမှာ ကဗျာရွတ်တာတွေ အဲဒီလို နှုတ်ကရွတ်ဆို
တဲ့ ကဗျာသရုပ်ဆောင်မှုတွေဟာ တရှိန်ထိုးထွန်းကားလာခဲ့ပါတယ်။ အထူးသဖြင့်
မြို့ပြ ပိုလီနီးရှန်း လူငယ်တွေကြားမှာ ခေတ်စားပါတယ်။ (တခါတလေကျတော့လည်း
ဒါဟာ တော်လှန်တဲ့သဘော၊ ဒါမှမဟုတ် လူမှုရေးဆိုင်ရာ သရုပ်ဖော်မှုသဘောပါ)
.
မေး။ ။ဆရာက ဘယ်ဘာသာစကားတွေနဲ့ စာရေးသားပါသလဲ
ဖြေ။ ။ကျွန်တော်ဟာ
အသက် ၅၀ အရွယ်မှ စနစ်တကျသင်ယူဖြစ်ခဲ့တဲ့ ဒုတိယဘာသာစကားဖြစ်တဲ့ မောရိ
ဘာသာနဲ့လည်း ကဗျာတွေရေးပေမယ့် အဓိကအားဖြင့်တော့ အင်္ဂလိပ်ဘာသာနဲ့ ရေးပါတယ်။ အဲဒီ
မောရိဘာသာကို ကျွန်တော် အထက်တန်းကျောင်းတက်ချိန် ၁၉၆၁-၁၉၆၅ ကာလတွေမှာ
မသင်ကြားခဲ့ရဘူး။ ၁၉၇၀ခုနှစ်နှောင်းပိုင်း ကာလတွေမှာ တက္ကသိုလ်ရောက်မှ
သင်ယူခွင့်ရခဲ့တယ်။ နယူးဇီလန်သားတွေဟာ အရေအတွက် အနည်းငယ်သာရှိတဲ့
မောရိလူမျိုး ဒေသခံတွေကလွဲလို့ များသောအားဖြင့် အင်္ဂလိပ်ဘာသာ
တစ်မျိုးတည်းကို ပြောဆိုကြပါတယ်။ ၁၉၉၀ ခုနှစ်ကတည်းက
တဖြည်းဖြည်းများပြားလာတဲ့ အာရှတိုက်သား ရွှေ့ပြောင်းနေထိုင်သူတွေကြောင့်
လမ်းမတွေပေါ်မှာ တရုတ်စကားသံတွေကိုလည်း ကြားနေရပါတယ်။ (ဒါဟာ
ကျွန်တော်ငယ်ငယ်ကဆို တွေးမကြည့်နိုင်စရာပါ။) ကျွန်တော့်ရဲ့
သမိုင်းအရေးအသားတွေထဲမှာ မောရိဘာသာစကားတွေ (စကားလုံးတွေ၊ စကားစုတွေ)
ပါဝင်ပါတယ်။ မောရိဘာသာ အရင်းအမြစ်ထဲက ကိုးကားပြီး ဘာသာပြန်ပါတယ်။
.
မေး။ ။ဆရာတို့နိုင်ငံမှာ ဘာသာစကား ဘယ်နှစ်မျိုးရှိပါသလဲ။ ဘယ်နှစ်မျိုးက စာပေလက်ရာအဖြစ် တည်ရှိပါသလဲ။
ဖြေ။ ။
အပေါ်မှာ ပြောခဲ့သလိုပါပဲ။ အင်္ဂလိပ်စာ (အများသုံးဘာသာ)၊ မောရိ၊ ဆာမိုရန်
တွန်ဂန်၊ နွီယန်၊ မန်ဒရင်း ။ အင်္ဂလိပ်စကား မဟုတ်တဲ့ ဘာသာစကား ပြောသူတွေထဲမှာ
အနည်းငယ်ကသာ နယူးဇီလန်နိုင်ငံအတွင်းမှာ ကျယ်ပြန့်တဲ့ စာပေယဉ်ကျေးမှုကို
လိုက်စားပါတယ်။
.
