STARTING OUR WEBSITE
Published at 1st. JANUARY. 2013

Saturday, May 25, 2013

ပဉ္စလက်မြို့


လပွတ္တာပဲ ခေါ်ခေါ်
ထန်းပင်ရေကျော်ပဲ ပြောပြော
(ကျွန်တော်ချစ်တဲ့) တောမြို့လေး
ရွေးမြစ်ဘေးမှာ ရှိ
နွေပူ ဖုန်ထ
မိုးကျဗွက်ပေါက်
ဆောင်းရောက် တုန်ချမ်း
ရေကြမ်း မြေကြမ်း
မူကြမ်း လူကြမ်း
ရမ်းချင်သလို ရမ်း
စမ်းချင်သလို စမ်း
ဝမ်းမနည်းတတ်တဲ့မြို့

စပါးလည်း မသွက်
ဆားလည်းပျက်
ငါးလည်းမပွက်
ကွဲအက်သွားခဲ့ စီးပွား
မျှော်လင့်ချက်တွေ မှုံဝါး
အရာရာချိနဲ့ သွားပေမယ့်
မညည်းတွားတတ်တဲ့ မြို့
မီးဘေး
ရေဘေး
မင်းဘေး
…… ဘေး
နာဂစ်လား
အားလုံးအေးဆေး
ကျွန်တော်တို့ မြို့လေးက အဲဒီလို
အလျှားလိုက် ဖြန့်ကျက်
ဒေါင်လိုက် ဆန့်ထွက်
သူ့စည်းချက်နဲ့သူ
ပုဝါမကူ
ရေမရှူကြေး
သွေးအေးလွန်းတဲ့ မြို့
``ကိုဒေါင်း´´ ရဲ့ အဖ
``ငဘ´´ ရဲ့ ဖန်တီးရှင်
ဆရာမောင်ထင်ရဲ့ ချက်မြှုပ်
လက်လှုပ်လက်စား
ပါးစပ်လှုပ် ပါးစပ်စား
ဘာမှ မလုပ်ပဲ ထိုင်စား
ကြီးပွားချင်တိုင်း ကြီးပွား
မြို့ဖိ မြို့ဖွ များနဲ့
လူတန်းစား စုံတဲ့ မြို့
အကြော်ဆိုင်
အဖျော်ဆိုင်
ကဇော်ဆိုင်
အဖေါ်ဆိုင်
မြိုင်မြိုင် ဆိုင်ဆိုင်
မြို့လေးမှာ ပိုင်ထား
လူစုံ မူစုံ
အယူုအကုန်ရှိ
တူတာတွေလည်း သိ
မတူတာတွေလည်း ညှိ
ပကတိအတိုင်း
သူ့သိုင်းကွက်နှင့်သူ  `က´
ဂျုံးဂျုံးကျပေမယ့်
ကုန်းရုန်းထရင်း
ပြုံးပြုံးပြတဲ့မြို့

လေအထန်
ရေအဆန်ပေမယ့်
အလံမလှဲ
အံခဲ မာန်တင်း
ငြင်းချင်တိုင်း ငြင်း
ညှင်းချင်တိုင်း ညှင်း
မညင်းတတ်တဲ့ မြို့
မြို့ဟောင်း မြို့သစ်
ဘယ်လိုပဲ ဖြစ်ဖြစ်
ကျွန်တော်ချစ်တဲ့ မြို့လေး
လရောင်ဖွေးဖွေး
လေပြေအေးအေး
ရွေးမြစ်နံဘေးမှာ
ထာဝရ ရှိနေမှာပါ ?


ဗိုရဲ
.
.

1 comment:

  1. ဂျုံးဂျုံးကျပေမယ့်
    ကုန်းရုန်းထရင်း
    ပြုံးပြုံးပြတဲ့မြို့ ....... good

    ReplyDelete

Comment လေးတစ်ကြောင်းဟာ စာရေးသူအတွက်အားဆေးပါ .. ကျေးဇူးပြုပြီး အခု Post နဲ့ပတ်သက်လို့ စာဖတ်သူရဲ့ အမြင်ကိုလည်း မျှဝေခဲ့ပါဦး ...



Flag Counter