အနန္တငါးပါးကို ရှိခိုးပါ၏ ဘုရား …… ။
ကြာနီကန်ဆရာတော်၏ တရားခွေများထဲတွင် ကြားနေရမြဲ ကန်တော့ခန်းလေးမှ အသံပါလေ။ ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာတို့ ဟူသည် အနန္တဂိုဏ်းဝင် ကျေးဇူးကြီးမားသူများ ဖြစ်ကြပါသည်။ ထိုငါးပါးမှ တစ်ပါးပါးကို ပြစ်မှားကျူးလွန်ခဲ့မိပါက ရရှိမည့်အကျိုးအပြစ်များမှာ အတူတူချည်းသာ ဖြစ်သည်။
အဇာတသတ်သည် မိဘကို ပြစ်မှားစော်ကားမိ၍ အပ္ပါယ်ငရဲသို့ သွားရသည်။ သာသနာမှ ကွယ်ပျောက် ခဲ့ရသည်။ ထိပ်လှီးခံရသော ထန်းပင်ကဲ့သို့ ဘ၀ဆုံးခဲ့ရသည်။ သာသနာပ ကာလ၌သာ ရှင်သန်ရတော့မည် ဖြစ်သည်။
ထိုနည်းတူစွာပင် သံဃာဟူသည် အနန္တဂိုဏ်းဝင် ကျေးဇူးရှင်များပင်။ လောကီလူသားတို့၏ အမြင်၌ မိမိတို့၏ အကျိုးစီင်္းပွား(ဥစ္စာဓန) ကို တိုးတက်အောင် ဆောင်ရွက်ပေးနိုင်သူကိုသာလျှင် ကျေးဇူးရှင်အဖြစ် မှတ်ယူတတ်ကြပါသည်။ မိမိတို့၏ ကောင်းကျိုးချမ်းသာကို ရှေးရှု၍ မိမိကခံယူသည်ဖြစ်စေ၊ မခံယူသည်ဖြစ်စေ မငြိုမငြင်၊ မညူစူဘဲ မေတ္တာတရားရှေ့ထားကာ ဆောင်ရွက်ကြိုးပမ်းပေးနေသူများကို သတိမမူမိတတ်ကြပါချေ။ ကျေးဇူးရှင်ဖြစ်သည်ဟုပင် မသိတတ်နိုင်ကြပါချေ။
သံဃာဟူသည် ဘာသာ၊ သာသနာအတွက်ဖြစ်စေ၊ မိမိ၏ တပည့်သားသမီးများအတွက်ဖြစ်စေ၊ သူတစ်ထူးအတွက်ဖြစ်စေ သတ္တ၀ါတို့၏ ကောင်းကျိုးချမ်းသာ ယုတ်လျော့စေမည်ကို မလိုလားပါ။ ထိုထိုသော အခြေအနေများကို မျက်မြင်တွေ့ရပါကလည်း ရှောင်လွှဲသွားမည်မဟုတ်ကြပါ။ အဘယ်ကြောင့်ဆိုသော် သံဃာတော်များဟူသည် သတ္တ၀ါတို့၏ ကောင်းကျိုးချမ်းသာကို ဖြည့်ဆည်းရန်အတွက် လောကီကာမဂုဏ် အာရုံတို့ကိုပင် စွန့်ပစ်ခဲ့ပြီးဖြစ်သောကြောင့် ဖြစ်ပါသည်။ ထို့အတွက်ကြောင့်ပင် အမျိုးဘာသာသာသနာအတွက် အသက်စွန့် စတေးပေးခဲ့သော သာသနာ့အာဇာနည်များမှာ နိုင်ငံနှင့်အ၀ှမ်း၌ သမိုင်းအထောက်အထားခိုင်လုံစွာ မှတ်ကျောက် တင်ထားရှိခဲ့ရသည်မှာ မျက်မြင်ပင်ဖြစ်ပါတော့သည်။ ထိုကဲ့သို့ ကျိုးပမ်းဆောင်ရွက်ခဲ့ကြသော သာသနာ့ အာဇာနည်များကို ဘုန်းကြီးတွေက ဘုန်းကြီးအလုပ်မလုပ်ပဲ လူတွေကိစ္စ ၀င်ဝင်ပါနေတာပဲဟု အမြင်ကျဉ်းမြောင်းစွာ ဝေဖန်ကဲ့ရဲ့ခြင်းသည် ဗုဒ္ဓဘာသာဝင်နိုင်ငံသား တစ်ယောက်အနေနှင့် လွန်စွာရှက်ဖွယ် ကောင်းလှပါသည်။
