STARTING OUR WEBSITE
Published at 1st. JANUARY. 2013
Showing posts with label သရော်စာ. Show all posts
Showing posts with label သရော်စာ. Show all posts

Wednesday, July 10, 2013

ခပ်ညံ့ညံ့လူ


ကျုပ်သိပ်ညံ့တယ်ဗျာ။
ခု အသက်က ငါးဆယ်ကျော်။ ဘွဲ့ရပညာတတ်။ မိန်းမက ၀န်ထမ်း။ သမီးက ဘွဲ့ရပြီးပြီ။ အငယ်ကောင်က စတုတ္ထတန်း။ အိမ်ရှင်မက ထိမ်းသိမ်းမှုကောင်းတော့ လူမချမ်းသာပေမယ့် စားဖို့တော့ မပူရ။ အဲ .. ကျုပ်က ငယ်တုန်းက ဘုန်းကြီးကျောင်းမှာ နေခဲ့ရတော့ ဘာသာရေးလည်း တီးမိခေါက်မိ ဆိုပါတော့။ အသက်အရရော၊ ၀ါအရရော၊ အတွေ့အကြုံနဲ့ ပညာအရရော ကျုပ်ကို ဟိုအဖွဲ့ ဒီအဖွဲ့တွေက နေရာပေးကြ၊ တလေးတစား ဆက်ဆံကြပေါ့ဗျာ။

အဲဒီတော့ ကျုပ်ကလည်း ကျုပ်ပဲ။ အလုပ်ကလည်း ကျူရှင်ဆရာ၊ စာလေးပေလေးကလည်း မတောက်တခေါက်ရေးဆိုတော့ ခင်ဗျားတို့ စဉ်းစားသာကြည့်။ ဘယ်သူ့ကိုမဆို ဆရာလုပ်လိုက်ရမှ၊ အမြင်မတော်ရင်လည်း ပြောလိုက် ရေးလိုက်ရမှ ကျေနပ်တာ။ ကိုယ့်ကိုကိုယ် သိပ်ဟုတ်လှပြီပေါ့။ ဒါပေမယ့် တစ်ခါတစ်လေမှာ ကျုပ်တွေးခဲ့ ပြောခဲ့သမျှတွေဟာ လွဲနေတာတွေ တွေ့ရတော့ ငါသိပ်ညံ့ပါလားလို့ စဉ်းစားမိတယ်။ ကဲ .. ကျုပ်ညံ့တာတွေ ပြောပြတော့မယ်ဗျာ။ ရှက်လည်းရှက်ပါရဲ့။

တစ်လောကပေါ့ဗျာ …
ကျုပ်တို့မြို့ရဲ့ သာသနာ့ဗိမာန်ကြီး နာဂစ်အပြီးမှာ စစ်တပ်စခန်းလိုလို၊ ကားဂိုထောင်လိုလို၊ မီးသတ်သင်တန်းလိုလို၊ တည်းခိုဆောင်လိုလိုနဲ့ ဘာသာရေးကိစ္စတွေမှာ အသုံးမချရပဲ ဖြစ်ချင်တိုင်း ဖြစ်နေတာတွေမြင်ရတော့ ကျုပ်ထုံးစံအတိုင်း ပြောမိရေးမိတာပေါ့ဗျာ။

တစ်မြို့နယ်လုံးက ပြည်သူတွေရဲ့ ချွေးနှဲစာတွေ၊ လယ်သမားတွေဆီက တစ်ဧက (၁၅ိ/-) နှုန်း ကောက်ထားတဲ့ ငွေတွေနဲ့ ဆောက်ထားတဲ့ “သာသနာ့ဗိမာန်” လို့အမည်တပ်ထားတဲ့ အဆောက်အဦကြီးကို ဒီအတိုင်းပစ်ထားတာ မကောင်းဘူး၊ မသင့်တော်ဘူး ဘာညာပေါ့ … လူချင်းဆုံရင်ပြော၊ ဆရာတော်သံဃာတော်တွေလည်းလျှောက်ပေါ့ ..။

ဟော.. ခုတော့ “မြို့နယ်အသင်းကြီး” က တာဝန်ယူပြင်ဆင်နေလိုက်တာ အရှင်မွေး နေ့ချင်းကြီးဆိုသလိုပေါ့။ တစ်မြို့လုံးမှာလည်း ဆိုင်းဘုတ်ကြီးတွေ ဟီးနေအောင်ချိတ်ပြီး လှုံ့ဆော်ထားလိုက်သေး။ ဘာတဲ့ .. မြို့နယ်ဂုဏ်ဆောင် သာသနာ့ဗိမာန်တော်ကြီးကို ဘက်စုံသုံး အဆောက်အဦဖြစ်အောင် မြို့နယ်အသင်းက တာဝန်ယူပြုပြင်နေပါသည်။ ဤသို့ ဂုဏ်ယူဝံ့ကြွားဖွယ် ဘက်စုံသုံး အဆောက်အဦဖြစ်အောင် သင့်တွင်လည်း တာဝန်ရှိပါသည် … ဆိုလား။