မေး။ ။ဆရာ့ရဲ့ စာပေတွေကို လွှမ်းမိုးတဲ့ စာရေးဆရာတွေဟာ ဘယ်သူတွေလဲ။ ဘယ်နိုင်ငံကပါလဲ။ အများဆုံး စာရေးဆရာ ၃ ယောက်ကို ပြောပြပါလား။
ဖြေ။ ။ James K Baxter (New Zealand)၊ Osip Mandelstam (Russia)၊ နဲ့ Pablo Neruda (Chile) ပါ။ တခြားစာရေးဆရာတွေကို
ဖတ်ရှုခြင်းဟာ “the Yin of writing’s Yang” လို့ ပြောချင်ပါတယ်။
ဘာလွှမ်းမိုးမှုမှ မရှိခဲ့ရင် စာရေးဆရာ မဖြစ်ပါဘူး။ တခြားလူတွေရေးထားတဲ့
စာတွေကို ဖတ်ခြင်းအားဖြင့် စာရေးဆရာတွေဟာ စာရေးသားခြင်းကို သင်ယူခဲ့ကြတာပါ။
လွှမ်းမိုးခံရမှာစိုးလို့ တခြားသူတွေရဲ့စာကို မဖတ်ဖူးလို့ပြောသူတွေဟာ
အရူးပါပဲ။ ကျွန်တော်တို့
အားလုံးဟာ စံပြတွေ နမူနာတွေ လိုအပ်ကြပါတယ်။ ပြီးတော့ တဖြည်းဖြည်းနဲ့
သူတို့ကို လွန်မြောက် တိုးတက်လာကြပါတယ်။ ဒါပေမယ့် သူတို့ရဲ့
သက်ရောက်မှုကတော့ စွန်းထင်းနေကြစမြဲပါ။ စာရေးဆရာတွေဟာ ခိုင်မာအားကောင်းတဲ့
ဝါရင့်စာရေးဆရာတစ်ယောက် (ဒါမှမဟုတ်လည်း တစ်ယောက်ထက်ပိုပြီး) ကို
ရွေးချယ်ဖို့လိုတယ်။ ပြီးတော့မှ ပိုပြီးရင့်ကျက်တဲ့ဆီကို တဖြည်းဖြည်း
တိုးတက်သွားရမယ်လို့ ကျွန်တော်ထင်ပါတယ်။ တုခြင်း
စုခြင်းကနေ ကိုယ်ပိုင်သီးသန့် ဟန်အသစ်ကို ပြုကြဖို့ပါ။
ကျွန်တော်တို့အားလုံးဟာ ဘီလူးကြီးတွေရဲ့ ပခုံးပေါ်မှာ မတ်တပ်ရပ်နေကြပါတယ်။
အော်ရီဂျင်နယ်ဖြစ်ခြင်း ဆိုတာကလည်း အလွန်အကျူး အမွှမ်းတင်ခံနေရပြီး
စာပေမထွန်းကားမီ ယဉ်ကျေးမှုတွေမှာ နည်းနည်းပဲ အသုံးကျပါတယ်။
နှုတ်တိုက်ယဉ်ကျေးမှုဟာ အရေးကြီးတာတွေ အားလုံးကို အလွတ်မှတ်မိစေပါတယ်။ ရွတ်ဆိုခြင်း၊
ရွတ်ဖတ်ခြင်း ၊ ဒါတွေဟာ မိမိကိုယ်ကို ဖော်ပြဖို့ အတွက် မဟုတ်ဘဲ
မျိုးရိုးဆိုင်ရာ မှတ်တမ်းတွေအတွက် (မှတ်မိဖို့) ကိရိယာတန်ဆာပလာ တွေပါ။
ကိုယ့်ကိုယ်ကို သတိရှိတဲ့ပုဂ္ဂိုလ်၊ မူရင်း သူရဲကောင်းဟာ
ရိုမန့်တစ်ကာလနောက်ပိုင်းနဲ့ စာပေယဉ်ကျေးမှုနောက်ပိုင်းက ပုံရိပ်ပါ။
အဲဒီလူဟာ အခုတော့ ကိုယ့်ကိုယ်ကို သက်သာအောင် နည်းနည်း
အလိုလိုက်လာနိုင်ပါပြီ။ အလွယ်တကူမှတ်မိနိုင်စရာ စာတွေကို
ပုံနှိပ်ထုတ်ထားလို့ရပါပြီ။
.
မေး။ ။ စာဖတ်သူတွေက ဆရာ့ရဲ့ အရေးအသားတွေကို ဘယ်လို လွှမ်းမိုးမှုရှိပါသလဲ
ကျွန်တော်မသိဘူး၊ အယ်ဒီတာတွေက ကျွန်တော့်ကို စာကူပြင်ပေးတာမျိုးက လွဲလို့ပေါ့။ စာဖတ်သူတွေဆီက
အလးအနက် တုံ့ပြန်မှုမျိုး အနည်းငယ်သာ လာဖူးပါတယ်။ ဒါပေမယ့်
ကျွန်တော်ရေးတာတွေကို ဖတ်ချင်နေတဲ့ စာဖတ်သူ တစ်ယောက်လောက်တော့ ရှိမယ်လို့
ထင်ပါတယ်။
.
