STARTING OUR WEBSITE
Published at 1st. JANUARY. 2013
Showing posts with label တစ်မျက်နှာဝတ္ထုတို. Show all posts
Showing posts with label တစ်မျက်နှာဝတ္ထုတို. Show all posts

Wednesday, July 31, 2013

သစ်ပုတ်ပင်အောက်က တီတစ်ကောင်



သစ်ပုတ်ပင်ဟာ အထင်ကရအမှတ်အသားတစ်ခုပါ။ အနာဂတ်ခွန်အားတို့ကို ရေလောင်းပေါင်းသင်ပေးရာ နေရာရဲ့ နိမိတ်ပုံ။ ငြိမ်းချမ်းခြင်း၊ စိမ်းလန်းခြင်းတို့နှင့်အတူ ရနံ့လှလှတွေ မျှဝေပေးတဲ့ နေရာ။ ပျော်ရွှင်ခြင်း၊ ကြည်နူးခြင်းတွေနောက်မှာ ခွဲခွာခြင်း၊ လွမ်းဆွတ်ခြင်းတွေ ရှိကြပေမယ့် ဒါဟာ လောကသဘာဝတစ်ခု ရယ်လို့ တရားကိုယ်စီနဲ့ စုပေါင်းအားကို ဖြည့်တင်းပေးတဲ့ဒေသ။ အလင်းရောင်ရဲ့ ပလ္လင်။ အဲဒီလို ပွင့်လင်းသော တံခါးများနဲ့ ထင်ရှားစွာ မြင်သာသောနေရာ... ဒီလိုနေရာကို မရောက်ဖူးသူ မဖြစ်လိုတဲ့ တီတစ်ကောင်ဟာ သူ့ဒေသလေးကို ခွဲခွာပြီး အားကြိုးမာန်တက်နဲ့ ခရီးထွက်ခဲ့ပါတယ်။ တွန့်လိန်ကောက်ကွေးပြီး တရွေ့ရွေ့တွားသွားနေရတဲ့ သူ့အခြေအနေကို ရောက်လိုတဲ့နေရာရဲ့ အာရုံဖမ်းစားမှုမှာ အားအင်တွေ ပြန်လည်မွေးဖွားခဲ့တာ အခါခါပါ။

တစ်နေ့တစ်လံ ပုဂံဘယ်ပြေးမလဲပြောပြော၊ ငုတ်မိသဲတိုင် တက်နိုင်ဖျားရောက်ပဲဆိုဆို လုံ့လရဲ့ကောင်းကျိုးပေးမှုကို ဒီတီကောင်လေးလည်း ခံစားခဲ့ရပါတယ်။ ကိုယ်မှန်းဆတဲ့ ခရီးကို ရောက်တဲ့အခါ မောပန်းမှုတွေ ပြေပျောက်လို့ လန်းဆန်းကြည်နူးမှုတွေအောက်မှာ ပျော်ရွှင်ကျေနပ် ရတဲ့အရသာဟာ ထူးကဲလှပါတယ်။ ဧည့်ခန်းဆောင်ထဲက ဖုန်မှုန်ကင်းစင်တဲ့ အဆင်အသွေးတွေလို့ ထင်မိနေရပါတယ်။