ဝမ်းသာစရာ ကောင်းလိုက်ပုံများ ပြင်ဆင်မှုတွေအားလုံး ပြီးသွားတဲ့အခါ ဒီသာသနာ့ဗိမာန်ကြီးမှာ မင်္ဂလာဆောင်တွေ၊ မွေးနေ့တွေ၊ သင်တန်းတွေ၊ စည်းဝေးပွဲတွေကို အခကြေးငွေနဲ့ လက်ခံကျင်းပမယ် ဆိုလား။

အမယ်မင်း .. အမြော်မြင်ကြီးလိုက်ကြပုံများ အိပ်ငိုက်နေတဲ့ မြို့သူမြို့သားတွေကိုလည်း နိုးထအောင် လှုံ့ဆော်ပေးထားသေးဆိုတော့ …  … ကျုပ်ဗျာ  ဒီလိုလူမျိုးတွေကို ပြောမိရေးမိတာ အရမ်းစိတ်မကောင်း ဖြစ်မိတယ်။ ကျုပ်သိပ်ညံ့တာပေါ့ဗျာ နော ..။


 အဲ .. ရှိသေးတယ်ဗျ။ နောက်တစ်ခု။
အဲဒါကတော့ ကျုပ်သားကိစ္စပါ။ ဒီကောင်ဗျာ .. အဖေကို အရှက်ခွဲမယ့်ကောင်ပေါ့။ အခု လေးတန်းရောက်နေပြီ။ ကျုပ်ကိုယ်တိုင်လည်း သင်တာပါပဲ။ ဒါပေမယ့် ဒီကောင် အတန်းထဲမှာ အဆင့်နှစ်ဆယ်အထက် တစ်ခါမှ မရဖူးဘူး။ ဒါနဲ့ ကျုပ်လည်း လက်လျှော့ထားလိုက်တော့တယ်။ မင်းလုပ်သလောက် မင်းရမှာပဲပေါ့လေ။

မနေ့ကတော့ .. သာသာရပ်ထူးချွန်ဆု ယူဖို့ဆိုလား .. မိဘတွေကိုဖိတ်တဲ့စာ ရောက်လာပါရောလား။ ကျုပ်ဖြင့် ကျုပ်မျက်စေ့ကိုတောင် ကျုပ်မယုံနိုင်ဘူး။ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲပေါ့။ ကျုပ်သားအကြောင်း ကျုပ်အသိဆုံးလေ။ ငါတို့ကို လူမှားဖိတ်တာနဲ့တူတယ် မိန်းမရေလို့ သူ့အမေကိုပြောတော့ မိန်းမက ဘာပြန်ပြောတယ်ထင်လဲ …။

ရှင် ဘာမှမသိပါဘူးတဲ့။ ကျွန်မသားကို သူ့အတန်းပိုင်ကျူရှင် ပြောင်းထားလိုက်တာ .. ခုတွေ့လား … တဲ့။
ကဲ .. ကျုပ် သိပ်ညံ့ပါတယ်လို့ မပြောခဲ့ဘူးလားဗျာ။