ကျွန်တော်စာရေးရခြင်းဟာ
ကျွန်တော် တကယ်ဖတ်ချင်တဲ့ ဟာမျိုးကို ရှာမတွေ့လို့ ကိုယ့်ဘာသာရေးတာပါ။
တခြားလူတွေလည်း ကျွန်တ်ာခံစားရသလို ခံစားရတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
တခါတလေတော့ လူတွေက ကဗျာတစ်ပုဒ်ဟာ သူတို့အပေါ် ဘယ်လောက်
သက်ရောက်မှုရှိတယ်ဆိုတာ ပြောပြကြပါတယ်။ အဲဒီလိုဟာက “အဖေလောက်ကြီးမားတဲ့အရာ”
ကဗျာမှာ အတော်တွေ့ရပါတယ်။ ဒါက ဆုံးပါးသွားတဲ့ အဖေတစ်ယောက်အကြောင်း
ကဗျာတစ်ပုဒ်ဆိုတော့ အံ့သြစရာတော့မဟုတ်ပါဘူး။ အဲဒီအဖေကလည်း သူ့အတွေ့အကြုံတွေက
သူ့ကိုပြောင်းလဲပေးလိုက်တဲ့ စစ်ပြန်တစ်ယောက်၊ ပြီးတော့ မိသားစုနဲ့လည်း
ပြန်မဆက်သွယ်နိုင်၊ ဖိစီးနေတဲ့ ဒေါသတွေ ကြောက်ရွံ့မှုတွေကိုလည်း
အရက်အလွန်အကျွံသောက်တဲ့ နည်းလမ်းကလွဲလို့ မတွန်းလှန်နိုင်တဲ့ လူတစ်ယောက်ပါ။
ဒါဟာ ကျွန်တော်တို့
ဒုတိယကမ္ဘာစစ် မျိုးဆက်ထဲမှာ လူတိုင်းလိုလို တွေ့ကြုံရတဲ့ အတွေ့အကြုံပါ။
ဒီတော့ အဲဒီမျိုးဆက်ထဲက အနည်းဆုံး တစ်ယောက်ကတော့ ဒီကဗျာထဲက ဇာတ်လမ်းမျိုး
ကြားဖူးကြမှာပါ။ ဒါပေမယ့် အဲဒီလို စာဖတ်သူ ဒါမှမဟုတ် နားထောင်သူတစ်ယောက်ကို
ရှာတွေ့ဖို့ဆိုတာ ဘယ်သူမှ အာမဘန္တေမခံနိုင်ပါဘူး။ အဲဒီကဗျာကိုရေးရတာဟာ
ကိုယ့်ကိုယ်ကို လွတ်မြောက်အောင် လွှတ်ပေးဖို့နဲ့
ကိုယ့်မွေးရာပါအရည်အချင်းကို အသုံးချဖို့ပါ။ လေဆိပ်တွေမှာရောင်းနေတဲ့
ဖော်မြူလာ ဝတ္ထု ရေးနေတာမဟုတ်ပါဘူး။ (ဖော်မြူလာ ဝတ္ထုရေးဖို့ ကျွန်တော်
ကြိုးစားကြည့်ရင် ကောင်းမလား။ ဒါလည်း မလွယ်ပါဘူးလေ။ ဘယ် စာအရေးအသားမှ
မလွယ်ပါဘူး။)
.
မေး။ ။ဆရာ့ရဲ့ လက်ရာတွေကို ဘာသာပြန်တဲ့အခါ ဘာတွေ ပျောက်ဆုံးသွားတယ်လို့ ထင်ပါသလဲ။
ဖြေ။ ။အင်း..