ဒါပေမယ့် ... အဲဒီ ဒါပေမယ့် ဆိုတာကြီးက တစ်ကယ့်ကို လွန်လွန်းလှပါတယ်။ ပညာတို့နားခိုရာမို့ မမှန်တရားကို လက်မခံနိုင်ကြသူတွေ အားမွေးတဲ့နေရာကို အာဏာနဲ့ လက်နက်အားကိုးသူတွေက အတင်းဝင်ရောက် ဖျက်ဆီးခြေမှုန်းလိုက်တာ သုဿာန်တစပြင်လေလား ထင်ရပါတယ်။ သွေးကွက် သွေးစွန်းတွေဟာ သစ်ပုတ်ပင်ကြီးကို တဖျန်းဖျန်းစင်လာပါတော့တယ်။ သားရဲတိရစ္ဆာန်ကြီးတွေဟာ အပြစ်ကင်းစင်တဲ့ သားကောင်လေးတွေကို လက်သည်းချွန်တွေနဲ့ကုတ်ခြစ်၊ အစွယ်တွေနဲ့ကိုက်ဝါး၊ သံခွာခြေထောက်တွေနဲ့နင်းခြေ၊ လုပ်ချင်တိုင်း လုပ်နေလိုက်ကြတာကို တီကောင်လေးဟာ မျက်ရည်တွေရွှဲရွှဲစိုတဲ့ တစ်ကိုယ်လုံးနဲ့ မြေထဲမှာပုန်းလျှိုးရင်း မကြားချင်မှအစ မမြင်ချင်မှအဆုံး တုန်လှုပ်စွာ ခံစားနားလည်ခဲ့ပါတယ်။ နောင်နှစ်တွေဘယ်လိုပြောင်းပြောင်း ခေတ်တွေ ဘယ်လိုဟောင်းဟောင်း မေ့ပျောက်လို့ မရနိုင်ခဲ့တာလည်း အသေအချာပါ။

ဂုဏ်တင့်သူကို ဂုဏ်မပြုနိုင်တဲ့နေရာ၊ အရိပ်အာဝါသကောင်းတွေကို ချိုးဖျက်ခံရတဲ့နေရာ၊ အနာဂတ်ကို မြေမြှုပ်ခဲ့တဲ့နေရာ... အဲဒီနေရာမှာသစ်ပုတ်ပင်ကြီးမပျော်နိုင်တာကို ဟောဒီ တီကောင်လေးလည်းေ၀၀ါးတဲ့ မြင်ကွင်းတွေကြားကနေ တွေ့နေရပါတယ်။ မျှဝေခံစားနေမိပါတယ်။ တီကောင်လေးဟာ လူးလွန့်ရှောင်တိမ်းရင်း မြေတွင်းထဲမှာနေခဲ့ပေမယ့် အိပ်စက် အနားယူတဲ့အခါမှာတောင် အိပ်မက်ဆိုးတွေက ခြောက်လှန့်လို့  ညဆိုရင်လည်း ထိတ်ထိတ်လန့်လန့် ဖြစ်ခဲ့ရပါတယ်။

အမှောင်လွှမ်းသောကာလများကို ဘယ်သူတွေက မြတ်မြတ်နိုးနိုးနဲ့ သိမ်းဆည်းနေကြပါသလဲ။ ဘယ်သူတွေက လက်ဆင့် သင်ကြားပေးခဲ့ပါသလဲ။ စာနာညှာတာမှု၊ တန်းတူအလေးထားမှု တွေမရှိဘဲ အနိုင်ကျင့်ဖိနှိပ်မှု၊
ရက်စက်မှု၊ ကောက်ကျစ်မှုဆိုတာတွေဟာ တန်ဖိုးထားရမယ့်အရာတွေ ဟုတ်ပါသလား။ တီကောင်လေးမှာ မတွေးတတ်တော့ပါ။ လောကကြီးသာယာအေးချမ်းနေတာက လှသလား။ ပျက်စီးဆုံးရှုံး မီးခိုးလုံးတွေ မှောင်ပိတ်နေတာက လှသလား။ အများအတွက်စဉ်းစားကြည့်မိတာပါ။ အနည်းစုလေးသာယာ ဘရမ်းဘတာတွေ လိုပါသလား။

တီကောင်လေးမှာတော့ ဟိုရှောင် ဒီပုန်းနဲ့ တီကောင်ရုပ်တောင် မပေါက်တော့အောင် ကြေကွဲခံစားနေခဲ့ရပါတယ်။ လည်စင်းပြီး ပေးဆပ်သွားကြသူတွေ အတွက်လည်းနှမျောတသ နေမိပါတယ်။ ဒီအင်ဒီအားတွေသာ အလုပ်ခွင်မှာ
ငြိမ်းချမ်းစွာအားထုတ်ခွင့်ရမယ်ဆိုရင် သစ်ပုတ်ပင်ကြီးလည်းအထူးလော၊ တက်တိမ်လော၊ နေရောင်လောလို့ တင်စားခံနေရမှာ အသေအချာ။