ထိုမျှသာမက တရားဓမ္မ၊ သံဃာ၊ သင်္ကန်း စသည်တို့သည် ဗုဒ္ဓဘုရားရှင်၏ ကိုယ်ပွားတော်များပင် ဖြစ်သည်ဟု ``လူ´´အများသိထားကြပြီးဖြစ်ပါသည်။ ထိုအရာများထဲမှ မည်သည်ကို ပင်စော်ကားသည်ဖြစ်စေ ဘုရားရှင်အားစော်ကားရာ၊ ရိုင်းပြရာ ကျပေမည်။ နိပါတ်တော်များထဲမှ ဆဒ္ဒန်ဆင်မင်းသည် မိမိအားသတ်၍ မိမိမြတ်နိုးတန်ဖိုးထားရသော အစွယ်ကိုဖြတ်ရန်လာသူမှန်းသိပါလျက်နှင့် သောနုတ္တရမုဆိုး၏ ခန္ဓာကိုယ်ထက်မှ သင်္ကန်းကိုမြင်သောအခါ မိမိ၏ ဘုန်းတန်ခိုးမာန်စွယ်များကို ခ၀ါချကာ မုဆိုးအား မသတ်တော့ဘဲ ခွင့်လွှတ် ပေးခဲ့ပါသည်။ ဤအချက်ကို ထောက်ရှုခြင်းအားဖြင့် ဘာသာ၊ သာသနာနှင့်ပတ်သက် လာပါက မိမိအသက်ကိုပင် နှမြောတွန့်တိုခြင်းကင်းစွာ ပေးကမ်းလှူဒါန်းခဲ့သော ဥပမာကို အတုယူရပေမည်။
မိမိတို့သည် ဗုဒ္ဓဘာသာ မြန်မာလူမျိုးများဖြစ်သည့်အားလျော်စွာ မိမိတို့၏ အမျိုး၊ ဘာသာ၊ သာသနာကို စောင့်ရှောက်ကာကွယ်ရန် တာဝန်ရှိကြသူများဖြစ်သည်ဟု ယုံကြည်လက်ခံထားကြရန်မှာ လူသားဆန်သော အသိတရားပင်ဖြစ်ပါသည်။
ထိုသို့ကာကွယ်စောင့်ရှောက်ရန်မှာလည်း ဆင်ကန်းတောတိုးသကဲ့သို့ ဥာဏ်ပညာကို အသုံးမပြုဘဲ ဆောင်ရွက်ရန် မဖြစ်နိုင်ပါ။ ဘုရားရှင်ဟောကြားခဲ့သော တရားဓမ္မများ၌လည်း ဥာဏ်ပညာသည်သာ ဦးစီးခေါင်းဆောင် ပြုနိုင်ကြောင်း၊ ဥာဏ်ပညာများ ထွန်းလင်းရာ ``စိတ်´´သည်သာ အဓိကကျကြောင်း ဟောကြားခဲ့ပါသည်။ ထိုအထဲတွင် အင်အားဟူသော အဓိပ္ပါယ်ကိုလည်း ကောင်းစွာ အသုံးပြုနိုင်ရန် လိုအပ်ကြောင်း သိထားရပါမည်။ အင်အားဟူသည် ကာယ၊ ဥာဏ အင်အားနှစ်ရပ်လုံးကို ဆိုလိုပါသည်။
ကာယအင်အားနှင့် ဥာဏအင်အား နှစ်ရပ်ပေါင်းကာ စုပေါင်းဆောင်ရွက်ပါမှ အောင်မြင်ခဲ့သော ဥပမာများ များစွာရှိပါသည်။ ဘုရားလောင်း ကုန်သည်ဘ၀ရောက်ခဲ့စဉ်က လှည်းငါးရာနဲ့အတူ ခရီးထွက်ခဲ့ပါတယ်။ ကန္တာရခရီးခဲကို ဖြတ်သန်းရင်း လမ်းချော်ကာ အစာ၊ ရေစာအတွက် အခက်အခဲဖြစ်သွားခဲ့ပါတယ်။ ဘုရားလောင်းဟာ မိမိရဲ့ ဥာဏ်ပညာကို အသုံးပြုပြီး ဟိုဟိုဒီဒီရှာဖွေရင်းမှ တစ်နေရာတွင် နေဇာမြက်စုတစ်စုကို တွေ့ရပါတယ်။ အောက်ကရေဓာတ်ရှိလို့ ပေါက်တာပဲဆိုပြီး ပေါက်တူးနဲ့ တူးခိုင်းပါတယ်။ တူးပေမယ့် ရေကထွက်မလာပါဘူး။ ရေထွက်မလာတဲ့အပြင် ကျောက်ဖျာကခံနေပြန်သေးပါတယ်။ အဲဒီအချိန်မှာ ၀ီရိယနည်းသူများက ဆက်မတူးတော့ဘဲ လက်လျော့လိုက်ကြပါတယ်။