ကျွန်တော်ပထမဆုံးတွေးမိတာက ဘာတွေ ရလာသလဲဆိုတာပါ။ အခြား စာရေးဆရာတွေနဲ့
ဘာသာပြန်ဆရာတွေက ကဗျာတစ်ပုဒ်ကို အာရုံစူးစိုက်မှု ရလောက်အောင် ဘာထိုက်တန်သလဲ
ဆိုတဲ့ ကောင်းကျိုးပါ။ ကျွန်တော်ဟာ ဘာသာပြန်ခြင်းကနေ ကောင်းကျိုးတွေ
အများကြီးရခဲ့ပါတယ်။ ကျွန်တော် စောစောက ပြောခဲ့တဲ့ ရုရှနဲ့ စပိန်
နာမည်တွေကိုပဲ ကြည့်ပါ။ (တခြားနာမည်တွေလည်း ဆက်ပြောလို့ရပါသေးတယ်။) ဒီတော့
ဘာသာပြန်တဲ့အခါ ကျွန်တော့်စာကို ဖတ်တဲ့သူတွေကို ရလိုက်တယ် လို့ထင်ပါတယ်။
စာရေးဆရာတစ်ယောက်အဖို့ ထုတ်ဝေပြီးတဲ့အခါ ဒီ့ထက်ကောင်းတဲ့ ဆုလာဒ်များ
ရှိဦးမလား။ ပျောက်ဆုံးမှုတွေအကြောင်း ပြောရရင်တော့ တချို့ ဒေသိယ
အညွှန်းတွေကတော့ ဘာသာပြန်ဖို့ ခက်ခဲမယ်။ ဥပမာ ကျွန်တော့်ရဲ့
“ကျောက်မီးသွေးမိုင်း” ကဗျာထဲက Dog Watch ဆိုတဲ့ စာလုံးမျိုး။
ဒီစကားလုံးကို ဘယ်လိုလုပ်ပြီးတော့ Night Shift လို့ပြောင်းပြီး Dog Watch
ဆိုတဲ့ စကားလုံးက ဆိုလိုတဲ့ အဓိပ္ပာယ်လေးနက်မှုမျိုးကို တူတူညီညီ သယ်ဆောင်လာမယ်လို့ မျှော်လင့်လို့ရမလဲ။ မိခင်ဘာသာစကားရဲ့
ကဗျာကို တိုက်ရိုက်ပြန်ဆိုလိုက်တဲ့အခါ တစ်ခုခု ပျောက်ဆုံးတတ်ပါတယ်။ Dog
ဆိုတာ ပျောက်သွားပါတယ်။ ပြီးတော့ ဒီလိုစကားလုံးမျိုးက သယ်ယူလာတဲ့
မသိစိတ်ရဲ့ ကြောက်ရွံ့မှုလည်း ပျောက်ပါတယ်။ ဒီလိုပြောခြင်းအားဖြင့်
ဘာသာပြန်လက်ရာတစ်ခုဟာ တခြားဘာသာစကားမှာ သူ့စကားတွေနဲ့သူ နားလည်နိုင်မယ့်
ကဗျာသစ်တစ်ပုဒ်ဖြစ်သွားတယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။
.
မေး။ ။ ကဗျာစာအုပ် ၇ အုပ်ထုတ်ခဲ့သူတစ်ဦးအနေနဲ့ နယူးဇီလန်မှာ ထုတ်ဝေရတာ ဘယ်လောက်အထိ စိန်ခေါ်မှုရှိပါသလဲ။
ဖြေ။ ။
စတင်ရတာ သိပ်ခက်ပါတယ်။ စိတ်ရှည်ဖို့နဲ့ ဆုံးဖြတ်ချက်ခိုင်မာဖို့ လိုပါတယ်။
ပြည်တွင်း ကဗျာမဂ္ဂဇင်းတွေ အများကြီးရှိပါတယ်။ တချို့က အရမ်းကောင်းတဲ့
စာအုပ်တွေပါ။ ဒါပေမယ့် အကြိုက်ကိုယ်စီရှိကြတဲ့ အယ်ဒီတာတွေအတွက် အမြဲတမ်း
စာမျက်နှာတွေက အကန့်အသတ်ရှိနေပါတယ်။ ကျွန်တော်ဟာ အင်္ဂလန်မှာ ဆယ်နှစ်
(၁၉၈၇-၁၉၉၇) သွားနေခဲ့ပါတယ်။ အဲဒီအချိန်မှာ အများကြီး ပို့တဲ့ ပယ်တဲ့အထဲက
ကဗျာအချို့နဲ့ ဝတ္ထုတိုတစ်ပုဒ်သာ ထုတ်ဝေခံရပါတယ်။ အင်္ဂလန်မှာ သူတို့က
ကျွန်တော့်ကို နားမလည်ကြပါဘူး ဒါပေမယ့်
ဒီလန်တောမတ်စ် ပြောခဲ့သလို “ကျွန်တော့်လက်ရာ ခေါင်းမာတဲ့အနုပညာ” နဲ့
ရှေ့ဆက်ခဲ့ပါတယ်။ ဒီ့အပြင်ဘာလုပ်လို့ ရမှာလဲလေ။ ဒါက ကျွန်တော့်ရဲ့
တစ်စိတ်တစ်ပိုင်းဖြစ်နေတယ်။ လန်ဒန်က တိုက်ခန်းမှာ ၁၉၉၃ ခုနှစ်မှာ
“အဖေလောက်ကြီးမားတဲ့အရာ” ကို ရေးခဲ့ပါတယ်။
.