ဗိုရဲ


Sunday, December 30, 2012

ရွေ့လျားအလွန်



























ဒီနေ့ ကျုပ် စိတ်တွေ ရှုပ်နေတယ်။
                        ကျုပ် မိသားစု ကိစ္စရော၊ မြို့နယ် နာရေးကူညီမှုအသင်း ကိစ္စရော…။ အို.. စုံလို့..။
                        အဲ.. အဓိက ပြဿနာကတော့ အပြောင်းအလဲကို လူတွေ ကျင့်သား မရသေးတာလို့ပဲ ထင်တယ်။
                        ဒီလိုဗျာ..။ ကျုပ် ဒီနေ့ လက်ဘက်ရည်ဆိုင်ရောက်တော့ ‘ငပု’ နဲ့တွေ့တယ်။ အဲဒီကောင်က နေရာတကာ ပါလေရာ..။ စာသမားယောင်ယောင်၊ နိုင်ငံရေးသမားယောင်ယောင်၊ ပြီး လူမိုက်ယောင်ယောင် လို့ ပြောရမယ့်ကောင်။ လက်ဘက်ရည်ဆိုင်ထိုင်မိရင်လည်း အာဘောင်အာရင်းသန်သန်နဲ့ ဟိုပြော၊ ဒီပြော။ ခုလည်း စလိုက်ပြန်ပြီ။ ကျုပ်တို့မြို့နယ် ဆေးရုံကိစ္စ။
                        ဒီလိုဗျာ။ ကျုပ်တို့မြို့မှာ မူလကတည်းက မြို့နယ်ပြည့်သူ့ဆေးရုံ ရှိနှင့်ပြီးသားပါ။ နာဂစ်မုန်တိုင်း ပြီးတဲ့နောက်တော့ ဇာတာစန်းလာဘ် တက်လာတယ် ပြောရမှာပေါ့။ နိုင်ငံတော်ရဲ့ စေတနာလို့လည်း ပြောရမှာပေါ့။ ‘သုံးမိုင်မြို့သစ်’ ဆိုတာ နေ့ချင်းညချင်း ဘွားခနဲပေါ်ပေါက်လာခဲ့တာ။ လျှပ်စစ်မီးတွေလည်း နေ့၊ညမပြတ် ထိန်လင်းလို့ပါ။ အရှင်မွေး၊ နေ့ချင်းကြီးဆိုတာလို ဟော.. ခရိုင်မြို့သစ်ကြီး ဖြစ်စေသတည်း။ ၀မ်းမြောက်ဂုဏ်ယူစရာ ကောင်းလိုက်ပုံများ။
                        ဒီတော့လည်း ခရိုင်မြို့ရဲ့ ဂုဏ်အင်္ဂါရပ်နဲ့အညီ သုံးမိုင်မြို့သစ်မှာ ခရိုင်ဆေးရုံသစ်ကြီးကလည်း မျက်လှည့်ပြလိုက်သလို ဘွားဘွာပေါ်လာခဲ့တော့တာ။ အားရစရာကောင်းလိုက်ပုံက ကျုပ်တို့တစ်သက် မြို့ပေါ်မှာ တစ်ခါဖူးမှ မမြင်ဖူးခဲ့တဲ့ အထူးကုသမားတော် ပါရဂူကြီးတွေ၊ ဆေးဝါးနဲ့ ကိရိယာတွေ.. အို .. အလျှိုလျှို ဆိုသလို ရောက်လာနိုင်ခဲ့ပြီလေ။ သူတို့ထိုင်တဲ့ ပုဂလိက ဆေးရုံ၊ ဆေးခန်းတွေဆိုတာလည်း အပြိုင်းအရိုင်း ပဒေသာပင်သီးနေတော့တာပ။ အားရှိစရာပဲ။ ဟို အရင်ကလို ဘာရောဂါလေးဖြစ်လာလာ ရန်ကုန်ရွှေမြို့တော်ကြီးကို ငွေထုတ်ပိုက်ပြီး သွားစရာ မလိုတော့ဘူးလေ။ တစ်ခုပဲ။ မူလမြို့နယ်ဆေးရုံလေးက ခရိုင်ဆေးရုံသစ်ကြီးဆီ ပြောင်းရွှေ့သွားခဲ့ပြီဆိုတော့ ဆေးရုံ အဆောက်အဦးဟောင်းလေးပဲ ငေါင်းစင်းစင်းကျန်ရစ်တော့တာပါ။
                        ဆေးရုံသစ်က သုံးမိုင်မြို့သစ်မှာ။ မြို့သူ၊ မြို့သားအများကတော့ မူလမြို့ဟောင်းလေးမှာ ပိုနေမြဲ၊ ကျားနေမြဲ ကျန်ရစ်ကြတာ ဆိုပေမယ့် အဆင်ပြေပါတယ်ဗျ။ လူနာတင်ကားက အသစ်စက်စက် နှစ်စီးတောင် ထားပေးတာပဲ။           ဒါတောင် ‘နှလုံးသား’ ကျန်းမာရေး ကူညီမှုအဖွဲ့က     အခမဲ့သယ်ပို့ပေးနေတဲ့ ကားတွေ မပါသေးဘူး။