ဘုရားလောင်းက ကျောက်ဖျာကို လေ့လာကြည့်တော့ အောက်မှာရေရှိတယ်ဆိုတာကို သိရပါတယ်။ ဒါကြောင့် တပည့်ငယ်တစ်ယောက်ကို ``အမောင် …. ၀ီရိယကို လျှော့လိုက်ရင် အကုန်လုံးရေမရလို့ သေကုန်လိမ့်မယ်။ အမောင်ကတော့ ၀ီရိယကို မလျှော့ဘဲ ထပ်တူးပါဦး´´ လို့ ခိုင်းလိုက်ပါတယ်။
ဒီလိုနဲ့ ညီငယ်က ကျောက်ဖျာကို ဆက်ခွဲလိုက်ရာ ရေများဒလဟော ထွက်လာပါတော့တယ်။ ဒီတော့မှ သုံးရေ၊ သောက်ရေများ လုံလောက်စွာရရှိခဲ့ကြလို့ အဆင်ပြေချောမွေ့သွားခဲ့ပြီး အသက်ဘေးမှ လွတ်မြောက် ခဲ့ကြရပါတယ်။ဤသို့ လုံ့လ၀ီရိယအား စိုက်ထုတ်ပါက မည်သည့်အခက်အခဲကိုမဆို အောင်မြင်ကျော် ဖြတ်နိုင်ကြောင်း လက်တွေ့ဥပမာများတွေ့ရပါသည်။
ထိုနည်းတူစွာ ``လှည်းဘီးနွံထဲ ကျွံနေသည်၊
လေးလွန်း၍ မတွန်းနိုင်ဘူးလား
ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်။´´
ငယ်စဉ်ကတည်းက ကြားဖူး၊ ဖတ်ဖူး၊ မှတ်ဖူးကြမည်သာပင်။ ထိုမူလတန်းဖတ်စာလေး၌ ကာယ အင်အားကို အဓိကထားဖော်ပြပေးထားပါသော်လည်း ပြိုင်တူတွန်းလျှင်ရွေ့နိုင်သော ထိုနေရာလေးတွင် ဥာဏ်ပညာကို အသုံးပြု၍ ``ကုတ်´´ကိုသာ အသုံးပြုလိုက်ပါက နွံထဲသို့ကျွံနေသော လှည်းဘီးအတွက် လူငါးဦးခန့်တွန်းရမည့်နေရာတွင် လူသုံးဦးလောက်နှင့် ပြီးသွားမည်မှာ သေချာပါသည်။ ထို့ကြောင့် ဥာဏ်ပညာ၏ ခွန်အားမှာ ပို၍ပင်ကြီးမားကြောင်း သိရပါသည်။
ထိုကဲ့သို့ပင် မိမိတို့၏ အမျိုး၊ ဘာသာ၊ သာသနာကို စောင့်ရှောက်ရာ၌လည်း ဥာဏ်ပညာ၏ ခွန်အားကို အသုံးပြုနိုင်ရန်၊ ဘာသာဝင်အချင်းချင်း ညီညွတ်စွာပေါင်းစည်းဆောင်ရွက်နိုင်ရန် သတင်း၊ သတိပေး ရေးသားလိုက်ရပါသည်။








0 comments:
Post a Comment
Comment လေးတစ်ကြောင်းဟာ စာရေးသူအတွက်အားဆေးပါ .. ကျေးဇူးပြုပြီး အခု Post နဲ့ပတ်သက်လို့ စာဖတ်သူရဲ့ အမြင်ကိုလည်း မျှဝေခဲ့ပါဦး ...