ကျွန်တော်
နယူးဇီလန်ကို ၁၉၉၇ ခုနှစ်မှာ စာသင်ဖို့ ပြန်လာတဲ့အခါ အဲဒီ ကဗျာကို
နယူးဇီလန် ကဗျာဆရာတွေ အကဲဖြတ်ကြတဲ့ နိုင်ငံအဆင့်ကဗျာပြိုင်ပွဲကို
ပို့ခဲ့ပါတယ်။ ယှဉ်ပြိုင်တဲ့ကဗျာ ၁၀၀၀ ကျော်ထဲမှာ အဲဒီကဗျာထဲက အသံကို
သူတို့ ကြားခဲ့ကြပါတယ်။ နောက် နှစ်နှစ်ကြာတဲ့အခါမှာ ကျောင်းမှာ ကဗျာရေးနည်း
သင်တန်း ပြီးသွားတဲ့အခါ စာမူတွေစုပြီး အယ်ဒီတာအချို့နဲ့
အလုပ်လုပ်ခဲ့ပါတယ်။ လက်လွှတ်ရလောက်အောင်အထိ ကဗျာတွေကို ကျွန်တော်တို့
စိတ်တိုင်းကျသွားတဲ့အခါ ကဗျာနယ်ပယ်အပေါ်မှာ စစ်တမ်းအနည်းငယ်
ကောက်ပြီးတော့၂၀၀၁ ခုနှစ်မှာ ဝယ်လင်တန်က ထုတ်ဝေသူတစ်ဦးကို ပို့ပါတယ်။
သူကကျွန်တော့် စာမူတွေကို လက်ခံပါတယ်။ စာမူအများအပြားဟာ အင်္ဂလန်မှာ
ထုတ်ဝေခွင့် မရခဲ့တဲ့ ကဗျာတွေပါ။ အင်္ဂလိပ် အယ်ဒီတာတွေက ကျွန်တော့်အသံကို
မကြားကြတာ ဖြစ်နိုင်ပါတယ်။ ဒါဟာ
ခက်ခဲလှပါတယ်။ ဒါပေမယ့် ကျွန်တော်က လမ်းခုလတ်မှာရောက်နေပါပြီ။ ၂၀၀၃
ခုနှစ်မှာ ကျွန်တော့်စာအုပ် “အဖေလောက်ကြီးမားတဲ့အရာ” ဟာ တခြား စာအုပ် ၂
အုပ်နဲ့အတူ အမျိုးသားစာပေဆု ရဖို့ ဆန်ကာတင် ရွေးချယ်ခံရပါတယ်။
.
ထုတ်ဝေခံရဖို့
နဲ့ စာအုပ်တစ်အုပ် ထွက်သွားဖို့ ဆိုတာ စိန်ခေါ်မှုတွေနဲ့ အမြဲပြည့်နေပါတယ်။
ဒီနေ့ အင်တာနက်ခေတ်မှာတော့ လူတိုင်းဟာ ကိုယ့်ဘလော့ဂ်ပေါ်မှာ ကိုယ့်စာကို
ထုတ်ဝေရင်း သူတို့ကိုယ်သူတို့ စာရေးဆရာလို့ ခေါ်နေကြပါပြီ။ ဘယ်အယ်ဒီတာ
ဘယ်စာပေမဂ္ဂဇင်းကမှာ ဟင့်အင်း လို့ ငြင်းပယ်တာမခံရဘူး ဘယ် ပယ်စာမှလည်း
ရောက်မှာမဟုတ်တော့ပါဘူး။ ဒါပေမယ့်လည်း
အဲဒါက ခင်ဗျားတို့ကို ပါရမီရှင် ဖြစ်မသွားစေပါဘူး။ နယူးဇီလန်မှာဖြစ်ဖြစ်
တခြားနေရာမှာ ဖြစ်ဖြစ် ကျွန်တော်ကိုယ်တိုင်နဲ့ တခြားလူတွေ လုပ်ခဲ့သလို
ကြိုးစားရခဲ့တာမျိုးက ပိုကောင်းသလား ဆိုရင်လည်း ကျွန်တော် မသိပါဘူး။
.