ဟိုတုန်းက ခရီးသည်မရှိလို့ ညည်းနေရတဲ့ ဆိုင်ကယ် ကယ်ရီသမားတွေလည်း လူနေကျဲပါးသေးတဲ့ ခရိုင်မြို့သစ်မှာ မင်းမူနေတဲ့ တည်းခိုခန်းတွေ၊ ကေတီဗီဆိုင်တွေကြောင့် အဆင်ပြေနေကြပြီ မဟုတ်လား။ ဘယ်လောက်များ အဆင်ပြေလိုက်သလဲ ဆိုတာ။ အလုပ်အကိုင် အခွင့်အလန်း အသစ်တွေကို ပွင့်လို့..။
ဒါကိုပဲ အဲဒီကောင် ဂျပုက မကျေနိုင်၊ မချမ်းနိုင် ဖြစ်နေတယ်လေ။
မြို့သူမြို့သား အများစုနေတဲ့ မြို့ဟောင်းမှာ ဆေးရုံမထားပဲ လူသူကျဲပါးသေးတဲ့ သုံးမိုင်မြို့သစ်မှာ ဆေးရုံကို သွားဖွင့်ထား နှင့်ရပါ့မလားဆိုပြီး။  အံမယ် စုပေါင်းလက်မှတ်ထိုးပြီး သမ္မတဆီတောင် စာတင်ဦးမှာတဲ့။ ရာရာစစ..။
ခက်တယ်။ အရှည်ကို မမြော်မြင်တတ်တော့ ထင်ရာ ပြောနေပြန်တာပဲ။
ဟုတ်တယ်လေ။ ရောဂါဖိစီးခံနေရတဲ့ လူနာဆိုတာ ဆိတ်ဆိတ်ငြိမ်ငြိမ် ပတ်ဝန်းကျင်မျိုးမှာသာ ပိုလို့ အဆင်ပြေမှာပေါ့။ လူသံ၊ သူသံ၊ ကားစက်သံတွေနဲ့ ဝေးနေတော့  စိတ်ဖိစီးမှုတွေလည်း  မရှိတော့ဘူးပေါ့။ သင်း.. ဒီလောက်ကလေးတောင် မတွေးတတ်ဘူးလား။
ဆေးရုံအသစ်စက်စက်ကြီးဆိုတာ ဟိန်းမားခန့်ငြားလိုက်သမှ။ ထည်ဝါနေလိုက်သမှ။ လူသွားစင်္ကြံတွေကအစ တပြန့်တပြော။ ညမပြောနဲ့ နေ့ဘက်တောင်မှ လူသွားလူလာ မရှိသလောက်ရှင်းနေလို့  သရဲ ခြောက်မှာ စိုးရသေး။ အခန်းအားလုံး ရေအစုံ၊ မီးအစုံ။ ဘိုထိုင်အိမ်သာတွေကလည်း အပေါ့၊အလေးစွန့်ရမှာတောင် အားနာတယ်။ ပတ်ဝန်းကျင်တစ်ခုလုံးလည်း တိတ်ဆိတ်အေးချမ်းလို့။ ဒါပေမယ့် ဆွေစုံမျိုးစုံ လူနာမေးလာကြတဲ့ အလေ့တော့ လာကျင့်လို့ မရဘူးနော်။ မြို့ဟောင်းက အဆွေအမျိုးက သုံးမိုင်ခရီး မြို့သစ်ဆေးရုံမှာလူနာလာမေးဖို့ဆိုတာ နည်းနောတဲ့ စွန့်စားမှုလား။ လူနာနဲ့လူနာစောင့်တွေ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လို့ မျက်စေ့သူငယ်နဲ့ ဧကစာရီကျင့်ဖို့တော့ ကောင်းမှကောင်းဗျာ။
ကျုပ်ကတော့  ရှင်းတယ်။ မင်းတို့လက်မှတ်ထိုးကြမယ့်အထဲမှာ ငါမပါဘူးလို့ ကြိုပြောထားလိုက်တယ်။ ဟုတ်တယ်လေ။ အားလုံး အဆင်ပြေနေသားပဲ။ ကြည့်.. အရင်က ကျုပ်တို့ နာရေးကူညီမှုအသင်းဆိုတာ စိတ်ဝင်စားသူ နည်းခဲ့သေးတာ။ အလုပ်လည်း သိပ် မပြနိုင်ခဲ့ဘူး မဟုတ်လား။ ခုတော့ ကျုပ်တို့အသင်းကြီး အလုပ်နဲ့လက် ပြတ်တယ်ကို မရှိတော့တာဗျို့။ ခါတလေ အချိန်မဲ့ဖုန်းတောင် နှစ်ခါ၊ သုံးခါ ၀င်လာတတ်သေး။ အသင်းမှာ ကားမောင်းတဲ့ ဒရိုင်ဘာတောင် အလုပ်များလို့ဆိုပြီး ညည်းငြူနေလွန်းလို့ လစာ နှစ်လစာ ပိုပေးလိုက်ရတယ်။ မှတ်ကရော…။ 
                                                                                              ဗိုလ်ရဲ 








Flag Counter