အချိန်တွေဆိုတာ ပြောင်းလဲတတ်ခြင်းသဘောမှာ အခြေခံနေတာကြောင့် သစ်ပုတ်ပင်ကြီးလည်းခြအုံလည်းဖြစ်၊ ဓားထစ်လည်းခံစစ်ရောက်စခန်း ပြဆိုညွှန်းဆိုသလို မဖွယ်မရာ ကြုံနေခဲ့ရတာတွေဟာ ဇွဲလုံ့လနဲ့
တိုးထွက်မှုတွေအောက်မှာ တဖြည်းဖြည်းလျှော့ပါးလာပါတော့တယ်။ တီကောင်လေးလည်း အိပ်မက်ဆိုးတွေ မက်နေတာလျှော့ကျသွားပါတယ်။ ၀န်းကျင်ကငြိမ်းချမ်းလာသလို အများသူငါအတွက် သာယာမှုတွေ မျှဝေနိုင်တာကြောင့် စည်ပင်မှုတွေ ပိုပိုလာပါတော့တယ်။ ပြုံးပျော်နေတဲ့ အသံတွေ၊
မျှော်လင့်ကြိုဆိုကြတဲ့အသံတွေ၊ အားပါးတရ လက်ဆုပ်ဖြေကြတဲ့ အသံတွေဟာ ကြိုကြားကြိုကြားကနေ တဖြည်းဖြည်း ပဲ့တင်လာတာတွေကို နားဆင်ရင်း တီကောင်လေးရင်ထဲမှာ စိမ့်ထွက်လာတဲ့ ကြည်နူးသွေးတွေဟာ
လှည့်ပတ်လို့နေပါတော့တယ်။ ပျော်ပါတယ် မေမေရယ်... လို့ စကားသံတွေ ထွက်လာတဲ့အထိ ရင်ခုန်ဝမ်းသာနေမိပါတယ်။ အိပ်မက်လေလားလို့လည်း ထင်မိပါရဲ့။ ချောက်အိပ်မက်တွေဝေးရာ သစ်ပုတ်ပင်ကြီး အရိပ်မှာ နားနားနေနေ နေခွင့်ရချင်ခဲ့ပါပြီ။

တီကောင်တစ်ကောင်အတွက်တော့ ငြိမ်းချမ်းသာယာတဲ့ အလင်းရောင်အောက်မှာ ပန်းမျိုးစုံပွင့်လန်းနေကြတာကို မြင်ချင်နေပါပြီ။ တီကောင်လေးတတ်နိုင်သရွေ့ ပန်းပင်ကလေးတွေ လေ၀င်လေထွက်ကောင်းစေဖို့ မြေသားတွေကို ပွပွလေးဖြစ်အောင် လုပ်ပေးပါ့မယ်။ ဒီလိုဆိုခဲ့တဲ့ တီကောင်လေးဟာ အခုအချိန်မှာတော့ ညင်သာနုရွတဲ့ ခြေလှမ်းတွေအတွက် ညစ်ပေမှုတွေ မရှိရအောင် ကြိုးစားနေရင်း  အဲဒီသစ်ပုတ်ပင်ကြီးအောက်မှာ အပြုံးတွေ
တဝေေ၀နဲ့ ကများတောင် ကနေလေမလားလို့ ...