ကျွန်တော်ခံစားရတာကတော့ “ခရင်မ်ဟာ ထိပ်ဖျားကို အမြဲတက်လာမှာပါ” ဆိုတဲ့ ဆိုစကားတစ်ခုလိုပါပဲ။ စာရေးဆရာတွေဟာ ရင့်ကျက်လာအောင် ကူညီဖို့အတွက် စာဖတ်သူကောင်းတွေ (အယ်ဒီတာကောင်းတွေ) လိုအပ်ပါတယ်။
မြောက်ကျွန်းရဲ့
အရှေ့မြောက်ဘက်မှာ ရှိတဲ့ ယူရီဝီရာ မှာရှိတဲ့ တူဟိုး လူမျိုးတွေကို
သုတေသနလုပ်တုန်းက ရှာဖွေတွေ့ရှိခဲ့တဲ့ မောရိ စကားပုံနဲ့ ကျွန်တော်
နိဂုံးချုပ်ချင်ပါတယ် “He kawau moe roa - တင်ကျီးငှက်ဟာ အကြာကြီးအိပ်တယ်”
တဲ့။ ဒီစကားပုံဟာ မောရိလူမျိုးတွေအတွက် အခရာဖြစ်တဲ့ သူတို့ရဲ့
စိတ်ရှည်မှုနဲ့ သူတို့နေထိုင်ကျက်စားခဲ့တဲ့ ဒေသက သဘာဝကို အနီးကပ်လေ့လာမှုကို အခြေခံခဲ့တာပါ။ ပျံနိုင်၊
ရေကူးနိုင်၊ ရေငုပ်နိုင် (အာဖရိကမှာဆိုရင် ယဉ်ပါးအောင်လုပ်ပြီး
ငါးဖမ်းခိုင်းလို့လည်းရပါတယ်) တဲ့ ဒီကြီးမားတဲ့ ရေငှက်ကို သူတို့
လေ့လာခဲ့ကြပါတယ်။ အဲဒီမှာ ငှက်ဟာ မြစ်ကမ်းနဖူးကနေ ရေပေါ်မှာ တွဲလွဲကျနေတဲ့
သစ်ကိုင်းတွေပေါ်မှာ နားတာကို တွေ့ကြပါတယ်။ ငှက်ဟာ
အိပ်ချင်ယောင်ဆောင်ပြီး သူ့မျက်လုံးကို ပိတ်ထားပါတယ်။ ရေထဲမှာ
ဂယက်သေးသေးလေးပေါ်လာရင်တော့ ဝုန်းခနဲ ကိုယ်ကို ဆန့်ထုတ်ပြီး
ဒိုင်ဗင်ထိုးချလိုက်ပါတယ်။ ရေထဲကို ရှင်းရှင်းကြီး ထိုးဖောက်ပြီး
ငါးတစ်ကောင်နဲ့အတူ ပြန်ပေါ်လာပါတယ်။ ဒါဟာ တင်ကျီးငှက်ဟာ စိတ်ရှည်တဲ့
ငါးဖမ်းသူ လို့ ကဗျာကို တင်စားပြောဆိုခြင်းရဲ့ မြှုပ်ထားတဲ့ အဓိပ္ပာယ်ပါ။
ကျွန်တော်ဟာ နေ့တိုင်း စာမျက်နှာကို ဖွင့်ပြီး ရေးပါတယ်။ တခါတလေတော့
ငါးရပြီး အစာဝပါတယ်။ တခါတလေတော့ မရပါဘူး။ ဒါပေမယ့် အမြဲပဲ နေ့တိုင်း
စာရေးဖို့ အဆင်သင့်ပြင်ရပါတယ်။
.
ပြီးတော့
တင်ကျီးငှက် (cormorant) ဆိုတဲ့စကားကို စာလုံးပေါင်းစစ်ဖို့ အဘိဓာန်မှာ
ရှာကြည့်တဲ့အခါ သူ့ရဲ့ ဝေါဟာရသမိုင်းကို သွားတွေ့ပါတယ်။။ “မူရင်း
အလယ်ခေတ်အင်္ဂလိပ် ပြင်သစ်ဘာသာ နဲ့ လက်တင်ဘာသာ တို့က လာပါတယ်။ ဒီစကားလုံးမှာ
သမိုင်းတစ်ခု ဘဝတစ်ခု မြှုပ်သိမ်းထားတဲ့ အင်အားတစ်ရပ် ရှိပါတယ် တဲ့။ သူက
သူ့ပုံပြင်နဲ့သူပါ။ ကျီးကန်းနဲ့
တူလို့ တစ်ယောက်ယောက်က တင်ကျီးလို့ နာမည်ပေးခဲ့ပေးမယ့် သူက ပင်လယ်ထဲမှာ
ရေကူးနိုင်တာ ကွာခြားပါတယ်။ ကျွန်တော်က ဒီလို ထူးဆန်းထွေလာမျိုးကို
ကြိုက်ပါတယ် - စကားလုံးအားလုံးဟာ ကဗျာဓာတ်ကို သူတို့ရဲ့ ဒီအန်အေထဲမှာ
သယ်ဆောင်လာပြီး ကဗျာတစ်ပုဒ် အဖြစ် ဖွဲ့စည်းစေပါတယ်။
.
…..
.
ဂျက်ဖရီရဲ့
များပြားတဲ့ လက်ရာတွေထဲက သူကိုယ်တိုင်လည်း နှစ်သက်ပြီး လူသိများတဲ့ ကဗျာ၂
ပုဒ်ကို ဘာသာပြန်လိုက်ပါတယ်။ ဒီကဗျာတွေမှာတော့ ဂျက်ဖရီဟာ ရိုးရှင်းတဲ့
ဟန်နဲ့ တွေးတောစရာများများကို ထည့်သွင်းထားခဲ့ပါတယ်။
“အဖေလောက်ကြီးမားတဲ့အရာ” ကို ဘာသာပြန်တဲ့အခါ ရိုးရှင်းတဲ့ ဘာသာစကားက အခက်အခဲတွေ တွေ့ရပါတယ်။ ဥပမာ စာပိုဒ်ထဲမှာ “ကြမ်းခင်းတွေရေမြုပ်သွား…..