 ငြိမ်းစိုးဦး
သိတတ်လို့ တတ်သိပြီး သတ္တိတွေတိုးကာ
ငြိမ်းချမ်းမှုများ စိုးမိုးလျက် ပညာဖြင့် ဦးဆောင်နိုင်ကြပါစေ ...
( 28 ; 6 ; 2013 )

Sunday, December 16, 2012

ရှင်သန်ခြင်း






နေသည် ပူပြင်းလွန်းလှသည်။ သူ့ ရင်မှ အပူကို မှီမည်မထင်။ သားငယ်နှစ်ယောက်၏ ကျူရှင်လခမပေးနိုင်သေးခြင်း အတွက် ကျူရှင်မသွားချင်ဘူးဟု ငြင်းဆိုနေသောအသံများ၊ ဆယ်တန်းကျောင်းသူသမီးကြီး၏ အနီးကပ်သင်တန်းတက်ချင်၍  သူ့ အမေကို ပူဆာနေသံများကို ကြားယောင်မိပြန်သည်။ နောက်ပြီး အနီးကပ်သင်တန်းတစ်ခု၏ဈေးနှုန်း ……….။

          အလိုက်မသိတတ်ရန်ကောဟုတော့ အပြစ်မမြင်ချင်ပါ။ အစိုးရရုံးတစ်ရုံးမှ အရာရှိသူ့ လစာတစ်ခုထဲနှင့်  သားသမီး သုံးယောက်ကို လူတန်းစေ့ထားနိုင်အောင် မနည်းကြိုးစားရပါသည်။ မိန်းမကလည်း အပျိုဘ၀က သူဌေးသမီးမို့  ဘာမှမလုပ် တတ် မကိုင်တတ်။ သူနဲ့ ရမှ ဆင်းဆင်းရဲရဲနေရတာမို့ သူ စိတ်မချမ်းမြေ့ခဲ့။ အိမ်ထောင်ကျခါစက သူမ ဈေးရောင်းခဲ့သေးပေမဲ့ ကြာရှည်မလုပ်နိုင်။ သူကလည်း သူမကိုပင်ပင်ပန်းပန်းအလုပ်မလုပ်စေချင်ခဲ့ပါ။ သူ့ အလုပ်ကလည်းသူများတွေလို အပိုဝင်ငွေ ရှာနိုင်သောနေရာမဟုတ်တော့ သိပ်အဆင်မပြေလှ။ မိန်းမမှာပါလာသော လက်ဝတ်လက်စားများလည်း ရောင်းချစားလို့ ကုန် ခဲ့ပြီ။ တရိပ်ရိပ်မြင့်လာသော ကုန်ဈေးနှုန်းရဲ့နောက်မှာ တဖြည်းဖြည်းတက်လာသော အကြွေးစာရင်းတို့ ကို မသိချင်တော့၍ တခါတရံ အတိတ်မေ့ရောဂါပင် ရချင်သည်။

          သက်ပြင်းကို အသာချမိသည်။ ပိုက်ဆံချေးရန် သူ့ အကိုဆီရောက်လာသော်လည်း အကြောင်းမထူးပေ။ ဆိုက္ကားခ ကုန်တာသာ အဖတ်တင်သည်။ အပြန်ခရီးကိုမစီးချင်ပေမဲ့ ဤလမ်းခရီးတွင် ဆိုက္ကားသာလျှင် ရှိပြန်သည်။ ဆိုက္ကားသမားက တော့ နေပူထဲတွင် သီချင်းညည်းမပျက်ပေ။ ၀ါသနာအတိုင်း သူ အနည်းငယ်စပ်စုလိုက်သည်။

          “ခင်ဗျား တနေ့ ကို အုံနာခဘယ်လောက်ပေးရလဲဗျ။ အုံနာခဖယ်ပြီးရင်ရော တစ်နေ့ ကို ဘယ်လောက်ကျန်လဲ။ ပြောပါအုံး။ သိချင်လို့ ပါ။ ”