ရေထဲမှာ သေဆုံးသွား” ဆိုတဲ့ စာတစ်ကြောင်းပါပါတယ်။ Dead in the water ကို
မြန်မာလိုကတော့ ရေထဲမှာ သေဆုံးသွား လို့ပဲ အဓိပ္ပာယ် ဖလှယ်လိုက်ရတဲ့အတွက်
အဖေဟာ သေဆုံးသွားပြီလို့ ပြောပြီးမှ နောက်တစ်ပိုဒ်မှာ ပြန်ပေါ်လာပြီး
နောက်ထပ် သေဆုံးပြန်တယ် လို့ ထင်စရာဖြစ်နေပါတယ်။ သာမန်အားဖြင့်တော့
ကဗျာဆရာတွေက သူတို့ကဗျာတွေအကြောင်း ရှင်းပြလေ့မရှိပါဘူး။ ဒါပေမဲ့
ဂျက်ဖရီကတော့ ကဗျာလေ့လာမှု ရည်ရွယ်ချက်အတွက် အဲဒီစာကြောင်း ကိစ္စကို ဒီလို
ရှင်းပြခဲ့ပါတယ်။ သူ့ရှင်းလင်းချက်ကို ဘာသာမပြန်တော့ပါဘူး။
မူရင်းအတိုင်းဖတ်ကြည့်ပါ။
.
"Dead
in the water" is a saying in English where - "The expression refers to
a disabled ship that is unable to proceed. Its use as an expression
outside the confines of the naval/seagoing world appears to be
relatively recent".
In
my poem, it is a metaphor of course, but it refers to my relationship
to my father, in the domestic confines of the home - and my parents'
relationship, which I have compared to a sinking ship ("the floorboards
subsided").
It
is quite concentrated, but I guess you could say my father was (by this
time) like a disabled ship (his alcoholism) and that his life was
"unable to proceed", going nowhere.
.
.
အဖေလောက်ကြီးမားတဲ့အရာ
.
ကျွန်တော်သူ့ကို ပထမဆုံး ဆုံးရှုံးလိုက်ရတုန်းက
ဖမ်းဆုပ်ချိန်တောင် မရလိုက်ဘူး
သူဘယ်သူလဲ ဘာလုပ်လဲ ဘယ်နေရာမှာ
သူမနဲ့ လိုက်ဖက်ညီခဲ့ကြလဲဆိုတာ
.
ဒါဟာ သိပ်ကို ညံ့ဖျင်းရာကျပါတယ်
အဖေလောက် ကြီးမားတဲ့ အရာတစ်ခု
ပျေက်ဆုံးသွားရတယ်ဆိုတာ
.
နောက်တစ်ကြိမ်သူ့ကို ဆုံးရှုံးလိုက်ရပြန်တယ်
ရမ်တွေလျှံနေတဲ့ ရေတပ်က
သူ့ကို ခေါ်သွား ခေါ်သွား
ဆက်ဆက်ပြီး ခေါ်သွား
.
ဒါကျွန်တော့်အပြစ်တော့ မဟုတ်ခဲ့ဘူး
အဖေလောက်ကြီးမားတဲ့ ရေယာဉ်ကြီးတစ်စီးကို
ဆုံးရှုံးလိုက်ရတာ
.
ကျွန်တော်သူ့ကို တတိယအကြိမ် ဆုံးရှုံးရပြန်တယ်
ပုလင်းတစ်လုံးထဲက သင်္ဘောမှာ
အဲဒီပုလင်းက သူ့ကို လှုပ်ခါ လှုပ်ခါ
သူ့အိပ်ကပ်တွေကို ခါချ
.
ဘယ်လို မှော်အတတ်မျိုးကမှ
ကျွန်တော့်ကို အဖေနဲ့အတူနေရအောင်
ပုလင်းထဲကိုထည့်မပေးနိုင်ခဲ့ဘူး
.
ကျွနော်သူ့ကို အိမ်မှာ ဆုံးရှုံးရပြန်တယ်
ကြမ်းခင်းတွေ ရေမြုပ်သွား
သူကပြောတုန်း သူမကပြောတုန်း
ဟိုဘက်ကိုသွား ဒီဘက်ကိုသွား
.
ပြီးတော့ ရေထဲမှာ သေဆုံးသွား
အဖေ့ကို ကျွန်တော်
လှမ်းဆွဲမထားနိုင်ခဲ့ဘူး
.
ကျွန်တော်သူ့ကို နောက်ဆုံးအကြိမ် ဆုံးရှုံးပြန်တော့
အပြီးအပိုင်လက်လွှတ်လိုက်ရပြီ
နေ့တွေနဲ့ ညတွေ
သူရှုရှိုက်နေတဲ့ ဝင်သက်ထွက်သက်တွေ
.
သေခြင်းရဲ့ တော်ပီဒိုထိပ်ဖူးက
ရေထဲက ထွက်လာပြီး
အဖေ့လှေကလေးကို ဖောက်ခွဲပစ်ခဲ့တယ်။
.
ဂျက်ဖရီ ပါပါရိုရာ ဟိုးလ်မန်း
သွားလေသူများ ဆိုတဲ့ကဗျာကို ဂျက်ဖရီဟာ ဂျပန်ပြည်ကို ရောက်စဉ်က ရေးသားခဲ့ပါတယ်။
.
သွားလေသူများ
.
ငြိမ်သက်နေတဲ့ တချို့အိမ်တွေမှာ
ကျည်ဆံပေါက်ရာတွေ
ကာမိကာဇေအဖြစ် ကျဆုံးသွားသူတို့ရဲ့
အဖြူအမည်းဓာတ်ပုံတွေ
.
သူတို့အတွက်တော့ ကြေကွဲခြင်းဟာ
နက်ရှိုင်းစွာ သိမ်းဝှက်ထား
လမ်းမတွေပေါ်မှာ မမြင်တွေ့နိုင်
ကျီးကန်းတွေရဲ့ တအားအားအော်သံတွေထဲမှာတောင်
အဲဒီအသံကို ခြေရာခံလို့ရမယ်မထင်
.
ထမင်းနဲ့ငါးပဲ အားထားရတဲ့ဘဝက
ဟောင်းလောင်းဖောက်အရောင်တင်ထားတဲ့
အရိုးတွေရဲ့ ပရိုတိန်းချို့တဲ့မှုအပေါ်
ခါးကိုင်းညွှတ်ကျနေတဲ့ ဒီအဘွားအိုဆီမှာတော့
(အဲဒီကြေကွဲခြင်းကို) ရှာတွေ့ချင်တွေ့နိုင်မယ်
.
ဟိုအိမ်တစ်အိမ်ထဲမှာတော့
ဧကရာဇ်ဟောင်းကြီးရဲ့ ပုံတူကားချပ်
နောက်တစ်နေရာမှာတော့
ဘုရားစင်နောက်မှာ အဝတ်စနဲ့ ပတ်ထားတဲ့
တိုက်ပွဲဝင်ဓားတစ်လက်
လက်ကိုင်ရိုးပေါ်က ရွှေရောင် ချယ်ရီပန်းတွေရဲ့ ဖူးပွင့်မှုဟာ
ဓားအိမ်ထဲက အိပ်ပျော်နေတဲ့ ဓားသွားကို
ရုပ်ဖျက်ပေးထားတယ်
.
ညဘက်မှာ ဓားခုတ်သံနဲ့ ငိုရှိုက်သံတွေ အသေအချာ ရှိနေတယ်
ဒါပေမယ့် သူတို့ ဘယ်ကလာသလဲ ဆိုတာကိုတော့
ပြောပြဖို့မဖြစ်နိုင်ဘူး
.
ဂျက်ဖရီ ပါပရိုရာ ဟိုးလ်မန်း
.
.
(နယူးဇီလန် ကဗျာဆရာ ဂျက်ဖရီ ပါပရိုရာ ဟိုးလ်မန်း (Jeffery
Paparoa Holman) ၏ “As big as a father” နှင့် “The departed” ကဗျာများကို
ပန်ဒိုရာက မူရင်းအင်္ဂလိပ်ဘာသာမှ မြန်မာဘာသာသို့ ဆီလျော်အောင်
ပြန်ဆိုပါသည်။)
ဂျက်ဖရီရဲ့ စာတွေကို အောက်က လင့်ခ်တွေမှာ ဖတ်ရှုနိုင်ပါတယ်။
ဒီလင့်ခ်က တော့ သူ့ကဗျာတွေကို ဘာသာပြန်နေတုန်းကာလတွေက သူ့ဘလော့ဂ်မှာ ရေးထားတဲ့ ဆောင်းပါးလေးပါ။
.
.
ပန်ဒိုရာ
၁၅.၂.၂၀၁၃
0 comments:
Post a Comment
Comment လေးတစ်ကြောင်းဟာ စာရေးသူအတွက်အားဆေးပါ .. ကျေးဇူးပြုပြီး အခု Post နဲ့ပတ်သက်လို့ စာဖတ်သူရဲ့ အမြင်ကိုလည်း မျှဝေခဲ့ပါဦး ...