          “အုံနာခကတော့ တစ်နေ့ ကို တစ်ထောင့်နှစ်ရာပေးရတယ်ဗျ။ တချို့ နေရာတွေမှာတော့ တစ်ထောင့်ငါးရာတောင် ဖြစ်နေပြီ။ အုံနာခဖယ်ပြီးရင် တနေ့ ကို ခုနှစ်ထောင်ရှစ်ထောင်တော့ အနည်းဆုံးကျန်ပါတယ်။ စားပြီးသောက်ပြီးပေါ့။ တခါ တလေ ခုနှစ်ထောင်ကျော်လောက်ရပြီးရင် ကျွန်တော်လည်းအိမ်ပြန်နားတော့တာပဲ။ တချို့ လူတွေက ကျွန်တော်တို့ ကို ဆိုက္ကားသမားတွေဆိုပြီး အထင်သေးတတ်ကြတယ်။ ဂုဏ်မရှိပေမဲ့ မိသားစု ချောင်ချောင်လည်လည် နေနိုင်စားနိုင်ပါတယ်။ ကျွန်တော်ဆို ကလေးလေးယောက် ရှိတယ်။ အကြီးဆုံးသမီးက တက္ကသိုလ်တက်နေပြီလေ။ တစ်အိမ်လုံးကို ကျွန်တော်ပဲ ဆိုက္ကား နင်းကျွေးနေတာ။ တစ်လကို နှစ်သိန်းကျော်လောက်တော့ အသာလေးရှာနိုင်တယ်ဗျ။”

          နေပူထဲတွင်အားမာန်အပြည့်ဖြင့် တက်ကြွစွာလှုပ်ရှားနေသောဆိုက္ကားသမားကို အထင်ကြီးလေးစားစွာ သူမော့ကြည့် မိသည်။ သူ့ ကို ကြည့်ရင်း ကိုယ့်ရင်ထဲမှာတော့ နွမ်းလျလျ။ အိမ်ပြန်ရောက်တော့ ပိုက်ဆံပါမလာ၍ မိန်းမက သိပ်မကြည်ပေ။ ပိုက်ဆံမရလာသည့်အပြင် ခရီးစရိတ်ပါထပ်ပြီးကုန်တာမို့  ပိုပြီး ခံစားနေရပုံမျိုး။ သူ့ ကိုပြောမရတော့ ကလေးတွေဘက်လှည့် မဲတော့သည်။

          “စာကျက်ခိုင်းတာမကျက်ပဲ လျှောက်ကစားနေကြတယ်။ အိမ်ပေါ်တက်ပြီး စာကျက်စမ်း။ စာတတ်မှ နင်တို့  ကောင်း ကောင်းမွန်မွန် နေရစားရမှာ။ကြီးလာလို့  စာမတတ်ရင် နင်တို့  ဆိုက္ကားနင်းရလိမ့်မယ်။”
          သူမနေနိုင်စွာ တစ်ခွန်း ၀င်ပြောမိသည်။

          “အေး ....  ဆိုက္ကားသမားဖြစ်တော့လည်း ခပ်ကောင်းကောင်းပဲ မိန်းမရဲ့”

          “ကလေးတွေကိုဆုံးမနေတာ ရှင်က မဟုတ်တာတွေကို ဘာကိစ္စ၀င်ပြောနေရတာတုံး”

          ဟုတ်တာတွေပြောနေတာဟု ထပ်ပြောလိုက်ချင်ပေမဲ့ မိန်းမနှင့်အငြင်းမပွားလိုသေးတာကတစ်ကြောင်း၊ ကလေး တွေကို ဆုံးမနေချိန်မှာ ဖျက်လိုဖျက်စီး ၀င်မပြောသင့်တာကတစ်ကြောင်းမို့  လောလောဆယ်မှာတော့ နှုတ်ပိတ်နေလိုက်ပါ သည်။ ဆိုက္ကားသမားတစ်ယောက်၏၀င်ငွေသည် စားဝတ်နေရေးပြသနာများကိုဖြေရှင်းရန်အတိုင်းအတာတစ်ခုအထိ ကောင်း မွန်စွာ လုံလောက်ကြောင်းကိုတော့ တချိန်ချိန်မှာ သူ့ မိန်းမအားသိအောင် ပြောပြရပါအုံးမည်။



မေဇူး



Flag Counter